Weakness of limbs (ခြေ၊ လက်များ အားနည်းခြင်း)

Weakness of limbs (ခြေ၊ လက်များ အားနည်းခြင်း)

ခြေ၊ လက် အားနည်းခြင်း ဆိုသည်မှာ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြား သတင်းပေးပို့သည့် အာရုံကြောကွန်ရက်စနစ် ပြတ်တောက်ခြင်းကြောင့် ခြေထောက်နှင့် လက်များရှိ ကြွက်သားများ အားနည်းလာရခြင်း ဖြစ်သည်။

အားနည်းသည့် ခြေထောက်နှင့် လက်ပေါ်မူတည်၍

  • ခြေထောက် (သို့မဟုတ်) လက် တစ်ဖက်တည်း အားနည်းခြင်း (monoparesis)
  • ခြေထောက်နှစ်ဖက်လုံး အားနည်းခြင်း (paraparesis)
  • ခန္ဓာကိုယ် တစ်ခြမ်းတည်းရှိ ခြေထောက်နှင့် လက် အားနည်းခြင်း (hemiparesis)
  • ခြေထောက်နှင့် လက် လေးဖက်စလုံး အားနည်းခြင်း (quadriparesis) ဟု ခေါ်သည်။
    အားနည်းခြင်းဖြစ်ပေါ်စေသည့် အချိန်ကာလပေါ်မူတည်၍
  • ရုတ်တရက် ခြေ၊လက် အားနည်းခြင်း (acute weakness of limbs)
  • နာတာရှည် ခြေ၊လက် အားနည်းခြင်း (chronic weakness of limbs) ဟု သတ်မှတ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. လေဖြတ်‌ရောဂါ (Stroke)
    ဦးနှောက်သို့ သွားသော သွေးစီးဆင်းမှု ပြတ်တောက်ခြင်း (သို့မဟုတ်) ဦးနှောက်တွင် သွေးထွက်ခြင်းတို့ကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခြမ်းရှိ ခြေထောက်နှင့် လက်များ ရုတ်တရက် အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။ ခြေ၊ လက် အားနည်းခြင်းနှင့်အတူ မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ စကားပြောခက်ခဲခြင်း၊ ထုံကျဥ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း‌၊ ပျို့အန်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ် နိုင်သည်။
  2. ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းဆိုင်ရာ ရောဂါများ (Autoimmune diseases)
    ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းသည် ဗိုင်းရပ်စ်ပိုး (သို့မဟုတ်) ဘက်တီးရီးယားပိုးနှင့် ကိုယ်ခံအားစနစ်တို့ အချင်းချင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ခြေ၊ လက်အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အဖြစ်များသော ကိုယ်ခံအားစနစ် တုံ့ပြန်ခြင်းဆိုင်ရာရောဂါများမှာ
    • ပုံမမှန်ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain Barre syndrome)
      ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ အာရုံကြောစနစ်ကို မူမမှန်တုံ့ပြန် တိုက်ခိုက်သောကြောင့် ခြေထောက်နှစ်ဖက်လုံးတွင် အားနည်းခြင်းနှင့် ထုံကျဥ်ခြင်းတို့ကို ခံစားရသည့် ရောဂါတစ်ခုဖြစ်သည်။ အားနည်းခြင်းမှာ ခြေထောက်နှစ်ဖက်တွင် စတင်ဖြစ်ပေါ် ပြီး အထက်သို့တက်လာကာ ခြေ၊ လက် လေးဖက်လုံး အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ခြေလက်အားနည်းခြင်းနှင့်အတူ ထုံကျဥ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ အစာမျိုရန် ခက်ခဲခြင်း၊ ဆီးဝမ်းထိန်းရန်ခက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
    • မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis)
      ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်း၏ တိုက်ခိုက်မှုကြောင့် အာရုံကြောနှင့် ကြွက်သား ဆက်သွယ်မှုစနစ် ပြတ်တောက်ပြီး ဖြစ်ပေါ်လာသော နာတာရှည်ရောဂါတစ်ခုဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၄၀) အောက်အမျိုးသမီးများနှင့် အသက် (၆၀) အထက်အမျိုးသားများတွင် အဖြစ်များသည်။ ခြေလက်များအားနည်းခြင်းနှင့်အတူ မျက်ခွံရှိကြွက်သားများ အားနည်းခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ အစာမျိုရန်ခက်ခဲခြင်းတို့ ဖြစ်ပေါ် ပြီး အသက်ရှူရန်အသုံးပြုသော ကြွက်သားများ အားနည်းလျှင် အသက်ရှူရခက်ခဲပြီး အသက်အန္တရာယ်ရှိနိုင်သည်။
    • အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသော အလွှာပျက်စီးခြင်းကြောင့် ခြေလက်အားနည်းခြင်း (Multiple sclerosis)
      ကိုယ်ခံအားစနစ်၏ တုံ့ပြန်ခြင်းစနစ်သည် အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသောအလွှာကို တိုက်ခိုက်သောကြောင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ကြား ဆက်သွယ်မှုပြတ်တောက်ပြီး အာရုံကြောမျှင်များ ရာသက်ပန် ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဦးနှောက်နှင့် အာရုံကြောအတွင်း ထိခိုက်သည့်နေရာနှင့် အာရုံကြောမျှင်များထိခိုက်မှု ပြင်းထန်နှုန်းပေါ် မူတည်၍ ရောဂါလက္ခဏာများ အမျိုးမျိုး ကွဲပြားနိုင်သည်။ ခြေထောက်တစ်ဖက်တွင် အားနည်းခြင်း စတင်ဖြစ်ပေါ်သော်လည်း နှစ်ဖက်လုံးတွင်လည်း ဖြစ်နိုင်သည်။ ခြေလက်များ ထုံကျဥ်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အရာဝတ္ထု နှစ်ထပ်မြင်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ရောဂါလက္ခဏာများမှာ ပေါ်လာလိုက် ပျောက်သွားလိုက် (relapsing- remitting) ဖြစ်နေနိုင်ပြီး အချိန်ကြာလာသောအခါ (၁၀နှစ်မှ နှစ် ၂၀ အတွင်း) တဖြည်းဖြည်း ပိုဆိုးလာနိုင်သည်။
  3. ပါကင်ဆန် ရောဂါ (Parkinson’s disease)
    ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များမှ ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်း (dopamine)ကို လုံလောက်အောင် မထုတ်လုပ်နိုင်သောအခါ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်ပေါ်စေသော ရောဂါဖြစ်သည်။ လှုပ်ရှားမှုနှေးကွေးခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်းတို့အပြင် လက်တုန်ခါခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ ကိုယ်ဟန်အနေအထား ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  4. ကျောရိုးနှင့် သက်ဆိုင်သော အခြေအနေများ (Spinal conditions)
    ကျောရိုးနှင့် ကျောရိုးအာရုံကြောမကြီးကို ထိခိုက်ပြီး ခြေလက်အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သော အခြေအနေများမှာ
    • အာရုံကြောညှပ်ခြင်း (pinched nerve)
    • ခြေထောက် အာရုံကြောမကြီး (sciatic nerve) ရောင်ခြင်း၊ ပိခြင်း (sciatica)
    • ကျောရိုးထိခိုက်ဒဏ်ရာရခြင်းနှင့် ခြေထောက် ထိခိုက်ဒဏ်ရာရခြင်း (spine and leg injury)
    • ကျောရိုးဆစ်ကြားရှိ အရည်အိတ် (discs) ပေါက်ထွက်ပြီး အာရုံကြောပိခြင်း (herniated or slipped discs) တို့ ဖြစ်ကြသည်။
      အထက်ဖော်ပြပါ အခြေအနေများတွင် အာရုံကြောများ ဖိမိသောအခါ ခါးနာခြင်း၊ တင်ပါးနာကျင်ခြင်းနှင့် ခြေချောင်းတစ်လျှောက် နာကျင်ခြင်းကြောင့် လှုပ်ရှားမှု လျော့နည်းလာသည်။ လှုပ်ရှားမှု ပြုလုပ်သည့်အခါ ပိုမိုနာကျင်နိုင်ပြီး ကြွက်သားအားနည်းခြင်း၊ ထုံကျဥ်ခြင်းများလည်း ဖြစ်နိုင်သည်။
    • ကျောရိုး အာရုံကြောမကြီး ပိခြင်း (spinal cord compression)

      အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ကျောရိုး အာရုံကြောမကြီးအား ပိမိလျှင် ခြေလက်အားနည်းခြင်း ဖြစ်နိုင်သည်။
      • ကျောရိုးစောင်းခြင်း (scoliosis)
      • ကျောရိုးတွင် အရိုးကျီးပေါင်းကြောင့် အရိုးအတက်ထွက်ခြင်း (bone spurs on the spine due to osteoarthritis)
      • ကျောရိုးဆစ် ကျိုးခြင်း (broken vertebra)
      • ခါးရိုးတီဘီ ရောဂါ (spinal tuberculosis)
      • ကျောရိုး ကင်ဆာဖြစ်ခြင်း (spinal tumour)
      • ခန္ဓာကိုယ်တွင်း အခြားကင်ဆာ‌ရောဂါများမှ ကျောရိုးဆစ်သို့ ပျံ့နှံ့လာခြင်း (metastasis to the spine)
        ကျောရိုး အာရုံကြောမကြီးပိခြင်းကြောင့် ခြေလက်အားနည်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်းအပြင် ကျောရိုးတစ်လျှောက် စူးပြီးနာကျင်ခြင်း (နာကျင်မှုကြောင့် အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရာမှ နိုးလာခြင်း)၊ ထုံကျဥ်ခြင်း၊ ဆီးဝမ်းထိန်းသိမ်းရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။
  5. လှုပ်ရှားမှုဆိုင်ရာ အာရုံကြောများ ပျက်စီးသည့်ရောဂါ (Amyotrophic lateral sclerosis)
    ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးအတွင်းရှိ အာရုံကြောဆဲလ်များ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အာရုံကြောရောဂါ ဖြစ်သည်။ ကြွက်သားများတုန်ခါခြင်း (muscle twitching) နှင့် ခြေထောက်အားနည်းခြင်းများ စတင်ဖြစ်ပေါ်ကာ အစာမျိုရခက်ခဲခြင်း၊ စကားပြော လုံးထွေးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ် နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
  6. အာရုံကြောငယ်များ အားနည်းခြင်း (Peripheral neuropathy)
    ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်းနှင့် အချို့သောရောဂါ (ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)၊ အာဟာရချို့တဲ့ခြင်း အစရှိသော အခြေအနေများတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး ပြင်ပရှိ အခြားအာရုံကြောများ ထိခိုက်သောအခါ ဖြစ်ပေါ်လာသည်။ ခြေထောက်နှင့် လက်များတွင် ထုံကျဥ်ခြင်းများ စတင်ဖြစ်ပေါ်ကာ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းသို့ ပျံ့နှံ့သွားနိုင်သည်။ ခြေလက်များအားနည်းခြင်းနှင့်အတူ စူးရှစွာ နာကျင်ခြင်း၊ ပူလောင်သကဲ့သို့ ခံစားရခြင်းနှင့် ညဘက်တွင် နာကျင်မှု ပိုဆိုးနိုင်သည်။
  7. ကြွက်သားအားနည်းခြင်း (myopathy)
    အောက်ဖော်ပြပါ ကြွက်သားအားနည်းသည့် အခြေအနေများကြောင့် ခြေလက်အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။
    • ကြွက်သားများရောင်ရမ်းခြင်း (polymyositis)
    • ဘက်တီးရီးယားပိုးကြောင့် ကြွက်သားအားနည်းခြင်း (Lyme disease)
    • သိုင်းရွိုက်ရောဂါ (thyroid disease)
    • ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းဆိုင်ရာရောဂါများ (ရူးမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis)၊ အက်စ်လယ်အီး (SLE) ရောဂါ)
    • မွေးရာပါ ကြွက်သားအားနည်းရောဂါ (ဥပမာ – myotonic dystrophy, muscular dystrophy)
    • သတ္တုဓာတ်လျော့နည်းခြင်း (ဥပမာ – ပိုတက်ဆီယမ်ဓာတ်နည်းခြင်း (hypokalemia))
      အများစုမှာ တဖြည်းဖြည်းခြင်းဖြစ်ပေါ် ပြီး အချိန်ကြာလာသောအခါ ပိုဆိုးလာနိုင်သော်လည်း အချို့မှာရက်ပိုင်း (သို့မဟုတ်) ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပိုဆိုးလာတတ်သည်။
  8. အဆိပ်သင့်ခြင်း (toxicity)
    အချို့သောဆေးများကို အလွန်အကျွံသောက်ခြင်း သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်ပြုခြင်းကြောင့် ခြေလက်အားနည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ခြေလက်အားနည်းခြင်း‌ ဖြစ်ပေါ်စေနိုင်သောဆေးများမှာ
    • ကင်ဆာရောဂါ ကုသသောဆေးများ (chemotherapy)
    • သွေးတွင်း အဆီချဆေး (statins)
    • စတီးရွိုက် (steroids)
    • ဗိုင်းရပ်စ် ပိုးသတ်ဆေးများ (anti-virals) တို့ဖြစ်ကြသည်။
      ဆေးများအပြင် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရာများတွင် ဓာတုသန့်စင်ဆေးရည် (cleansing chemicals)၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ၊ ခဲသတ္တုဓာတ်နှင့် အရက်အလွန်အကျွံသောက်ခြင်း တို့ပါဝင်သည်။ ခြေလက်အားနည်းခြင်းအပြင် ကြွက်သားများ နာကျင်ခြင်း၊ သွေးတွင်းသကြားဓာတ် များခြင်း၊ ဓာတ်မတည့်ခြင်း တို့ကိုလည်းဖြစ်စေနိုင်သည်။
  9. ကင်ဆာရောဂါ
    • ခြေလက်အားနည်းခြင်းကို ဦးနှောက် (သို့မဟုတ်) ကျောရိုးအာရုံကြောမကြီး အလုံးအကျိတ်ကင်ဆာရောဂါများတွင် အဓိကတွေ့ရပြီး ခန္ဓာကိုယ် အခြားနေရာများရှိ ကင်ဆာရောဂါများမှ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးသို့ ပျံ့နှံ့လာလျှင်လည်း ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ခြေလက်များအားနည်းခြင်းနှင့်အတူ အထက်ပါအခံရောဂါများ၏ လက္ခဏာများ ရုတ်တရက်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြီး အ‌‌‌ရေးပေါ် ဆေးကုသမှုခံယူရန် အ‌‌ရေးကြီးသည်။ ကုသမှုရရှိချိန် စောမှသာ နောက်ဆက်တွဲပြဿနာများ နည်းပါးမည်ဖြစ်သည်။

နာတာရှည် ခြေ၊လက် အားနည်းခြင်းလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ခြေလက်များအားနည်းရသည့် အကြောင်းရင်းများသည် ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီး၊ အာရုံကြောနှင့် ကြွက်သားရောဂါများကြောင့် ဖြစ်သည်။ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြော လက္ခဏာများ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်ပြီးလျှင် ဖြစ်နိုင်ခြေရှိသော အစိတ်အပိုင်းနှင့် ရောဂါပေါ် မူတည်ပြီး သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, EMG)၊ မျိုးရိုးဗီဇ စစ်ဆေးခြင်း၊ ကြွက်သားအသားစယူ၍ စစ်ဆေးခြင်း စသည်တို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

ခြေလက်များ အားနည်းရသည့် အကြောင်းရင်းရောဂါများကို ကုသရန်လိုသည်။ တချို့သောရောဂါများ (ဥပမာ – ပါကင်ဆန်ရောဂါ) သည် ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ရောဂါလက္ခဏာများ သက်သာစေရန် ဆေးဝါးများဖြင့် ထိန်းနိုင်သည်။

ဆေးအသစ်စတင်ပြီး ခြေလက်အားနည်းခြင်းများ ဖြစ်ပေါ်လျှင် ဆေးကိုချက်ချင်းရပ်ပြီး ဆရာဝန်နှင့် တိုင်ပင်၍ ဆေးအမျိုးအစား ပြောင်းခြင်း၊ ဆေးပမာဏ လျှော့ချခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ အားနည်းသော၊ မလှုပ်နိုင်သော ခြေ၊လက်များကို လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် တိုးတက်အောင်၊ ပိုမဆိုးအောင် လုပ်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

stroke – လေဖြတ်ခြင်းရောဂါ
parkinson’s-disease – ပါကင်ဆန်ရောဂါ
myasthenia-gravis – မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ
guillain-barre-syndrome(adult) – မူမမှန် တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.