Essential tremor (ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်း)

Essential tremor (ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်း)

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းဆိုသည်မှာ ထိန်းချုပ်၍မရသော စည်းချက်ကျကျ တုန်ခါမှုကို ဖြစ်ပေါ်စေသည့် ဦးနှောက်အာရုံကြောဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း လက်တွင် အဖြစ်အများဆုံးဖြစ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် (၄၀)နှစ်နှင့်အထက်တွင် အဖြစ်များသည်။ ပုံမှန်အားဖြင့် အန္တရာယ်ရှိသော အခြေအနေမဟုတ်သော်လည်း အချိန်ကြာလျှင် ပိုမိုသိသာလာပြီး အချို့သူများတွင် ပြင်းထန်နိုင်ကာ နေ့စဉ်ပုံမှန်လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းအားလုံး၏ (၅၀)ရာခိုင်နှုန်းမှာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်။ မျိုးရိုးလိုက်၍ဖြစ်သော တုန်ခါမှု (familial tremor)ဟုလည်းခေါ်ကြသည်။ အကယ်၍ မိဘတစ်ဦးတွင် မျိုးရိုးဗီဇပြောင်းလဲမှုရှိပါက မိမိတွင် ဖြစ်နိုင်ခြေ (၅၀)ရာခိုင်နှုန်းရှိသည်။

ကျန်သော (၅၀)ရာခိုင်နှုန်းတွင် ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျမသိပါ။ သို့သော် ဦးနှောက်၏ အချို့သောအစိတ်အပိုင်းများအကြား ဆက်သွယ်မှု ပြတ်တောက်သောကြောင့် ဖြစ်နိုင်သည်ဟုယူဆကြသည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

အဓိက ရောဂါလက္ခဏာမှာ တုန်ခါမှုဖြစ်သည်။ တုန်ခါမှုမှာ အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်လေ့ရှိသည်။

  • လှုပ်ရှားမှု ပြုလုပ်သည့်အခါ ဖြစ်ပေါ်သောတုန်ခါမှု (Action tremor) (ဥပမာ – ရေခွက်ကို ကိုင်သည့်အချိန်တွင် ဖြစ်ပေါ်သောတုန်ခါမှု)
  • အနေအထားတစ်ခုကို ပုံသေထားသည့်အခါ ဖြစ်ပေါ်သော တုန်ခါမှု (postural tremor) (ဥပမာ – လက်ကိုရှေ့သို့ ဆန့်သည့်အနေအထားမျိုးတွင် ဖြစ်ပေါ်သောတုန်ခါမှု)

တုန်ခါမှုမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး အစပိုင်းတွင် သာမန်မျှသာဖြစ်ပြီး ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နိုင်သည်။ အချိန်ကြာလျှင် ပိုဆိုးလာနိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက် မတူညီနိုင်ပါ။ နားနေသည့်အချိန်တွင် ဖြစ်ပေါ်လေ့မရှိပါ။

တုန်ခါမှုမှာ ပထမဦးစွာ လက်တွင် အများဆုံးဖြစ်ပေါ်လေ့ရှိပြီး လက်တစ်ဖက်တွင် ပိုမိုသိသာသော်လည်း လက်နှစ်ဘက်လုံးတွင် ဖြစ်နိုင်သည်။ ထို့အပြင် ဦးခေါင်း၊ လက်မောင်း၊ အသံအိုး၊ မျက်နှာ၊ ကိုယ်လုံးတို့တွင်လည်း ဖြစ်ပေါ်နိုင်သည်။ ခေါင်းတွင်ဖြစ်ပါက ခေါင်းငြိမ့်၊ ခေါင်းခါသည့် အနေအထားဖြင့် ထိန်းချုပ်၍မရသော တုန်ခါမှု ဖြစ်ပေါ်ခြင်းနှင့် အသံအိုးတွင်ဖြစ်ပါက စကားပြောစဥ် အသံတုန်ခါခြင်းကို ဖြစ်စေနိုင်သည်။

တုန်ခါမှုမှာ အန္တရာယ်မရှိသော်လည်း တုန်ခါမှုပိုဆိုးလာလျှင် နေ့စဥ်လုပ်ငန်းတာ၀န်များကို လုပ်ဆောင်ရာတွင် ထိခိုက်လာသည်။ ဇွန်းကိုင်၍ အစာစားရန်ခက်ခဲခြင်း၊ ရေသောက်ရန် ဖန်ခွက်ကိုင်ရာတွင် ပြုတ်ကျခြင်း၊ အ၀တ်အစား၀တ်ရန်၊ ကြယ်သီးတပ်ရန် ခက်ခဲ ခြင်း၊ စာ‌ရေးရန် အခက်အခဲဖြစ်ခြင်း စသည့် ပြဿနာများကို ကြုံတွေ့ လာရသည်။

တုန်ခါမှုကို ပိုဆိုးစေနိုင်သောအရာများမှာ – ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လှုပ်ရှားမှုများခြင်း၊ ဖျားနာခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း၊ နုံးနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အချို့သောဆေးဝါးများ၊ ဆာလောင်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ ဖြစ်ကြသည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကဲ့သို့ပင် တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်သည့် ပါကင်ဆန်ရောဂါ (Parkinson’s disease)နှင့် ကွာခြားမှုကို သိရှိရန် လိုအပ်သည်။ ပါကင်ဆန်ရောဂါဆိုသည်မှာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များမှ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သည့် ဒိုပါမင်း (dopamine) ဟော်မုန်း လုံလောက်အောင် မထုတ်လုပ်နိုင်သောကြောင့် တုန်ခါမှု ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းနှင့် ပါကင်ဆန်ရောဂါ၏ တုန်ခါမှုခြားနားချက်များမှာ အောက်ပါဇယားအတိုင်း ဖြစ်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲလက်တုန်ခြင်း
(Essential tremor)
ပါကင်ဆန်ရောဂါ
(Parkinson’s disease)
တုန်ခါမှုမှာ လှုပ်ရှားမှု ပြုလုပ်သည့်အခါ ဖြစ်ပေါ်ပြီး အနားယူလိုက်လျှင် သက်သာသည်။တုန်ခါမှုမှာ နားနေသည့်အချိန်တွင် ဖြစ်ပေါ်ပြီး လှုပ်ရှားမှုပြုလုပ်လိုက်လျှင် သက်သာသည်။
ခန္ဓာကိုယ် နှစ်ဘက်လုံးတွင် ဖြစ်ပေါ်နိုင်ပြီး တစ်ဘက်တွင် အနည်းငယ်ပို၍ သိသာသည်။တစ်ဘက်နှင့် တစ်ဘက်ပြိုင်တူဖြစ်လေ့ မရှိပါ။
တုန်ခါမှုမှာ လက်အပြင် ဦးခေါင်း၊ လည်ပင်း တို့တွင် ဖြစ်ပေါ်နိုင်သည်။ ခြေထောက်တွင် မဖြစ်ပါ။တုန်ခါမှုမှာ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဖြစ်ခဲသည်။ တစ်ခါတစ်ရံ ခြေထောက်ပါ၀င်နိုင်သည်။
တုန်ခါမှုကြောင့် စာရေးရာတွင် အခက်အခဲ ဖြစ်နိုင်သည်။ သို့သော် စာလုံးသေးသွားခြင်း မရှိပါ။စာရေးလျှင် စာလုံးများ တဖြည်းဖြည်းနှင့် သေးသွားသည်။ (micrographia)
မျိုးရိုးလိုက်၍ ဖြစ်တတ်သည်။မျိုးရိုးလိုက်လေ့ မရှိပါ
တုန်ခါမှု တစ်မျိုးတည်းသာ ဖြစ်ပေါ်သည်။ အခြား မည်သည့်လက္ခဏာမှ မရှိပါ။တုန်ခါမှုအပြင် အခြားလက္ခဏာများဖြစ်သည့် လှုပ်ရှားမှုနှေးခြင်း၊ တောင့်တင်းခြင်း၊ လမ်းလျှောက်သည့်ပုံစံ (ရှပ်တိုက်ပုံစံ) ပြောင်းလဲပြီး ခန္ဓာကိုယ်ကို စည်းချက်ညီညီ မထိန်းသိမ်းနိုင်ခြင်း တို့ပါဖြစ်ပေါ်သည်။

နောက်ဆက်တွဲပြဿနာများ

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းမှာ အသက်အန္တရာယ်မရှိသော်လည်း အချိန်ကြာလာလျှင် ပိုဆိုးလာပြီး နေ့စဥ်လုပ်ငန်းတာ၀န်များကို ထိခိုက်လာကာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

လက်တုန်ခြင်းကြောင့် နေ့စဥ်လုပ်ငန်းတာ၀န်များကို ထိခိုက်လာလျှင်သော်လည်းကောင်း၊ ပါကင်ဆန်ရောဂါတွင် ဖြစ်ပေါ် သောတုန်ခါမှုနှင့် မခွဲခြားနိုင်လျှင် သော်လည်းကောင်း မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးနိုင်သည်။

ရောဂါရှာဖွေခြင်း

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကို သိရှိနိုင်ရန် ရောဂါရာဇ၀င် (အထူးသဖြင့် မိဘမျိုးရိုးတွင် လက်တုန်ခြင်း ရှိမရှိနှင့် လက်တုန်ခြင်းကြောင့် မိမိ၏ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း ရှိမရှိ) မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ စမ်းသပ်ခြင်းများကို ပြုလုပ်နိုင်သည်။ ဖြစ်ကြောင်းရင်းခံမရှိဘဲ လက်တုန်ခြင်းကို သေချာစေရန် သီးသန့်စစ်ဆေးနိုင်သည့်အရာ မရှိပါ။ အ‌ရေးအကြီးဆုံးမှာ ရောဂါလက္ခဏာဆင်တူသော အခြားရောဂါများမဟုတ်ကြောင်း ခွဲထုတ်သက်သေပြရန် ဖြစ်သည်။ ထို့ကြောင့် လိုအပ်မှသာ သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန် ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် ရိုက်ခြင်း၊ မျိုးရိုးဗီဇစစ်ဆေးခြင်းတို့ကို ပြုလုပ်သည်။

ကုသခြင်း

တုန်ခါမှုကို လျော့ကျစေရန်

  • အနားယူခြင်း
  • အိပ်စက်ခြင်း
  • စိတ်ဖိစီးမှု လျော့နည်းစေရန် တရားထိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းမှာ ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  1. သောက်ဆေး၊ ထိုးဆေးပေးခြင်း
    • beta-blocker, anti-seizures medication, benzodiazepine စသော သောက်ဆေးများ သုံးနိုင်သည်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သောကြောင့် ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်သည်။
    • ဘိုတောက်စ်ထိုးဆေး (Botulinum toxin, Botox injections) – ဦးခေါင်းနှင့် အသံတုန်ခါမှု ရှိသူများတွင် အသုံးပြုလေ့ရှိသည်။ တုန်ခါမှုဖြစ်ပေါ်သောနေရာရှိ ကြွက်သားထဲသို့ ဆေးထိုးခြင်းဖြင့် ကြွက်သားများ ခဏတာအားပျော့ပြီး တုန်ခါမှုကို သက်သာစေသည်။ တစ်ခါဆေးထိုးလျှင် အချိန်သုံးလခန့် သက်သာနိုင်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနှင့် ကြွက်သားအားနည်းခြင်း၊ အသံ၀င်ခြင်း၊ အစာမျိုရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  2. လေ့ကျင့်ခန်းပြုလုပ်ခြင်း
    • ကြွက်သားများ သန်မာစေပြီး ထိန်းချုပ်မှုရှိစေရန် လေ့ကျင့်ခန်းဆရာ၀န်များနှင့် တိုင်ပင်၍ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်။
  3. ခွဲစိတ်ကုသခြင်း
    • တုန်ခါမှုမှာ လွန်စွာပြင်းထန်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်လာပြီး အထက်ဖော်ပြပါနည်းလမ်းများဖြင့် မသက်သာလျှင် ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကို ကာကွယ်၍ ရနိုင်သောနည်းလမ်း ယနေ့အထိ မရှိသေးပါ။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.