Clubbing (လက်ချောင်းတင်းပုတ်)

Clubbing (လက်ချောင်းတင်းပုတ်)

လက်ချောင်းတင်းပုတ် ဆိုသည်မှာ လက်ချောင်းထိပ်ရှိ တစ်ရှူးများ ရောင်ရမ်းပြီး ဖောင်းလာခြင်းကြောင့် အောက်ပုံတွင် ဖော်ပြထားသည့်အတိုင်း လက်ထိပ်သည် တင်းပုတ်ပုံစံ ဖြစ်နေခြင်းဖြစ်သည်။

Clubbing image

လက်ချောင်းတင်းပုတ် (Clubbing) ကို အဆင့် (၄) ဆင့် ခွဲခြားထားသည်။

  • အဆင့် (၁) လက်သည်းအောက်ခြေ ပျော့လာခြင်း
  • အဆင့် (၂) လက်သည်းနှင့် လက်သည်းအောက်ခြေရှိ ထောင့်အနေအထား ပျောက်သွားခြင်း
  • အဆင့် (၃) လက်သည်းမှာ ပို၍ ခုံးလာခြင်း
  • အဆင့် (၄) လက်ချောင်းထိပ်မှာ ကျယ်ပြန့်လာပြီး တင်းပုတ်သဏ္ဌာန် ဖြစ်လာခြင်း

လက်ချောင်းတင်းပုတ်ရှိလျှင် အ‌ရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပြီး အခံရောဂါတစ်ခုခုနှင့် ဆက်စပ်နေသောကြောင့် ရောဂါရှာဖွေကုသရန် လိုအပ်သည်။ လူနည်းစုတွင် ရောဂါနှင့် ဆက်စပ်ခြင်းမရှိဘဲ မျိုးရိုးလိုက်၍ဖြစ်သော မွေးရာပါအခြေအနေတစ်ခု ဖြစ်နိုင်သည်။ လက်ချောင်းတင်းပုတ်သည် လက်ချောင်းများတွင်သာမက ခြေချောင်းများတွင်လည်း ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လက်‌ချောင်းတင်းပုတ် ဖြစ်ပေါ်ရသည့် တိကျသောအကြောင်းရင်းကို မသိရှိပါ။ သို့သော် သွေးတွင်းရှိ ပစ္စည်းတစ်မျိုး (vascular endothelial growth factor – VEGF)ကြောင့် အဓိကဖြစ်သည်ဟု ယူဆသည်။ ခန္ဓာကိုယ်တွင် တစ်ရှူးများ အောက်ဆီဂျင် လုံလောက်အောင်မရသောအခါ VEGFများ ပိုမိုဖြစ်ပေါ်လာပြီး သွေးကြောဖွံ့ဖြိုးမှုကို ပိုမိုအားပေးသောကြောင့် လက်ချောင်းပုံသဏ္ဌာန် ပြောင်းလဲပြီး တင်းပုတ်သဏ္ဌာန် ဖြစ်ပေါ်လာသည်။

လက်ချောင်းတင်းပုတ် အမျိုးအစား (၂) မျိုးရှိသည်။

  1. မွေးရာပါဖြစ်ခြင်း (Primary or idiopathic clubbing – hypertrophic osteoarthropathy – HOA)
    ရောဂါအခံမရှိဘဲ မျိုးရိုးဗီဇကြောင့် မွေးရာပါ ဖြစ်ပေါ်တတ်သော ရှားပါးသည့်အခြေအနေတစ်ခုဖြစ်သည်။ ထိုကဲ့သို့ မွေးရာပါဖြစ်လျှင် လက်ချောင်း (သို့မဟုတ်) ခြေချောင်းများမှာ သဘာဝအလျောက် ကြီးမားကျယ်ပြန့်ပြီး လုံးဝန်း၍ ဖောင်းနေတတ်သည်။ မွေးကတည်းက သို့မဟုတ် ဆယ်ကျော်သက် အရွယ်ကတည်းက စတင်သတိထားမိပြီး အချိန်ကြာသော်လည်း ပြောင်းလဲခြင်း မရှိပါ။ မျိုးရိုးဗီဇကြောင့် ဖြစ်သည့်အတွက် အခြားမိသားစုဝင်များတွင်လည်း တင်းပုတ်သဏ္ဌာန် လက်ချောင်း (သို့မဟုတ်) ခြေချောင်းများ ရှိနေနိုင်သည်။
  2. အခံရောဂါကြောင့် ဖြစ်ခြင်း (Secondary clubbing)
    အောက်ဖော်ပြပါ အခံရောဂါတစ်ခုခုကြောင့် လက်ချောင်းတင်းပုတ် ဖြစ်ပေါ်လာသည်။
    • အဆုတ်နှင့် သက်ဆိုင်သော ရောဂါများ (other lung disease)
      လက်ချောင်းတင်းပုတ်ဖြစ်ခြင်း (၈၀)ရာခိုင်နှုန်းခန့်ကို အဆုတ်ကင်ဆာအပြင် အဆုတ်နှင့်သက်ဆိုင်သော အခြားရောဂါများတွင် တွေ့ရှိရတတ်သည်။ အဆုတ်နှင့်သက်ဆိုင်သော ရောဂါများတွင် လက်ချောင်းတင်းပုတ်နှင့်အတူ ချောင်းဆိုးခြင်း၊ ချွဲထွက်ခြင်း၊ ဖျားခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နွမ်းနယ်ခြင်းများလည်း ယှဉ်တွဲတွေ့ရှိနိုင်သည်။
      • အဆုတ်ကင်ဆာ ‌ရောဂါ (lung cancer)
        အဆုတ်ကင်ဆာဖြစ်လျှင် လက်ချောင်းတင်းပုတ်နှင့်အတူ ချောင်းဆိုးခြင်း၊ မောခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရိုးအဆစ်များနာကျင်ခြင်း၊ နုံးနယ်ခြင်းတို့ ဖြစ်‌ပေါ် နိုင်သည်။ အဆုတ်တွင် ကင်ဆာဖြစ်ပေါ်သည့်နေရာ၊ အရွယ်အစား၊ အမျိုးအစားပေါ် မူတည်၍ ကင်ဆာဆေးသွင်းကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ဖြင့် ကုသနိုင်သည်။
      • အဆုတ်‌ရောင်ရမ်းပြီး အမာရွတ်ဖြစ်သောရောဂါ (Interstitial lung disease)
        အဆုတ်ထဲမှ သေးငယ်သော လေအိတ်တစ်ဝိုက်ရှိ တစ်ရှူးများ ရောင်ရမ်းပြီး အမာရွတ်များ ဖြစ်လာသောကြောင့် ဖြစ်ပေါ်လာသည်။ ရောင်ရမ်းမှုကို လျှော့ချပေးပြီး ရောဂါကို သက်သာစေသော စတီးရွိုက်နှင့် အခြားဆေးများဖြင့် ကုသနိုင်သည်။
      • မွေးရာပါ အချွဲထွက်များသောရောဂါ (Cystic fibrosis)
        အချွဲအများအပြားထုတ်သောကြောင့် အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် စုပုံလာပြီး ဖြစ်ပေါ်လာသော မွေးရာပါရောဂါတစ်ခုဖြစ်သည်။ အသက်ရှူလမ်းကြောင်းတွင် အချွဲများရှိလျှင် ရောဂါပိုးဝင်လာနိုင်သည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်း ရှင်းလင်းရန်နှင့် ရောဂါပိုးနှိမ်နင်းရန် ဆေးများ‌‌ပေး၍ ကုသခြင်း၊ လိုအပ်လျှင် ခွဲစိတ်ကုသခြင်းများ ပြုလုပ်နိုင်သည်။
      • အဆုတ်ပြည်တည်‌နာရောဂါ (Suppurative lung abscess – Bronchiectasis, lung abscess, empyema)
        အသက်ရှူလမ်းကြောင်းတွင် အချွဲများကို မဖယ်ရှားနိုင်သောအခါ ရောဂါပိုးဝင်ပြီး အဆုတ်လေပြွန်များ ရောင်ရမ်းလာသည်။ လည်ပင်းနှင့် ပါးစပ်အတွင်းမှ ဘက်တီးရီးယားပိုးများ အဆုတ်နှင့် အဆုတ်မြှေးအိတ်ထဲသို့ ဝင်ရောက်ပြီး ပြည်တည်နာများ ဖြစ်လာသည်။ ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ရက်ရှည်သောက်ရန် လိုအပ်သည်။ ပြည်များကိုအပ်ဖြင့် စုပ်ထုတ်ခြင်းနှင့် လိုအပ်လျှင် ခွဲစိတ်ကုသခြင်းများ ပြုလုပ်နိုင်သည်။
    • နှလုံးနှင့်ဆိုင်သော ပြဿနာများ
      အောက်ဖော်ပြပါ နှလုံးနှင့်ဆိုင်သော အခြေအနေများတွင် လက်ချောင်းတင်းပုတ်ကို တွေ့ရှိရသည်။
      • အရေပြား ပြာနှမ်းသော မွေးရာပါနှလုံးရောဂါ (cyanotic congenital heart disease)
        မွေးရာပါ နှလုံးချို့ယွင်းချက်ကြောင့် ခန္ဓာကိုယ်ကို အောက်ဆီဂျင်မပို့နိုင်သောကြောင့် ဖြစ်ပေါ်လာသည်။ အ‌ရေပြားပြာနှမ်းခြင်း၊ နုံးနယ်ခြင်း၊ နှလုံးမှ အသံပိုများကြားခြင်း၊ အသက်ရှူမြန်ခြင်းတို့ကို ခံစားရပြီး နှလုံးလုပ်ငန်းများ ထိခိုက်နိုင်သဖြင့် မောခြင်း၊ အရည်များ အဆုတ်၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် စုမိခြင်းနှင့် ညအိပ်စဥ် အသက်ရှူမဝခြင်းတို့ကိုပါ ခံစားရနိုင်သည်။ ထို့ကြောင့် ရောဂါလက္ခဏာသက်သာအောင် ဆေးဖြင့်ကုသခြင်းနှင့် အောက်ဆီဂျင်ပေးခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
      • နှလုံးအတွင်းနံရံတွင် ပိုးဝင်ခြင်း (Infective endocarditis)
        နှလုံးအတွင်းနံရံတွင် ဘက်တီးရီးယားပိုးနှင့် အခြားသောရောဂါပိုးများဝင်ခြင်းကြောင့် နှလုံးအဆို့ရှင်များ ထိခိုက်ပျက်စီးနိုင်သည်။ ထို့ကြောင့် ဖျားခြင်း၊ ချွေးထွက်ခြင်း၊ အဆစ်နာခြင်း၊ နှလုံးခုန်မြန်ခြင်၊ အရေပြားတွင် အနီစက်ထွက်ခြင်းနှင့် လက်သည်းအောက်တွင် အနီချောင်းပေါ်ခြင်းတို့ကို‌ တွေ့ရနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေး ထိုးဆေးများကို ရောဂါပိုးအမျိုးအစားပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ရှည်ထိုးခြင်း (အနည်းဆုံး ၄ ပတ် မှ ၆ ပတ်ထိ)နှင့် နောက်ဆက်တွဲဆိုးကျိုးများရှိပါက လိုအပ်လျှင် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည်။
      • ကင်ဆာမဟုတ်သော နှလုံးအကျိတ် (Atrial myxoma)
        ကင်ဆာမဟုတ်သော နှလုံးအကျိတ်ဖြစ်သောကြောင့် အန္တရာယ်မရှိသော်လည်း သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်သည်။ လက်ချောင်းင်းပုတ်နှင့်အတူ အသက်ရှူရခက်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ‌ဖျားခြင်း၊ အဆစ်နာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ရောဂါလက္ခဏာများ သက်သာစေရန် ဆေးဖြင့်ကုသခြင်းနှင့် ထိုအကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသနိုင်သည်။
  3. လက်ချောင်းတင်းပုတ် ဖြစ်ပေါ်စေသော အခြားအကြောင်းရင်းများ
    • သိုင်းရွိုက်ဟော်မုန်းများခြင်း (hyperthyroidism – Grave’s disease)
    • အသည်းခြောက်ရောဂါ (cirrhosis of liver)
    • အူရောင်ရောဂါ (inflammatory bowel disease – Ulcerative colitis and Crohn’s disease)
    • အူသိမ်ပိုင်းကို ထိခိုက်သော နာတာရှည်ခုခံအားဆိုင်ရာရောဂါ (Celiac disease)
    • ပြန်ရည်ကျိတ်ကင်ဆာ (Hodgkin’s lymphoma)
ဆေးရုံ၊ ဆေးခန်းပြသရန်

လက်ချောင်းတင်းပုတ်ဖြစ်ခြင်းကို သတိပြုမိတိုင်း ရောဂါတစ်စုံတစ်ခု ဖြစ်နေပြီဟု ယူဆ၍မရပေ။ လက်ချောင်းတင်းပုတ်လက္ခဏာနှင့်အတူ အခြားရောဂါလက္ခဏာများ ပူးတွဲတည်ရှိနေလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ရောဂါရာဇဝင် မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းများ ပြုလုပ်ပြီး လိုအပ်သည့် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အီးစီးဂျီ ဆွဲခြင်း၊ အဆုတ်လုပ်ငန်းစစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် ရိုက်ခြင်းနှင့် အသားစယူခြင်း တို့ကို လိုအပ်သလို ပြုလုပ်ခြင်းဖြင့် ရောဂါ ရှာဖွေမည်ဖြစ်သည်။

ကုသခြင်း

လက်ချောင်းတင်းပုတ်ဖြစ်ခြင်း၏ သက်ဆိုင်ရာ နောက်ခံရောဂါအခြေအနေများကိုသာ ကုသမှု ပေးရသည်။

ကာကွယ်ခြင်း

လက်ချောင်းတင်းပုတ် ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် နည်းလမ်းအတိအကျမရှိပါ။

သို့သော် လက်ချောင်းတင်းပုတ် ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများကို ကာကွယ်နိုင်သည် (ဥပမာ – ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာနှင့် နှလုံးရောဂါကို ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်း ဖြစ်သောကြောင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် ထိုရောဂါများကို ကာကွယ်ပေးနိုင်သည်၊ ထို့အတူ အရက်အလွန်အကျွံသောက်ခြင်းသည် အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်သောကြောင့် အရက်လျှော့သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.