အရေပြားတွင် ခံစားမှုမသိရှိခြင်းကို ထုံခြင်း (numbness) ဟုသတ်မှတ်ပြီး အပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်းကို ကျဥ်ခြင်း (Tingling/ pins and needles sensation) ဟုသတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အောက်ဖော်ပြပါအခြေအနေများကြောင့် အာရုံကြောလုပ်ငန်းများထိခိုက်လျှင် ထုံကျဥ်ခြင်းကို ဖြစ်စေသည်။
- ရောဂါအခြေအနေတစ်ခုခုကြောင့် အာရုံကြောများထိခိုက်ခြင်း
- တစ်စုံတစ်ခုဖြင့် အာရုံကြော ပိမိခြင်း
- ကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း
ထုံကျဥ်ခြင်း ကို အဓိကအားဖြင့် နှစ်မျိုးခွဲထားသည်။
- ခဏတာ ထုံကျဥ်ခြင်း (transient or temporary paresthesia)
ခန္ဓာကိုယ်အနေအထားကြောင့် အာရုံကြောကို ဖိမိသောအခါ သွေးစီးဆင်းမှုကို လျော့နည်းစေသောကြောင့် ခဏတာထုံကျဥ်ခြင်း ဖြစ်ပေါ်လာသည်။ ဥပမာအားဖြင့် ထိုင်သောအခါ သို့မဟုတ် အိပ်သောအခါများတွင် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုပေါ်သို့ ကြာရှည်စွာ ဖိမိလျှင် ဖြစ်ပေါ်တတ်ပြီး အနေအထား ပြောင်းလိုက်သောအခါ မိနစ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားသည်။
ထို့ပြင် အောက်ဖော်ပြပါ အခြေအနေများတွင်လည်း ခဏတာထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။- အင်းဆက်အကောင်များ ကိုက်ခြင်း (insect bite)
- ခေါင်းတစ်ခြမ်းကိုက် ရောဂါ (migraine)
- တံတောင်ဆစ်ကို တစ်စုံတစ်ခု နှင့် တိုက်မိခြင်း (bumping the elbow)
- အသက်ကို ပြင်းပြင်းနှင့် မြန်မြန် ရှူခြင်း (hyperventilation)
- ကြောက်လန့်ခြင်း (panic attack)
- နာတာရှည်ထုံကျဥ်ခြင်း(persistent or chronic paresthesia)
ထုံကျဥ်ခြင်းမှာ သက်သာသွားခြင်းမရှိဘဲ ဆက်တိုက်ဖြစ်ပေါ်နေပါက နာတာရှည် ထုံကျဥ်ခြင်းဟု သတ်မှတ်ပြီး အရေးကြီးသောအခြေအနေ ဖြစ်နိုင်သောကြောင့် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။
နာတာရှည် ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။- သွေးစီးဆင်းမှုဆိုင်ရာ အကြောင်းရင်းများ (circulatory causes)
အာရုံကြောသို့သွားသော သွေးစီးဆင်းမှု ပြတ်တောက်သောကြောင့် ထုံကျဥ်ခြင်း ဖြစ်ပေါ်လာသည်။ (ဥပမာ- thoracic outlet syndrome, Raynaud’s syndrome) - အာရုံကြောစနစ်ဆိုင်ရာ အကြောင်းရင်းများ (nervous system causes)
- ဦးနှောက် အကျိတ် (brain tumour)
- ဦးနှောက် သွေးကြောပေါက်ခြင်း (Haemorrhage)
- မွေးရာပါ ရောဂါများ (ဥပမာ – Charcot-Marie-Tooth disease, Ataxia-telangiectasia)
- ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း (head injuries)
- အာရုံကြော ထိခိုက်ခြင်း (peripheral neuropathy)
- အာရုံကြော ညှပ်ခြင်း (pinched nerves)
- ကျောရိုးမကြီးကျီးပေါင်းတက်၍ အာရုံကြောဖိမိခြင်း (vertebral spondylosis)
- ကျောရိုးအာရုံကြောမကြီး ကျဥ်းခြင်း (spinal stenosis)
- လေဖြတ်ခြင်း (stroke) (သို့မဟုတ်) အသေးစားလေဖြတ်ခြင်း (transient ischaemic attack)
- သွေးစီးဆင်းမှုဆိုင်ရာ အကြောင်းရင်းများ (circulatory causes)
- ဇီဝဖြစ်ပျက်မှုနှင့် ဟော်မုန်းဆိုင်ရာ အကြောင်းရင်းများ (Metabolic and endocrine causes)
- ဆီးချိုရောဂါကြောင့် အာရုံကြောအားနည်းခြင်း (diabetes related neuropathy)
- သတ္တုဓာတ် မညီမျှခြင်း (electrolyte imbalance -ကယ်လစီယမ်ဓါတ်နည်းခြင်း – hypocalcemia, မဂ္ဂနီစီယမ်ဓါတ်နည်းခြင်း – hypomagnesemia)
- သွေးတွင်း သကြားဓာတ် နည်းခြင်း (low blood sugar- hypoglycemia)
- သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်ဟော်မုန်း ပမာဏနည်းခြင်း (hypothyroid, hypoparathyroid)
- သွေးဆုံးခြင်း (menopause)
- ဗီတာမင် B 1၊ B 5၊ B 6၊ B 12 ချို့တဲ့ခြင်း
- ရောဂါပိုးဝင်ခြင်း (infectious disease)
- မူမမှန်တုံ့ပြန်ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain-Barre syndrome)
- အနာကြီးရောဂါ (Hansen’s disease – leprosy)
- ရေယုန်ဗိုင်းရပ်စ် ရောဂါပိုးများ (Herpes simplex virus, Herpes zoster virus)
- အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ် (HIV)
- ကာလသားရောဂါ (Syphilis)
- ခုခံအားနှင့် ရောင်ရမ်းခြင်းဆိုင်ရာ အကြောင်းရင်းများ (autoimmune and inflammatory diseases)
- SLE ရောဂါ
- ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
- အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသောအလွှာ ပျက်စီးခြင်းကြောင့် ခြေလက်အားနည်းခြင်း (Multiple sclerosis)
- ခန္ဓာကိုယ်တွင် အရည်ခမ်းခြောက်သောရောဂါ (Sjogren’s syndrome)
- ကျောရိုးအာရုံကြောမကြီး ရောင်ခြင်း (transverse myelitis)
- အဆိပ်သင့်ခြင်း (toxic effects)
- အာဆင်းနစ်အဆိပ်သင့်ခြင်း (arsenic poisoning)
- ခဲဆိပ်သင့်ခြင်း (lead poisoning)
- မာကျူရီအဆိပ်သင့်ခြင်း (mercury poisoning)
- ကင်ဆာဆေးသွင်းကုသခြင်း (chemotherapy)
- အရက်အလွန်အကျွံသောက်ခြင်း (alcohol use disorder)
- မြွေဆိပ်သင့်ခြင်း (snake bites)
ယှဥ်တွဲလာတတ်သောရောဂါလက္ခဏာများ
- နုံးနယ်ခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- ကြွက်သားအားနည်းခြင်း
- ကြွက်တက်ခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
- နာကျင်ခြင်း
- ခါးနာခြင်း ၊ လည်ပင်းနာခြင်း
- အစားအသောက်ပျက်ခြင်း အစရှိသော လက္ခဏာများအပြင် အထက်တွင်ဖော်ပြခဲ့သော ဖြစ်ပေါ်ရသော အကြောင်းရင်းတစ်ခုချင်းစီ၏ ရောဂါလက္ခဏာများလည်း တွေ့ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်း ပြသခြင်း
ထုံကျဥ်ခြင်းသည် မကြာခဏ သို့မဟုတ် ဆက်တိုက်ဖြစ်ပေါ်လျှင် နေ့စဥ်လူနေမှုဘဝကို များစွာ ထိခိုက်နိုင်သဖြင့် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ သွေးစီးဆင်းမှုဆိုင်ရာ အကြောင်းရင်းများနှင့် အာရုံကြောဆိုင်ရာအကြောင်းရင်းများကို ထိရောက်သော ကုသမှုမခံယူခဲ့လျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သောကြောင့် အောက်ဖော်ပြပါလက္ခဏာများနှင့် တွဲဖက်၍ ဖြစ်ပေါ်လျှင် ဆေးရုံ အရေးပေါ်ဆေးကုဌာနသို့ ချက်ချင်းသွားရောက်ကုသမှုခံယူရမည်။
- ခြေ၊ လက်များအားနည်းခြင်း
- ခန္ဓာကိုယ် စည်းချက်ညီအောင် မထိန်းနိုင်ခြင်း
- သတိလစ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဖျားခြင်း
- ပျို့အန်ခြင်း
- လည်ပင်း တောင့်ခြင်း
ရောဂါရှာဖွေခြင်း
ထုံကျဥ်ခြင်းဖြစ်ပေါ်စေသော အကြောင်းရင်းကိုရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းနှင့် လိုအပ်သည့် သ္ဂေးများစစ်ဆေးခြင်းတို့ ပြုလုပ်ရသည်။ ထို့အပြင် လိုအပ်လျှင် သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ကြွက်သားနှင့် အာရုံကြော လုပ်ငန်းများစစ်ဆေးခြင်း (electromyography and nerve conduction study) တို့ကိုပြုလုပ်ခြင်းဖြင့် ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေသော အာရုံကြောထိခိုက်မှု အမျိုးအစားနှင့် ပြင်းထန်မှုကို သိရှိနိုင်သည်။ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းပေါ်မူတည်ပြီး လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရသည်။
ကုသခြင်း
ထုံကျဥ်ခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်းသည် အဓိကကုသမှုဖြစ်သည်။ အာရုံကြောကြောင့် နာကျင်မှုကို သက်သာစေရန် အောက်ဖော်ပြပါဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။
- Amitriptyline
- Duloxetine
- Pregabalin
- Gabapentin
ကာကွယ်ခြင်း
ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများအားလုံးကို ကာကွယ်၍ မရသော်လည်း တစ်ချို့သော အကြောင်းရင်းများကို အောက်ပါအတိုင်း ကာကွယ်နိုင်သည်။
- ခန္ဓာကိုယ် အနေအထားတစ်ခုတွင် အချိန်အကြာကြီးမနေဘဲ၊ မကြာခဏပြောင်းလဲပေးခြင်း
- အရက်ကို အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
- အဆိပ်သင့်နိုင်သော ပစ္စည်းများကို သတိထား၍ ကိုင်တွယ်ခြင်း
- ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း
- ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်း ရောဂါများကို စောစီးစွာကုသခြင်း တို့ဖြင့် အချို့သော အကြောင်းရင်းများကို ကာကွယ်နိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.