အိပ်စက်ချိန် လမ်းထလျှောက်ခြင်း (Sleepwalking) ဆိုသည်မှာ ကလေးတစ်ဦးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ တစ်စိတ်တစ်ပိုင်း နိုးကြားလာပြီး လမ်းလျှောက်ခြင်း သို့မဟုတ် အခြားသောလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ အိပ်စက်ချိန် လမ်းထလျှောက်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို စတင်နိုင်သော်လည်း ကလေးများတွင် ပိုအဖြစ်များသည်။ အများစုသည် အပျိုဖော် လူပျိုဖော်ဝင်စအချိန်တွင် သက်သာသွားသော်လည်း တစ်ခါတစ်ရံ အရွယ်ရောက်ပြီးသည်အထိ ဆက်ရှိနေနိုင်သည်။
အိပ်စက်ချိန် ထိတ်လန့်ခြင်း (Night terrors) ဆိုသည်မှာ ကလေးသည် ကောင်းစွာမနိုးသေးသောအချိန်တွင် ကယောင်ကတမ်းဖြင့် ရုတ်တရက် ထအော်ခြင်း၊ ငိုခြင်း၊ အလွန်အမင်း ကြောက်ရွံ့သည့်ပုံစံဖြစ်ခြင်း၊ ခြေလက်များ ကန်ကျောက်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြစ်သည်။ အများအားဖြင့် ကလေးအသက် (၃)နှစ် မှ (၁၀)နှစ်အတွင်း ပို၍ဖြစ်နိုင်ပြီး အများစုသည် ဆယ်ကျော်သက်အရွယ်တွင် သက်သာသွားနိုင်သည်။ ထို့အပြင် ထိတ်လန့်ခြင်းကို အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့်လည်း တွဲ၍တွေ့ရတတ်သည်။
ထိုဖြစ်စဥ်များသည် ကလေးအိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်း ဖြစ်တတ်သည်။ စက္ကန့်ပိုင်း မှ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်သည်။ အနီးပတ်ဝန်းကျင်မှ လူများအား အထိတ်တလန့်ဖြစ်စေနိုင်သော်လည်း ယေဘုယျအားဖြင့် ပြဿနာမရှိပါ။ သို့သော် ဤသို့ဖြစ်ချိန်များလာခြင်းကြောင့် ကောင်းစွာမအိပ်စက်နိုင်ဘဲ နောက်ဆက်တွဲပြဿနာများဖြစ်လာပါက ကုသမှုပေးရန် လိုအပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်စေသည့် အကြောင်းရင်းအတိအကျကို မသိရှိပါ။ အိပ်စက်ခြင်း၊ နိုးထခြင်း သဘာဝစက်ဝန်းများကို ထိန်းညှိပေးနိုင်သည့် ဦးနှောက်စွမ်းရည် ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် ဖြစ်နိုင်သည်။ ကလေးအများစုသည် အာရုံကြောစနစ်များ ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုလက္ခဏာများ သက်သာသွားမည်ဖြစ်သည်။ အသက်ကြီးမှစဖြစ်ခြင်း သို့မဟုတ် အရွယ်ရောက်ပြီးသည်အထိ ဖြစ်နေပါက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် ပြင်းထန်သော စိတ်ဖိစီးမှုများ (သို့မဟုတ်) အတက်ရောဂါကဲ့သို့သော အခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။ အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့် ထိတ်လန့်ခြင်း နှစ်မျိုးလုံးသည် မိသားစုမျိုးရိုးရှိပါက ပိုဖြစ်နိုင်သည်။
အောက်ပါရောဂါအခြေအနေများနှင့်လည်း တွဲ၍တွေ့နိုင်သည်။
- အိပ်စက်ချိန် လုံလောက်စွာမရှိခြင်း
- အိပ်စက်ချိန် အပြောင်းအလဲဖြစ်ခြင်း (ခရီးထွက်ခြင်း၊ အိပ်ရာပြောင်းခြင်း)
- စိတ်ဖိစီးမှုများခြင်း
- ကိုယ်ပူခြင်း
- ကော်ဖီ၊ လက်ဖက် စသည့် ကဖိန်းဓာတ်ပါသော အစားအသောက်များစားခြင်း
- အိပ်နေစဉ် အသက်ရှူခဏရပ်တတ်သော ရောဂါရှိခြင်း
- ဦးနှောက်အာရုံကြောကို ထိခိုက်စေသည့် အချို့သောဆေးများ၊ စိတ်ကိုစွဲလမ်းစေသော ဆေးဝါးများ သုံးစွဲခြင်း
- စိတ်ကျန်းမာရေးအခြေအနေများ (ဥပမာ_စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း) စသည်တို့ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
အိပ်စက်ချိန် လမ်းထလျှောက်ခြင်းသည် အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်း ဖြစ်ပေါ်လေ့ရှိသည်။ တွေ့နိုင်သောလက္ခဏာများမှာ_
- အိပ်ရာပေါ်တွင် ထထိုင်ပြီး မျက်လုံးဖွင့်ကြည့်ခြင်း
- အိပ်ရာမှထ၍ လမ်းလျှောက်ခြင်း
- အသိစိတ်မရှိဘဲ နေ့စဉ်လုပ်ဆောင်နေကျလုပ်ငန်းများအား အိပ်ရာမှထပြုလုပ်ခြင်း (ဥပမာ_အဝတ်လဲခြင်း၊ စကားပြောခြင်း၊ အစာစားခြင်း)
- အိပ်ရာပေါ်တွင် ဆီးပေါက်ချခြင်း
- လမ်းထလျှောက်ခြင်းကြောင့် လှေကားပေါ်မှပြုတ်ကျခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ပြတင်းပေါက်မှ ခုန်ချခြင်းစသည့် အပြုအမူများပြုလုပ်ခြင်း
- အိပ်ရာမှ နိုးထရန် ခက်ခဲခြင်း
- နိုးထပြီးနောက် အခြားသူများအား တုံ့ပြန်မှုမပြုခြင်း၊ စိတ်ရှုပ်ထွေးနေတတ်ခြင်း
- မနက်ရောက်လျှင် အဖြစ်အပျက်များအား မမှတ်မိခြင်း
- ညဘက်တွင် အိပ်ရေးပျက်ခြင်းကြောင့် နေ့စဥ်လုပ်ဆောင်မှုများအား မပြုလုပ်နိုင်ခြင်း စသည်တို့ဖြစ်သည်။
အိပ်စက်ချိန် ထိတ်လန့်ခြင်းများသည် အိပ်မက်ဆိုးမက်ခြင်းနှင့် မတူညီပါ။ အိပ်မက်ဆိုးမက်ခြင်းသည် အိပ်ရာမှ နိုးလာနိုင်ပြီး ဖြစ်စဥ်အသေးစိတ်ကို မှတ်မိနေတတ်သည်။ အိပ်စက်ချိန် ထိတ်လန့်မှု ခံစားရသောသူသည် ဆက်လက်အိပ်ပျော်သွားပြီး မနက်မိုးလင်းလာသောအခါ ဖြစ်စဥ်များကို သတိရလေ့မရှိပါ။ အိပ်စက်ချိန် ထိတ်လန့်မှုများသည် အိပ်ချိန်အစောပိုင်းများတွင် ဖြစ်လေ့ရှိပြီး အိပ်စက်ချိန် လမ်းထလျှောက်ခြင်းများနှင့်လည်း တွဲ၍ဖြစ်တတ်သည်။ ကလေးတွင်_
- နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း
- ချွေးစေးထွက်ခြင်း
- မျက်စိသူငယ်အိမ်ကျယ်ခြင်း
- မျက်လုံးပြူး၍ ကြည့်နေခြင်း
- အိပ်ရာထဲတွင် ကြောက်လန့်တကြားထထိုင်ခြင်း
- အိပ်ရာပေါ်တွင် လှိမ့်နေခြင်း
- ရုတ်တရက် အော်ဟစ်ခြင်း (သို့မဟုတ်) ငိုခြင်း
- စကားမပြောခြင်း၊ တုံ့ပြန်မှုမရှိခြင်း
- အိပ်ရာမှနိုးလာသော်လည်း သတိကောင်းစွာမရှိခြင်း စသည့်လက္ခဏာများကို တွေ့နိုင်သည်။
ထိုသို့ဖြစ်ခြင်းသည် ယေဘုယျအားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်တတ်သော်လည်း အချို့ကလေးများတွင် ပြန်လည်ငြိမ်သွားရန်နှင့် အိပ်ပျော်သွားရန် မိနစ် (၃၀) ခန့်အထိ ကြာနိုင်သည်။ ကလေး၏ ဥာဏ်ရည်ဖွံ့ဖြိုးမှု စသည်တို့ကို ထိခိုက်မှုမရှိပါ။ ဆယ်ကျော်သက်အရွယ်ရောက်လျှင် အများစုပျောက်ကင်းသွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့် ထိတ်လန့်ခြင်းများသည် စိုးရိမ်ရသော ကျန်းမာရေးပြဿနာ မဟုတ်ပါ။ သို့သော် မကြာခဏဖြစ်လာခြင်း၊ အခြားရောဂါလက္ခဏာများဖြစ်သော နှုတ်ခမ်းပြာခြင်း၊ ပါးစပ်မှအမြှုပ်ထွက်ခြင်း၊ အန်ခြင်းများနှင့် တွဲ၍ဖြစ်ပေါ်လာခြင်း၊ ကလေးအတွက် ထိခိုက်ဒဏ်ရာရနိုင်သော အန္တရာယ်ရှိလာခြင်း၊ နေ့စဥ်လုပ်ဆောင်မှုများတွင် ပြဿနာရှိလာခြင်း၊ ကလေး၏ အိပ်စက်ခြင်းပြဿနာများကြောင့် မိသားစုအပေါ် ထိခိုက်လာခြင်း၊ ဆယ်ကျော်သက်အရွယ်အထိ ဆက်ဖြစ်နေခြင်း သို့မဟုတ် အရွယ်ရောက်ပြီးမှ စဖြစ်လာခြင်းတို့ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ ထိုအပြုအမူများ ဖြစ်ပေါ် ချိန်တွင် ဗီဒီယိုရိုက်ထားပါက ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ယေဘုယျအားဖြင့် ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ သီးခြားစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ။ သို့သော် အချို့သောကလေးများတွင် လိုအပ်ပါက အိပ်ပျော်နေစဉ် အသက်ရှူခြင်းနှင့် အခြား နှလုံး၊ ဦးနှောက်နှင့် သွေးတွင်းအောက်ဆီဂျင် စသည်တို့၏ ပြောင်းလဲမှု အခြေအနေများကို စစ်ဆေးခြင်း (Sleep study) နှင့် အတက်ရောဂါများ စစ်ဆေးရန် ဦးနှောက်လှိုင်းပုံဖော်စက်ရိုက်ခြင်း (EEG) များ ပြုလုပ်နိုင်သည်။
ကုသခြင်း
အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့် ထိတ်လန့်ခြင်းများသည် တစ်ခါတစ်ရံမှသာဖြစ်လျှင် ကုသမှုပေးရန် မလိုအပ်ပါ။ သို့သော် ထိုသို့ဖြစ်ခြင်းသည် ထိခိုက်ဒဏ်ရာရခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊ အိပ်စက်ခြင်းတွင် အနှောင့်အယှက်ဖြစ်စေခြင်း၊ အချိန်ကြာလာသော်လည်း သက်သာမှုမရှိခြင်း၊ မကြာခဏဖြစ်ခြင်းတို့ရှိပါက ကုသမှုပေးရန် လိုအပ်နိုင်သည်။ ယေဘုယျအားဖြင့် ကုသမှုသည် ကလေးအား ဘေးကင်းစေရန် အစီအစဥ်များ ပြုလုပ်ခြင်း၊ ဖြစ်စေသည့် အကြောင်းရင်းများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ကုသနိုင်သည့်နည်းလမ်းများမှာ_
- ဖြစ်စေသည့်အခြေအနေများကို ကုသခြင်း
ကျန်းမာရေးပြဿနာများ (သို့မဟုတ်) စိတ်ကျန်းမာရေးအခြေအနေများ (သို့မဟုတ်) အခြားသောအိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများကြောင့်ဖြစ်လျှင် ဖြစ်စေသည့်ရောဂါကို ကုသမှုပေးရမည်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများအား လျှော့ချရန်နှင့် ကောင်းမွန်စွာအိပ်စက်နိုင်ရန် နည်းလမ်းများ သင်ကြားပေးခြင်း၊ အိပ်မွေ့ချခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ ကလေးအား အနားယူချိန်လုံလောက်အောင် ပြုလုပ်ပေးခြင်း၊ အိပ်စက်ချိန် သက်သောင့်သက်သာဖြစ်စေရန် ပြုလုပ်ပေးခြင်းနှင့် အိပ်ရာဝင်ချိန် ပုံမှန်ဖြစ်စေရန် ပြုလုပ်ပေးခြင်း၊ အိပ်ရာစောစောဝင်စေခြင်း၊ အိပ်ရာထသည့်အချိန် ပုံမှန်ဖြစ်စေရန် ပြုလုပ်ပေးခြင်းတို့လည်း လိုအပ်နိုင်သည်။ စိတ်ဖိစီးမှု (သို့မဟုတ်) စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်သည်ဟုထင်ပါက စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် ဆွေးနွေးမှုပြုလုပ်ရန် လိုအပ်သည်။ - ဆေးဝါးများ
သောက်လက်စဆေးဝါးများကြောင့်ဖြစ်သည်ဟု ယူဆပါက ဆေးပြန်ညှိခြင်းများ ပြုလုပ်ရမည်။
ကလေးအများစုတွင် ဆေးပေး၍ ကုသရန်မလိုအပ်ပါ။ အချို့သောကလေးများတွင် နေ့စဥ်လုပ်ငန်းဆောင်တာများအား မလုပ်နိုင်လျှင် ဆရာဝန်ဖြင့်တိုင်ပင်၍ အိပ်ဆေးကဲ့သို့သော ဆေးအချို့ကို ပေးနိုင်သည်။ - အိပ်စက်နေရာမှ ကြို၍နှိုးခြင်း
အကယ်၍ ထိုဖြစ်စဥ်သည် ညတိုင်းနီးပါး အချိန်မှန်ဖြစ်နေလျှင် ကလေးအား ဖြစ်ချိန်မတိုင်ခင် (၁၅) မိနစ်ခန့် ကြို၍နှိုးကြည့်နိုင်သည်။ ထိုသို့ကြိုတင်နှိုးကြည့်ခြင်းဖြင့် ကလေးတွင် အိပ်စက်ချိန် ထိတ်လန့်ခြင်းမဖြစ်ဘဲ မကြာခင်ပြန်၍ အိပ်ပျော်သွားလျှင် ဤနည်းလမ်းကို ညစဥ်ဆက်လက် လုပ်ဆောင်ပါ။
ထိုသို့ဖြစ်နေစဥ်အတွင်း ကလေးအတွက် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစေရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် ထိခိုက်မှုမရှိစေရန် မိဘများအနေဖြင့် အောက်ပါတို့ကို ပြုလုပ်ပေးသင့်သည်။ - ညအချိန်တွင် အခန်းပြတင်းပေါက်များ၊ တံခါးများကိုပိတ်ထားခြင်း၊ ကြမ်းပြင်တွင် ထိခိုက်နာကျင်စေနိုင်သော ပစ္စည်းများ မရှိရန် ဖယ်ရှားထားခြင်း
- အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သောအရာများ (ဥပမာ_လျှပ်စစ်ပစ္စည်းများ၊ ဆူညံသံများ)ကို ဖယ်ရှားခြင်းတို့ လိုအပ်နိုင်သည်။
ထိုသို့ဖြစ်နေစဥ်အတွင်း မိဘများသည် တည်ငြိမ်စွာနေထိုင်ပြုစုရန် အရေးကြီးသည်။ ကလေးကိုထိခိုက်စေမည့် အခြေအနေများမရှိလျှင် ကလေးအား နှိုးရန်မလိုပါ။ နှိုးလိုက်ခြင်းဖြင့် ကလေးသည် ကယောင်ချောက်ချားဖြစ်ပြီး ပြန်အိပ်ရန် ခက်ခဲတတ်သောကြောင့်ဖြစ်သည်။ ကလေးကို နွေးထွေးစွာ ပွေ့ဖက်ထားပေးရန်သာ လိုအပ်သည်။
ကာကွယ်ခြင်း
ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိပါ။ သို့ရာတွင် ကလေးအား
- အိပ်ရေးဝအောင် အိပ်စေခြင်း
- စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း
- ကဖိန်းဓာတ်ပါသော အစားအစာများ လျှော့၍ကျွေးခြင်း
- ဖြစ်စဥ်မတိုင်မီ ကြိုတင်၍နှိုးပေးခြင်း
- နောက်ခံရောဂါများကြောင့်ဖြစ်လျှင် ကုသမှုခံယူစေခြင်း စသည်တို့ဖြင့် ကာကွယ်ပေးနိုင်သည်။
ဆက်လက်ဖတ်ရှုရန်
အိပ်စက်စဥ် လှုပ်ရှား၍မရခြင်း (Sleep paralysis)
References:
- Sleep terrors (night terrors) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 24, 2024, from https://www.mayoclinic.org/diseases-conditions/sleep-terrors/diagnosis-treatment/drc-20353529
- Night terrors. (2024). Cleveland Clinic. Retrieved July 24, 2024, from https://my.clevelandclinic.org/health/diseases/night-terrors
- Night terrors. (2023). WebMD. Retrieved July 24, 2024, from https://www.webmd.com/sleep-disorders/night-terrors
- Sleepwalking (for parents). (n.d.). Retrieved July 24, 2024, from https://kidshealth.org/en/parents/sleepwalking.html
- Website, N. (2024). Sleepwalking. nhs.uk. Retrieved July 24, 2024, from https://www.nhs.uk/conditions/sleepwalking/
- Sleepwalking – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 24, 2024, from https://www.mayoclinic.org/diseases-conditions/sleepwalking/diagnosis-treatment/drc-20353511
Published: 18 January 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.