Abdominal Pain (ဗိုက်အောင့် ဗိုက်နာခြင်း)

Abdominal Pain (ဗိုက်အောင့် ဗိုက်နာခြင်း)

ဗိုက်အောင့် ဗိုက်နာခြင်းကို လူတိုင်းနီးပါး ခံစားရဖူးသည်။ နာသောနေရာ၊ နာပုံနာနည်း၊ နာချိန်နှင့် ပြင်းထန်မှုတို့မှာမူ တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ သာမန်ဗိုက်နာခြင်းမျိုးအပြင် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သော၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဗိုက်နာခြင်းမျိုးအထိ အကြောင်းရင်းများစွာ ကွာခြားတတ်သည်။

ဝမ်းဗိုက်ရှိ မည်သည့်နေရာတွင်မဆို မအီမသာဖြစ်ခြင်း၊ တောင့်ခြင်း၊ တင်းခြင်း၊ အောင့်ခြင်း၊ နာခြင်း စသဖြင့် ခံစားရခြင်းဖြစ်သည်။ ဗိုက်အောင့် ဗိုက်နာသည်ဟု ဆိုရာတွင် အစာအိမ်နာခြင်းတစ်ခုသာမက ဝမ်းဗိုက်အတွင်းရှိ အသည်း၊ သည်းခြေအိတ်၊ ပန်ကရိယ၊ အူသိမ်၊ အူအတက်၊ အူမကြီး၊ အစာဟောင်းအိမ် စသည့် ကိုယ်တွင်းအင်္ဂါများကြောင့်လည်း ဗိုက်အောင့် ဗိုက်နာတတ်သည်။

ထို့အပြင် ဝမ်းဗိုက် နံရံကြွက်သားများ၊ ဝမ်းဗိုက်အရေပြားပေါ်တွင် ဖြစ်ပွါးသော ရောဂါများတွင်လည်း ဗိုက်အောင့် ဗိုက်နာသည့်လက္ခဏာ ပြသတတ်သည်။ တစ်ခါတစ်ရံ ဗိုက်နာခြင်းသည် ဝမ်းဗိုက်ပြဿနာကြောင့် မဟုတ်ဘဲ ရင်ခေါင်း၊ တင်ပါးဆုံကွင်း၊ နောက်ကျော စသည်တို့တွင် ဖြစ်ပွါးသော ရောဂါများကြောင့်လည်း ဖြစ်တတ်သည်။

Abdominal pain image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဖြစ်များသော ရောဂါနှင့်အခြေအနေများ

  • အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ လေပွခြင်း၊ လေထိုးခြင်း၊ စားချဥ်ပြန်ရောဂါ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အစာအဆိပ်သင့်ခြင်း စသည့် အစာခြေလမ်းကြောင်း ပြဿနာများ
  • ဝမ်းကိုက်ခြင်း၊ အစာအိမ်အနာ၊ အူသိမ်အနာ ဖြစ်ခြင်း (ဟယ်လီကိုဘက်တာ ပိုင်လိုရီပိုးဟုခေါ်သော အစာအိမ်ပိုးကြောင့် အနာဖြစ်ခြင်း)၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စသည့် ရောဂါများ
  • ရာသီသွေး စက်ဝန်းကြောင့် ဝမ်းဗိုက်အောင့်ခြင်း၊ သားဥကြွေသည့်အချိန်တွင် ဝမ်းဗိုက်အောင့်ခြင်း စသည့် အခြေအနေများ အဖြစ်များသည်။

အရေးကြီးသည့်အကြောင်းရင်းများ

အောက်ပါဗိုက်အောင့်ဗိုက်နာခြင်းအခြေအနေများသည် ဆရာဝန်၏ စမ်းသပ်စစ်ဆေးကုသမှု မဖြစ်မနေ ခံယူရန် လိုအပ်သော အကြောင်းရင်းများ ဖြစ်သည်။

  1. ဝမ်းဗိုက်အပေါ်ပိုင်း၊ ညာဘက်တွင် နာခြင်း
    • အသည်းရောင်ခြင်း၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊ သည်းခြေအိတ် ရောင်ရမ်းခြင်း၊ သည်းခြေအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေလမ်းကြောင်းကျောက်တည်ရောင်ရမ်းခြင်း စသည့်အသည်းရောဂါများ၊ သည်းခြေအိတ်နှင့် သည်းခြေလမ်းကြောင်းရောဂါများ
    • ကျောက်ကပ်ပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးကျောက်တည်ခြင်း စသည့် ဆီးနှင့် ကျောက်ကပ်ရောဂါများ
    • အူသိမ်အနာ၊ အူမကြီး လမ်းကြောင်းပိတ်ခြင်း စသည့်ရောဂါများကြောင့် ဖြစ်နိုင်သည်။
  2. ဝမ်းဗိုက်အပေါ်ပိုင်း၊ ဘယ်ဘက်တွင် နာခြင်း
    • ယင်းနေရာတွင် အစာအိမ်၊ ပန်ကရိယ၊ ဘေလုံးတို့ တည်ရှိပြီး နောက်ဘက်တွင် ဘယ်ဘက်ကျောက်ကပ် ရှိသည်။ ယင်းနေရာ၏ အပေါ်ဘက်တွင် နှလုံး နှင့် ဘယ်ဘက်အဆုတ်တို့ နီးကပ်စွာ တည်ရှိသည်
    • အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာ ဖြစ်ခြင်း၊ အစာအိမ်ကင်ဆာ စသည့် အစာအိမ်ရောဂါများ
    • ပန်ကရိယရောင်ရမ်းခြင်း၊ ပန်ကရိယ ကင်ဆာ
    • ဘေလုံးကြီးခြင်း
    • ကျောက်ကပ် ပိုးဝင်ခြင်းနှင့် ကျောက်ကပ်တွင် ဆီးကျောက်တည်ခြင်း စသည့်ရောဂါများကြောင့် ဖြစ်နိုင်သည်။
  3. အထူးသတိပြုရန်မှာ နှလုံးနှင့် အဆုတ်ရောဂါများတွင် ဝမ်းဗိုက်အောင့်သည့် လက္ခဏာ ပြသတတ်သည်
    • နှလုံးသွေးကြောပိတ်ခြင်း
    • နှလုံးအမြှေးပါးရောင်ခြင်း
    • နမိုးနီးယား အဆုတ်ရောင်ခြင်း
    • အဆုတ်ပွခြင်း
    • အဆုတ်သွေးကြောပိတ်ခြင်း စသည့် ရောဂါများတွင် ဝမ်းဗိုက်အောင့်သည့် လက္ခဏာများ ပြသနိုင်သည်။
  4. ဝမ်းဗိုက်အောက်ပိုင်းတွင် အောင့်ခြင်း
    • အူလမ်းကြောင်း မူမမှန်ရောဂါ၊ အူလမ်းကြောင်း ရောင်ရမ်းနာ (Crohn’s disease or Ulcerative colitis)၊ အူပိတ်ခြင်း၊ အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ စသည့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ
    • ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ဖောင်းခြင်း၊ အူလမ်းကြောင်းသွေးကြောများ ပိတ်ခြင်း စသည့် သွေးကြောဆိုင်ရာ ရောဂါများ
    • အူအဆီပြင်များရှိ ပြန်ရည်ကြောအကျိတ်များ ရောင်ခြင်း၊ ဝမ်းခေါင်းအမြှေးပါး ရောင်ရမ်းခြင်း၊ အူကျွံခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း
    • အမျိုးသမီးရောဂါများ ဖြစ်သော သားဥအိမ် အရည်အိတ်တည်ခြင်း၊ သားဥပြွန်တွင် သန္ဓေတည်ခြင်း၊ သားဥအိမ် ကင်ဆာ၊ သားအိမ် ကင်ဆာ၊ သားအိမ်ကြွက်သားနံရံ ရောဂါများသည် အရေးကြီးသည်။
  5. အဖြစ်များသော အူအတက်ရောင်ခြင်း (acute appendicitis) ကြောင့်လည်း ဝမ်းဗိုက်အောက်ပိုင်း ညာဘက်တွင် ဗိုက်အောင့် ဗိုက်နာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရခြင်း၊ မည်သည့် ကုသမှုနှင့်မှ မသက်သာသော ဗိုက်အောင့်ဗိုက်နာခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဗိုက်အောင့် ဗိုက်နာခြင်း စသည်တို့တွင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။

အရေးပေါ်ပြသရန်

ဗိုက်အောင့်ဗိုက်နာခြင်းနှင့်အတူ အောက်ပါလက္ခဏာများဖြစ်ပေါ်လာပါက အရေးပေါ်ပြသသင့်သည်။

  • အဖျားမကျခြင်း
  • ဆက်တိုက် ပျို့အန်ခြင်း
  • ဝမ်းတွင် သွေးပါခြင်း၊ ဆီးတွင် သွေးပါခြင်း၊ သွေးအန်ခြင်း
  • ဝမ်းဗိုက်ကို အထိမခံနိုင်အောင် နာခြင်း
  • ဝမ်းဗိုက်ရောင်ခြင်း၊ ဖောင်းခြင်း
  • မျက်လုံးဝါ၊ အသားဝါခြင်း
  • မောခြင်း၊ အသက်ရှူကျပ်ခြင်း
  • လှုပ်ရှားသည်နှင့် ပိုဆိုးလာခြင်း

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများလိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

မိမိခံစားရသော ဗိုက်အောင့် ဗိုက်နာခြင်းကို ဆရာဝန်အား သေချာ ရှင်းလင်းစွာ ပြောပြတတ်စေရန် အောက်ပါအချက်များကို သိရှိထားသင့်သည်။

  • ဗိုက်နာသည့် နေရာ – တစ်နေရာတည်းတွင် နာခြင်း သို့မဟုတ် ဗိုက်တစ်ပြင်လုံး နာခြင်း၊ စတင် နာသည့် နေရာ၊ လက်ရှိအနာဆုံးနေရာ၊ နာကျင်သည့် နေရာ ရွေ့သွားခြင်း
  • ဗိုက်နာသည့် ကြာချိန်၊ ရက်
  • ရုတ်တရက်နာခြင်း သို့မဟုတ် တမျှဥ်းမျှဥ်းနာခြင်း
  • နာကျင်သည့်ပုံစံ (ဥပမာ – ထိုးထိုး၍ အောင့်ခြင်း သို့မဟုတ် ကြွက်တက်သလိုအောင့်ခြင်း၊ တောက်လျှောက်အောင့်ခြင်း သို့မဟုတ် အောင့်လိုက် ပျောက်လိုက်ဖြစ်ခြင်း)
  • ပြင်းထန်မှု – သာမန် (သို့မဟုတ်) အလွန်အမင်းနာခြင်း
  • ပိုဆိုး၊ ပိုနာစေသည့် အချက်များ
  • သက်သာသွားစေသည့် အချက်များ
  • ဗိုက်နာခြင်းနှင့် တွဲဖြစ်သည့် အခြားလက္ခဏာများ (ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းအရည်သွားခြင်း၊ ဆီးပူဆီးကျဥ်ခြင်း) စသည်တို့ဖြစ်သည်။

ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးမှုများအပေါ်မူတည်၍ ရောဂါအတိမ်အနက်၊ အရေးပေါ်အခြေအနေ ဟုတ်မဟုတ်၊ ဆေးရုံတက်ကုသရန် လိုမလို သိရှိရန် ဆရာဝန်မှ ဆက်လက် စမ်းသပ်စစ်ဆေးမည် ဖြစ်သည်။

ကုသခြင်း

သာမန် ဗိုက်အောင့်ခြင်းမျိုးဖြစ်လျှင် ဆရာဝန်သည် လိုအပ်သော သောက်ဆေးများ၊ အကြံပြုချက်များ ပေးမည်ဖြစ်သည်။ ဗိုက်အောင့်ခြင်းသည် စိုးရိမ်ရသော ရောဂါများကြောင့်ဟု သံသယရှိပါက သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဝမ်းဗိုက် အာထရာဆောင်းရိုက်ခြင်းများ လိုအပ်သလို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။

လိုအပ်ပါက အရေးပေါ် ခွဲစိတ်ကုသရတတ်သည်။ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ရောဂါဖြစ်ပါက ဆေးရုံသို့ လွှဲပြောင်းကုသရမည်။ ထို့အပြင် ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်း သက်သာသွားသော်လည်း ဖြစ်ပေါ်ရသည့် ရောဂါအရင်းအမြစ်ကို ရှာဖွေရန် ဆေးရုံ၊ ဆေးခန်းသို့ ရက်ချိန်းအတိုင်း မပျက်မကွက် ဆက်လက်ပြသရန် လိုအပ်သည်။

References:

  1. Abdominal pain. (n.d.). Mayo Clinic. Retrieved April 24, 2024, from https://www.mayoclinic.org/symptoms/abdominal-pain/basics/definition/sym-20050728
  2. Professional, C. C. M. (2024). Abdominal Pain. Cleveland Clinic. Retrieved April 24, 2024, from https://my.clevelandclinic.org/health/symptoms/4167-abdominal-pain

Share

Category

23 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.