ပြန်ရည်ကျိတ်ကြီးခြင်းသည် ခန္ဓာကိုယ်ထဲ ရောဂါပိုးများ ဝင်ရောက်သောအခါ ခန္ဓာကိုယ်မှ သဘာဝအလျောက် တုံ့ပြန်ခြင်း သို့မဟုတ် အခြားရောဂါတစ်မျိုးမျိုး (အထူးသဖြင့် သွေးနှင့် ကင်ဆာရောဂါများ) ကြောင့်ဖြစ်သည်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် သိသိသာသာ စမ်း၍ရသောအကျိတ်များ ရှိသကဲ့သို့ ရင်ဘတ်၊ ဝမ်းဗိုက်တို့အတွင်း၌လည်း အကျိတ်များရှိနေနိုင်သည်။ ပြန်ရည်ကျိတ်ကြီးခြင်းကို တစ်နေရာတည်းတွင် သီးသန့် ကြီးခြင်း (localized lymphadenopathy)နှင့် နေရာအနှံ့အပြား (နှစ်နေရာနှင့် အထက်)တွင် ကြီးခြင်း (generalized lymphadenopathy)ဟူ၍ ခွဲခြားထားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပြန်ရည်ကျိတ်ကြီးခြင်းကို အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းမှာ ရောဂါပိုးဝင်ခြင်း ဖြစ်သည်။ ပြန်ရည်ကြောစနစ်သည် ခုခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရောဂါပိုးကို ခုခံတိုက်ခိုက်ရာတွင် ပါဝင်သည်။ ရောဂါပိုးဝင်သောအခါ ပြန်ရည်ကျိတ်အတွင်းရှိ ဆဲလ်များနှင့် အရည်များ စုမိသောကြောင့် ကြီးလာရခြင်းဖြစ်သည်။ ပြန်ရည်ကျိတ်ကြီးသောနေရာပေါ် မူတည်၍ ဖြစ်ပေါ်စေသော ရောဂါပိုးကို ခန့်မှန်းဖော်ထုတ်နိုင်သည်။ ဥပမာအားဖြင့် သွားနှင့် ခံတွင်းတွင် ရောဂါပိုးဝင်လျှင် မေးရိုးတစ်လျှောက်တွင် ပြန်ရည်ကျိတ်များ ကြီးလာနိုင်သည်။
အဖြစ်များသောရောဂါပိုးများမှာ သာမန်အအေးမိခြင်း (common cold)၊ အာသီးရောင်ခြင်း (tonsillitis)၊ နားပိုးဝင်ခြင်း (ear infection)၊ လည်ပင်းနာခြင်း (strep throat)၊ အရေပြားပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတွင် ပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း (ဥပမာ- ဝက်သက်၊ ဂျိုက်သိုး)တို့ ဖြစ်ကြသည်။ ထို့ပြင် တီဘီရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ [ကာလသားရောဂါ (syphilis)၊ အိပ်ချ်အိုင်ဗွီရောဂါ (HIV)]တို့တွင်လည်း ဖြစ်နိုင်သည်။
ရောဂါပိုးဝင်ခြင်းအပြင် ခုခံအားဆိုင်ရာ ရောဂါများ [ရူမတွိုက် အဆစ်ရောင်ရောဂါ (rheumatoid arthritis)၊ အက်စ်အယ်လ်အီး (SLE) ရောဂါ]နှင့် ကင်ဆာရောဂါများ (သွေးကင်ဆာ – leukaemia, lymphoma၊ ဦးခေါင်းနှင့် လည်ပင်းတွင်ဖြစ်သော ကင်ဆာများ (head and neck cancers)၊ အခြားနေရာရှိ ကင်ဆာများမှ ပျံ့နှံ့လာခြင်း (metastatic cancer) တို့ကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ အချို့သောဆေးဝါးများ (allopurinol, carbamazepine)၏ ဘေးထွက်ဆိုးကျိုးအနေနှင့်လည်း ပြန်ရည်ကျိတ်များ ကြီးလာနိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ပြန်ရည်ကျိတ်ကြီးခြင်းသည် ခန္ဓာကိုယ်နေရာ အနှံ့အပြားတွင် ဖြစ်ပေါ်နိုင်ပြီး အဖြစ်များသောနေရာများမှာ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနှင့် မေးစေ့အောက် အစရှိသော နေရာများတွင် စမ်းမိတတ်ကြသည်။ ပြန်ရည်ကျိတ်ကြီးသည့်အပြင် နာကျင်ခြင်းနှင့် ပြန်ရည်ကျိတ်ကြီးခြင်း ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်း၏ ရောဂါလက္ခဏာများလည်း ရှိနေနိုင်သည် (ဥပမာ – အသက်ရှူလမ်းကြောင်း ပိုးဝင်လျှင် ဖျားခြင်း၊ လည်ပင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်)။ ထိုအကျိတ်များမှ လေပြွန်ကိုဖိမိပြီး အသက်ရှူခက်ခြင်း၊ လည်ပင်းသွေးပြန်ကြောမကြီးကို ဖိမိပြီး မျက်နှာဖောင်းတင်းလာခြင်း တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
သာမန်ရောဂါပိုးများကြောင့် ပြန်ရည်ကျိတ်ကြီးခြင်းသည် များသောအားဖြင့် တစ်ပတ် မှ နှစ်ပတ်အကြာတွင် သက်သာလေ့ရှိသည်။ သို့သော် ပြန်ရည်ကျိတ်ကြီးခြင်းသည် နှစ်ပတ်ကျော်အထိ ဆက်တိုက်ရှိနေပြီး အရွယ်အစားပိုကြီးလာခြင်း၊ ပိုမာလာခြင်းနှင့် ဖိလိုက်လျှင် မရွေ့လျားခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း၊ အစားပျက်ခြင်း စသည်တို့ဖြစ်ပါက ကင်ဆာရောဂါကဲ့သို့ ပိုမိုပြင်းထန်သော အခြေအနေများဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး ရောဂါရှာဖွေ ကုသမှုခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ပြန်ရည်ကျိတ်ကြီးခြင်း ဖြစ်ပေါ်ရသောအကြောင်းရင်းကို ရှာဖွေရန် ရောဂါရာဇဝင် သေချာစွာ မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းနှင့် ပြန်ရည်ကျိတ်များကို စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး လိုအပ်သော သွေးများစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ရှာဖွေနိုင်သည်။ လိုအပ်ပါက ကြီးလာသော ပြန်ရည်ကျိတ်ကို အသားစယူ၍ စစ်ဆေးခြင်း (lymph node biopsy)တို့ဖြင့် တိကျသောအကြောင်းရင်းကို ရှာဖွေနိုင်သည်။
ကုသခြင်း
ပြန်ရည်ကျိတ်ကြီးခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ် မူတည်၍ ကုသရသည်။
- ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ပြန်ရည်ကျိတ်ကြီးလျှင် များသောအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုး သက်သာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် (အချိန် တစ်ပတ်မှ နှစ်ပတ်ခန့်ကြာတတ်သည်)။
- ပြင်းထန်သော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်လျှင် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူရမည်။
- ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင်သောက်ရန် လိုအပ်သည်။
- ခုခံအားဆိုင်ရာရောဂါကြောင့် ဖြစ်ပါက သက်ဆိုင်ရာရောဂါအတွက် ကုသမှု ခံယူရမည်။
- ကင်ဆာရောဂါများကြောင့် ဖြစ်ပါက ကင်ဆာအမျိုးအစားပေါ် မူတည်၍ ကင်ဆာဆေးဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ ပြုလုပ်နိုင်သည်။
- ပြန်ရည်ကျိတ်မှာ နာကျင်ပါက အကိုက်အခဲပျောက်ဆေး (ပါရာစီတမော-paracetamol၊ အိုင်ဗျူပရိုဖန်-ibuprofen) သောက်ခြင်း၊ ရေနွေးဝတ်ကပ်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
- လုံလောက်အောင်အနားယူခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်များစားခြင်း၊ နှစ်ခြိုက်စွာအိပ်ခြင်းတို့ဖြင့် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ရမည်။
ကာကွယ်ခြင်း
ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် မကြာခဏ လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်နေထိုင်ခြင်းနှင့် အထက်တွင်ဖော်ပြထားသည့်အတိုင်း ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.