Speech delay in children (စကားပြောနောက်ကျသောကလေးများ)

Speech delay in children (စကားပြောနောက်ကျသောကလေးများ)

သာမန်ကလေးတစ်ဦးသည် အသက်တစ်နှစ်အရွယ်ခန့်တွင် “ဖေဖေ” “မေမေ” စသော စကားလုံး တစ်လုံးနှစ်လုံးခန့် စတင်ပြောသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းတိုးတက်လာပြီး အသက် (၂) နှစ်ခန့်တွင် စကားလုံး (၅၀) မှ (၁၀၀) ခန့်ထိ ပြောနိုင်လာသည်။ ထို့အတူ စကားလုံးများ၊ ပြောဆိုခိုင်းစေမှုများကို နားလည်လာသည်။ ကလေးတစ်ဦးနှင့်တစ်ဦး စကားပြောဆိုမှု၊ နားလည်မှု အချိန်အတိအကျ မတူညီသော်လည်း သိသိသာသာ နောက်ကျခြင်း (ဥပမာ-အသက်နှစ်နှစ်အထိ စကားလုံးဝမပြောသောကလေးများ)၊ ပြောပြီး၊ တတ်ပြီးသား စကားများပြန်ပျောက်သွားခြင်း စသည်တို့ရှိလာပါက ဖြစ်ရသောအကြောင်းရင်းကို စစ်ဆေးရှာဖွေသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. အကြားအာရုံချို့တဲ့ခြင်း (Hearing impairment)
    ဘာသာစကားတစ်ခု စတင်ဖွံ့ဖြိုးရန် အကြားအာရုံဖွံ့ဖြိုးမှုလိုအပ်သည်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် မိခင်ထံမှ သန္ဓေသားဆီ ပိုးမွှားကူးစက်ခြင်း၊ ဆေးဝါးများ၊ မွေးဖွားစဉ်ခက်ခဲခြင်း၊ အလွန်အမင်းအသားဝါခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ကြောင့် အကြားအာရုံချို့တဲ့နိုင်သည်။ အကြားအာရုံချို့တဲ့သော ကလေးများသည် ဘာသာစကားကိုအသုံးပြု၍ အပြန်အလှန်ဆက်သွယ်ခြင်း မပြုနိုင်သော်လည်း ကိုယ်ခန္ဓာနှင့်မျက်နှာအမူအရာတို့ကို ကောင်းစွာနားလည်အသုံးပြုနိုင်သည်။ ပါးစပ်လှုပ်ရှားမှုကို ကြည့်ပြီး ပြောစကားကိုခန့်မှန်းနိုင်သည်။
  2. အထွေထွေဖွံ့ဖြိုးမှု နောက်ကျခြင်း (global developmental delay – GDD) နှင့် အသိဉာဏ်ဖွံ့ဖြိုးမှု နောက်ကျခြင်း (Intellectual disability – ID)
    ရောဂါအခြေအနေတစ်ခုခုကြောင့် အထွေထွေဖွံ့ဖြိုးမှု နောက်ကျသောကလေးများသည် အထိုင်၊ အထ၊ လမ်းလျှောက်၊ စကားပြောအားလုံး နောက်ကျလေ့ရှိသည်။ အသိဉာဏ်ဖွံ့ဖြိုးမှု နည်းပါးသော ကလေးများတွင်လည်း စကားပြောနောက်ကျနိုင်သည်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ဖြစ်ပွားသော ရောဂါအခြေအနေများကြောင့် အသိဉာဏ်နှင့် အထွေထွေဖွံ့ဖြိုးမှုတို့ နောက်ကျနိုင်သည်။
  3. အော်တစ်ဇင် (Autism)
    အော်တစ်ဇင်ကလေးများသည် ဘာသာစကားဖွံ့ဖြိုးမှု၊ အပြန်အလှန်ပေါင်းသင်းဆက်ဆံမှု၊ အမူအရာ၊ အစွဲအလမ်း၊ အာရုံခံစားမှုစသည်တို့ ပုံမမှန်ဖြစ်လေ့ရှိသည်။ စကားပြောနောက်ကျခြင်း၊ ပြောပြီးစကားများ ပြန်ပျောက်သွားခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်မှု မရှိခြင်း စသည်တို့ တွေ့ရသည်။ ထင်မြင်ယူဆချက် အမျိုးမျိုးရှိသော်လည်း ယခုအချိန်အထိ မည်သည့်အကြောင်းကြောင့် အော်တစ်ဇင်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးပါ။ တချို့သုတေသနများမှ မျိုးရိုးဗီဇသည် အော်တစ်ဇင်ဖြစ်ရခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု တွေ့ရှိခဲ့သော်လည်း အမြဲမျိုးရိုးလိုက်သည်ဟု တိတိကျကျ မပြောနိုင်ပါ။ အချို့အော်တစ်ဇင်များတွင် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားချိန် ပြဿနာများ၊ မွေးပြီးနောက်ပိုင်း သန္ဓေသားနှင့် ကလေး ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေတချို့နှင့် ဆက်စပ်ကြောင်း တွေ့ရှိရသည်။
  4. ဘာသာစကားဖွံ့ဖြိုးမှုနှင့် ပေါင်းသင်းဆက်ဆံမှု နောက်ကျသော မွေးရာပါအခြေအနေများ (developmental language disorder or delay, social communication disorder)
    ဤအခြေအနေနှစ်ခုသည် အော်တစ်ဇင်နှင့် မှားနိုင်သော အခြေအနေများဖြစ်သည်။ Developmental language disorderတွင် စကားပြောနောက်ကျသော်လည်း အခြားသောနယ်ပယ်များ (ဥပမာ- ပေါင်းသင်း ဆက်ဆံရေး၊ အပြန်အလှန်တုံ့ပြန်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အမူအရာ) စသည်တို့မှာ ပုံမှန်ဖြစ်သည်။ အမူအကျင့်နှင့် စိတ်ဝင်စားမှု၊ စွဲလမ်းမှု၊ အာရုံခံစားမှုပြဿနာများလည်းမရှိပါ။
    Social communication disorder တွင် အော်တစ်ဇင်နှင့်တူသောအချက်မှာ ပေါင်းသင်းဆက်ဆံမှုနှင့် အပြန်အလှန်တုံ့ပြန်မှုနယ်ပယ် နောက်ကျခြင်း၊ ပုံမမှန်ခြင်းများဖြစ်သည်။ သို့သော် အော်တစ်ဇင်၏ အခြားလက္ခဏာများဖြစ်သော အမူအကျင့်နှင့် စိတ်ဝင်စားမှု၊ စွဲလမ်းမှု၊ အာရုံခံစားမှု ပြဿနာများမရှိပါ။
  5. မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်း (congenital bilateral perisylvian syndrome)
    ဦးနှောက်၏ ဘာသာစကားဖွံ့ဖြိုးမှုနှင့် ဆိုင်သောနေရာ ကောင်းစွာဖွံ့ဖြိုးမှုမရှိသည့်အတွက် စကားပြောနောက်ကျသည်။ အခြားဦးနှောက်အာရုံကြော လက္ခဏာများဖြစ်သော အတက်ရောဂါ၊ ဦးခေါင်းပိုင်းဆိုင်ရာ အာရုံကြောများအားနည်းခြင်း စသည်တို့နှင့် တွဲပြီးတွေ့ရသည်။
  6. ကလေး၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်သည့် အခြေအနေများနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများ (Deprivation, attachment disorder, anxiety,etc.)
    အကြောင်းအမျိုးမျိုးကြောင့် မိဘမှပစ်ပယ်ထားခြင်းခံရသော၊ မိဘနှင့်ဝေးနေသော ကလေးများ၊ မိဘနှင့်အထိအတွေ့ အလွန်နည်းသောကလေးများ၊ ပတ်ဝန်းကျင်တွင် စိတ်မချမ်းသာစရာ၊ စိုးရိမ်သောကများစရာများ ရှိနေသော ကလေးများ၏ ဘာသာစကားဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေးပိုင်း နောက်ကျခြင်း ဖြစ်နိုင်သည်။
  7. အခြားသော ပတ်ဝန်းကျင်အခြေအနေများ
    Screen timeများခြင်း၊ ကစားဖော်မရှိခြင်း၊ ကလေးတစ်ဦးတည်းသာနေရခြင်း သို့မဟုတ် အိမ်ဖော်နှင့်ထားပြီး အိမ်ဖော်မှလည်း ကလေးကိုမစောင့်ရှောက်ခြင်း စသည့်အခြေအနေများသည် ကလေးတစ်ဦး၏စကားပြောဆိုမှုကို နှောင့်နှေးစေသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုသည်။ အထူးသဖြင့် ပြောပြီးသားစကား ပြန်ပျောက်သွားသောကလေးများ၊ သိသိသာသာ စကားပြောနောက်ကျသော ကလေးများ၊ အခြားဦးနှောက်အာရုံကြောပြဿနာများနှင့် တွဲနေသော ကလေးများကို ပို၍စောစီးစွာ ပြသသင့်သည်။ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်များမှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ဦးနှောက်အာရုံကြောလက္ခဏာများ စစ်ဆေးခြင်း၊ ကလေးဖွံ့ဖြိုးမှု စစ်ဆေးခြင်း စသည်တို့ ပြုလုပ်သည်။ စကားပြောနောက်ကျသော ကလေးတိုင်းကို နားကြား၊ မကြား စမ်းသပ်သင့်သည်။ ကလေး၏ လက္ခဏာအခြေအနေများပေါ် မူတည်ပြီး အော်တစ်ဇင် စစ်ဆေးခြင်း၊ သံလိုက်ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် စသည်တို့ရိုက်ကူးခြင်းများ လိုအပ်နိုင်သည်။

ကုသခြင်း

စကားပြောနောက်ကျစေသော နောက်ခံရောဂါအခြေအနေပေါ် မူတည်ပြီး ကုသရသည်။ စကားပြောလေ့ကျင့်ခန်းများ၊ အမူအကျင့်ဆိုင်ရာလေ့ကျင့်ခန်းများ လိုအပ်သည်။ ထိုကလေးများအတွက် သီးသန့်လေ့ကျင့်ပေးသော ကျောင်းများတွင် လေ့ကျင့်သင်ကြားနိုင်သည်။

ကာကွယ်ခြင်း

စကားပြောနောက်မကျရန် အပြည့်အဝ ကာကွယ်၍ မရသော်လည်း အောက်ပါတို့ကို အကြံပြုလိုသည်။

  • မိဘများသည် မိမိကလေးနှင့် အချိန်များများနေပေးပါ
  • ကလေးကို စကားပြောပါ
  • ကလေးနှင့် ကစားပါ
  • ကလေးစူးစမ်းမေးမြန်းလာလျှင် တုံ့ ပြန်ပါ
  • ကလေးစူးစမ်းခွင့်ရရှိနိုင်ရန် ကစားစရာမျာ၊ ပုံစာအုပ်များ၊ အိပ်ရာဝင်ပုံပြင်များ၊ ကလေးချော့တေးများ၊ ကဗျာများနှင့် ထိတွေ့ပေးပါ၊ Screen time ကိုလျှော့ချပါ

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.