ပုံမှန်ဝမ်းသွားသည့် အကြိမ်အရေအတွက် (သို့မဟုတ်) ပုံမှန်ဝမ်းပုံစံ မဟုတ်ဘဲ သိသိသာသာပြောင်းလဲသွားခြင်းကို “ဝမ်းသွားသည့် အမူအကျင့်ပြောင်းလဲခြင်း” ဟုခေါ်သည်။ ယင်းသို့ဖြစ်ပွါးပါက ရောဂါစစ်ဆေးရှာဖွေကုသမှု လိုအပ်ကြောင်း အချက်ပြ သတိပေးမှု တစ်ခုဖြစ်သည်။
အဖြစ်များသော ဝမ်းအမူအကျင့်ပြောင်းလဲမှုများမှာ
- ဝမ်းအရောင် ပြောင်းလဲခြင်း
- ဝမ်းအမာအပျော့ ပြောင်းလဲခြင်း
- ဝမ်းသွားသည့် အကြိမ်အရေအတွက်ပြောင်းလဲခြင်း နှင့်
- ဝမ်းသွားချင်သည့်အချိန် ဝမ်းထိန်းနိုင်စွမ်း ပြောင်းလဲခြင်း စသည်တို့ ပါဝင်သည်။
ဝမ်းအရောင်ပြောင်းလဲခြင်း
စားသုံးသည့် အစားအစာများပေါ် မူတည်၍ ဝမ်းအရောင် အမျိုးမျိုးပြောင်းလဲနိုင်သည်။ အချိန်ခဏတာ ဝမ်းအရောင်ပြောင်းလဲပါက အန္တရာယ်မရှိဘဲ အစားအသောက်ကြောင့် ဖြစ်နိုင်သည်။ ဝမ်းအတွင်း နီရဲနေသော သွေးရောင်အနည်းငယ်ပါလျှင် အူမကြီးအောက်ပိုင်းအစာဟောင်းအိမ်၊ စအိုစသည်တို့မှ သွေးယိုစိမ့်ခြင်းဖြစ်ပြီး အကြောင်းရင်းခံ အခြေအနေပေါ် မူတည်၍ ရောဂါအတိမ်အနက် ကွာခြားသည်။ ထို့အပြင် အစာအိမ်၊ အူလမ်းကြောင်း အထက်ပိုင်းတွင် သွေးယိုစိမ့်သည့် လက္ခဏာတစ်ခုဖြစ်သော အနီရောင်ရင့်ရင့် ဝမ်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း နှင့် အသည်း၊ သည်းခြေလမ်းကြောင်း ရောဂါလက္ခဏာတစ်ခုဖြစ်သော ဝမ်းအရောင်ဖျော့သွားခြင်းတို့သည် မိသားစုဆရာဝန်နှင့် မဖြစ်မနေ ပြသသင့်သော ဝမ်းအရောင်ပြောင်းလဲမှုများ ဖြစ်သည်။
ဝမ်းအမာအပျော့ပြောင်းလဲခြင်း
ပုံမှန်ဝမ်းသွားရာတွင် ခပ်ပျော့ပျော့ ဝမ်းအတုံးများ လွယ်လင့်တကူ သွားသင့်သည်။ ခြောက်သွေ့မာကျောသော ဝမ်းများ ခက်ခဲစွာ သွားရခြင်းသည် ဝမ်းချုပ်ခြင်းဖြစ်ပြီး ဝမ်းအရည်များ သွားခြင်းသည် ဝမ်းလျှောခြင်း ဖြစ်သည်။ ဝမ်းချုပ်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်းသည် ရက်ပိုင်းအကြာတွင် ပြန်ပျောက်သွားလေ့ရှိသော်လည်း ဝမ်းအလွန်အမင်း ချုပ်ခြင်း (သို့မဟုတ်) ဝမ်းအရည်များ၊ ချွဲများသွားခြင်း ဖြစ်ပွါးပါက ပုံမှန်အခြေအနေမဟုတ်ဘဲ မိသားစုဆရာဝန်နှင့် ပြသသင့်သည်။
ဝမ်းသွားသည့် အကြိမ်အရေအတွက် ပြောင်းလဲခြင်း
တစ်ရက်တွင်ဝမ်းသွားသည့် အကြိမ်အရေအတွက်သည် လူတစ်ဦးနှင့်တစ်ဦး မတူပါ။ အချို့သူများသည် တစ်ရက်လျှင် အကြိမ်များစွာ ဝမ်းသွားတတ်ပြီး အချို့သူများသည် တစ်ပတ်လျှင် တစ်ကြိမ်၊ (၂)ကြိမ်သာ ဝမ်းသွားလေ့ရှိသည်။ ယေဘုယျအားဖြင့် (၃) ရက်ကြာ ဝမ်းမသွားပါက ဝမ်းတုံးများ ပိုမိုမာလာပြီး ဝမ်းသွားရ ပိုခက်စေသည်။ ထိုသို့ (၃) ရက်ကြာ ဝမ်းမသွားပါက သတိပြုစောင့်ကြည့်သင့်သည်။
ဝမ်းသွားချင်သည့်အချိန် ဝမ်းထိန်းနိုင်စွမ်း ပြောင်းလဲခြင်း
ခန္ဓာကိုယ်သည် ဝမ်းထိန်းကြွက်သားများဖြင့် ဝမ်းသွားစေရန် (သို့မဟုတ်) ဝမ်းမထွက်သွားရန် ထိန်းချုပ်နိုင်သည်။ ယင်းသို့ ပြုလုပ်နိုင်စွမ်း မရှိသည့်အခြေအနေကို ဝမ်းမထိန်းနိုင်ခြင်းဟု ခေါ်သည်။ အသက်အရွယ်ကြီးလာသည့်အခါ ပိုမိုအဖြစ်များသော်လည်း မည်သည့်အသက်အရွယ်မဆို ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောပြဿနာများကြောင့် ဖြစ်နိုင်သဖြင့် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ဝမ်းအမူအကျင့်ပြောင်းလဲခြင်းတွင် အဖြစ်အများဆုံးအကြောင်းရင်းမှာ စားသောက်သည့် ပုံစံကြောင့် ဖြစ်သည်။ အမျှင်ဓာတ်ပါဝင်မှု နည်းပါးသော အစားအစာများ စားသုံးခြင်း၊ ရေ သောက်သုံးမှု နည်းခြင်းတို့ကြောင့် ဝမ်းသွားသည့်ပုံစံ ပြောင်းလဲနိုင်သည်။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်ခြင်း၊ ရုတ်တရက် ပြင်းထန်စွာ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် စိတ်ဖိစီးမှုများကြောင့်လည်း ဝမ်းသွားသည့် ပုံစံ ပြောင်းလဲနိုင်သည်။ ထို့အပြင် ပဋိဇီဝပိုးသတ်ဆေးနှင့် အချို့သောက်ဆေးများကြောင့်လည်း ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်ပွါးနိုင်သည်။
အထက်ပါ အကြောင်းရင်းများကြောင့် ဝမ်းသွားသည့်ပုံစံ ပြောင်းလဲခြင်းသည် ယာယီသာဖြစ်ပြီး ယင်းအကြောင်းရင်းများ မရှိတော့ပါက သို့မဟုတ် ကိုယ်ခန္ဓာမှ လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိပြီးပါက ဝမ်းပုံမှန် ပြန်ဖြစ်သွားမည်ဖြစ်သည်။
အချို့တွင်မူ အောက်ပါ အရေးကြီးရောဂါများကြောင့် ဝမ်းသွားသည့်အမူအကျင့် ပြောင်းလဲသွားတတ်သည်။
အူမကြီးကင်ဆာ (Colon cancer)
အူမကြီးကင်ဆာတွင် ဝမ်းသွားလျှင်သွေးပါခြင်း၊ ချွဲပါခြင်းနှင့်အတူ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း တစ်လှည့်စီဖြစ်နိုင်သည်။ မကြာခဏ ဝမ်းသွားလိုစိတ်ဖြစ်ခြင်းကိုလည်း တွေ့နိုင်သည်။
အူပိတ်ခြင်း
အူပိတ်ခြင်းတွင် ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်းများ တွေ့ရှိနိုင်ပြီး အရေးပေါ်အခြေအနေတစ်ခုဖြစ်သည်။
အူမကြီးအသားပိုများ
အူမကြီးနှင့် အစာဟောင်းအိမ်တွင် ရှိနေနိုင်သော အသားပိုလုံးများသည် သိသာထင်ရှားသော လက္ခဏာမပြတတ်သော်လည်း ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် သွေးဝမ်းသွားခြင်းကဲ့သို့ လက္ခဏာများ ခံစားရနိုင်သည်။
ဂလူတင် (gluten) ပရိုတိန်းမတည့်၍ ဖြစ်သော အူသိမ်ရောဂါ (Coeliac disease)
အချို့တွင် ဂျုံထွက်ပစ္စည်းများတွင် ပါဝင်သော ဂလူတင် (gluten) ပရိုတိန်းကြောင့် အစာခြေစနစ်ကို ထိခိုက်ကာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်းစသည့် လက္ခဏာများ ဖြစ်စေသည်။
ထို့အပြင် အောက်ဖော်ပြပါ ရောဂါအခြေအနေများကြောင့်လည်း ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲသွားနိုင်သည်။
- Diverticulum ဟုခေါ်သော အူမကြီးနံရံရှိ အိတ်ငယ်များရောင်ခြင်း
- သိုင်းရွိုက်ဟော်မုန်းရောဂါ
- နို့နှင့် နို့ထွက်ပစ္စည်းများကို အစာခြေလမ်းကြောင်းမှ မခြေဖျက်နိုင်သော ရောဂါအခြေအနေများ
- လိပ်ခေါင်း၊ စအိုကွဲနာ စသည့်ရောဂါများ
- နာတာရှည် အူမကြီးရောင်ရမ်းနာ
- အသည်းနှင့်သည်းခြေလမ်းကြောင်းရောဂါများ
- ပန်ကရိယရောင်ခြင်း
- လေဖြတ်ခြင်း၊ ပါကင်ဆန်ရောဂါ၊ ခါးရိုးအာရုံကြောမကြီး ထိခိုက်ခြင်း စသည့် ဦးနှောက်နှင့် အာရုံကြောရောဂါများ
ဆေးရုံ၊ ဆေးခန်းပြသရန်
ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်းသည် အူမကြီးကင်ဆာရောဂါ၏ အရေးကြီးရောဂါလက္ခဏာတစ်ခု ဖြစ်သောကြောင့် အထူးဂရုပြုသင့်သည်။ အောက်ပါ လက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
- (၂)ပတ် ထက်ပို၍ ဝမ်းချုပ်ခြင်း (သို့မဟုတ်) ဝမ်းပျက်ခြင်း
- အကြိမ်ရေများစွာ ဝမ်းလျှောပြီး အလွန်အမင်းဗိုက်အောင့်ဗိုက်နာခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ပျို့အန်နေခြင်း
- သွေးဝမ်းသွားခြင်း (သို့မဟုတ်) ဝမ်းတုံးပေါ်တွင် သွေးကပ်ပါခြင်း
- ကတ္တရာစေးကဲ့သို့ ဝမ်းအမည်းရောင်သွားခြင်း
- ချွဲဝမ်းသွားခြင်း
- ရုတ်တရက် အလွန်အမင်း ဝမ်းသွားချင်စိတ် ဖြစ်ပေါ်ကာ ဝမ်းအရည်များသွားခြင်း (အူမကြီးကင်ဆာလက္ခဏာတစ်ခုဖြစ်နိုင်သည်)
- ဝမ်းမထိန်းနိုင်ခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသမည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
အရေးပေါ်ပြသရန်
ဝမ်းသွား သွေးပါခြင်း၊ ချွဲဝမ်းသွားခြင်း၊ (၂၄)နာရီ ထက်ပို၍ အရည်ဝမ်းများ သွားခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့်ဗိုက်နာခြင်း စသည့် လက္ခဏာများနှင့် အူပိတ်နေသော လက္ခဏာများ ဖြစ်သည့် ရက်ရှည် ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်က အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် လူနာ၏ရောဂါရာဇဝင်အားမေးမြန်းခြင်း၊ လူနာအား စမ်းသပ်ခြင်းများ ပထမဦးစွာပြုလုပ်ပါသည်။ ထို့အပြင် ဖြစ်ပေါ်သောရောဂါကို သိရှိရန်အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်နိုင်သည်။
- ဝမ်းစစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း
- အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy)
- ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း (Abdominal X-ray)
- ဝမ်းဗိုက် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan) စသည်တို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်းတွင် ဖြစ်ပေါ်သည့် အကြောင်းရင်းရောဂါအလိုက် ကုသရသည်။ သောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးဖြင့် သက်သာပျောက်ကင်းနိုင်သည့် အခြေအနေများ ရှိသကဲ့သို့ ခွဲစိတ်ကုသရမည့် အရေးကြီး ရောဂါအခြေအနေများလည်း ဖြစ်နိုင်သည်။
ကာကွယ်ခြင်း
ရောဂါများကြောင့်မဟုတ်သော ဝမ်းအမူအကျင့်ပြောင်းလဲခြင်းများကို အောက်ဖော်ပြပါ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းများ ပြုလုပ်ခြင်းဖြင့် လျှော့ချနိုင်သည်။
- ရောဂါလက္ခဏာများ ဖြစ်စေသည့် အစားအသောက်များကို မှတ်သား ရှောင်ကြဥ်ခြင်း
- ရေများများသောက်ခြင်း (တစ်ရက်လျှင် ရေ ဖန်ခွက် (၈)ခွက် မှ (၁၀)ခွက်အထိ)
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
- ဝမ်းသွားချင်လာပါက မအောင့်ထားဘဲ ချက်ချင်းသွားခြင်း
- အလွန်အကျွံဝမ်းမညှစ်ခြင်း
- အမျှင်ဓာတ်များများ စားသုံးခြင်း
- ဝမ်းပိတ်ဆေး၊ ဝမ်းနှုတ်ဆေးများအား ဆရာဝန်ညွှန်ကြားချက်မရှိဘဲ တာရှည်အသုံးပြုခြင်းမှ ရှောင်ကြဥ်ခြင်း
References:
- Professional, C. C. M.. Changes in Bowel Habits. Cleveland Clinic. https://my.clevelandclinic.org/health/symptoms/changes-in-bowel-habits, retrieved on 10 November 2024.
- Crna, R. N. M. (2018, October 12). Change in Bowel Habits. Healthline. https://www.healthline.com/health/change-in-bowel-habits#diagnosis, retrieved on 10 November 2024.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.