Blood in the urine – Haematuria (ဆီးထဲသွေးပါခြင်း)

Blood in the urine – Haematuria (ဆီးထဲသွေးပါခြင်း)

ဆီးထဲသွေးပါခြင်း (Blood in the urine/ Haematuria) သည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ အရေးကြီးလက္ခဏာတစ်ခုဖြစ်သည်။

ဆီးထဲသွေးပါခြင်းကို

  • သာမန်မျက်စိဖြင့် မြင်နိုင်သည့် ဆီးထဲသွေးပါခြင်း (Gross Haematuria) နှင့်
  • မိုက်ခရိုစကုပ်ဖြင့် စစ်ဆေးမှသာ တွေ့ရှိရသည့် ဆီးထဲသွေးပါခြင်း (Microscopic Haematuria) ဟူ၍ ခွဲခြားထားသည်။

သာမန်မျက်စိဖြင့် မြင်နိုင်သည့် ဆီးထဲသွေးပါခြင်းတွင် ဆီးကို သွေးရောင်၊ အညိုရောင်၊ ကော်ဖီရောင် စသည်ဖြင့် တွေ့ရနိုင်သကဲ့သို့ သွေးအခဲများပါ တွေ့ရနိုင်သည်။ ဒုတိယအမျိုးအစားတွင် မျက်စိဖြင့်ကြည့်လျှင် ဆီးအရောင်ပုံမှန်ဖြစ်နိုင်သော်လည်း မိုက်ခရိုစကုပ်ဖြင့် ဆီးစစ်ကြည့်မှသာ ဆီးထဲသွေးပါခြင်းကို သိရှိရသည်။

ဤအခြေအနေသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊ ပြင်းထန်သော အခြားကျန်းမာရေးပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဆီးထဲသွေးပါခြင်းကို တွေ့ရှိပါက စောစီးစွာ စစ်ဆေးကုသမှုခံယူရန် အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ယှဥ်တွဲလာတတ်သောလက္ခဏာများ

ဆီးထဲသွေးပါခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသည်။ အတွေ့ရများသော အကြောင်းရင်းများမှာ_

  1. ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary tract infections – UTIs)
    ကျောက်ကပ်၊ ကျောက်ကပ်မှ ဆီးအိမ်သို့ ဆက်သွယ်ထားသော ဆီးပို့ပြွန်၊ ဆီးအိမ်စသည့် ဆီးလမ်းကြောင်း အစိတ်အပိုင်းတစ်ခုတွင် ဘက်တီးရီးယားပိုးဝင်ပါက ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးမကြာခဏသွားခြင်း စသည့် လက္ခဏာများဖြစ်ပေါ်သည်။ ပိုမိုပြင်းထန်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အမျိုးအစားတစ်ခုဖြစ်သော pyelonephritis တွင်လည်း ဆီးထဲသွေးပါနိုင်သည်။ ကျောက်ကပ်တွင်းပိုးဝင်ခြင်းတွင် ဘက်တီးရီးယားပိုးသည် အောက်ဖက်ရှိ ဆီးပို့ပြွန် (Ureter) မှတစ်ဆင့် အပေါ်ရှိကျောက်ကပ်သို့ ရောက်ရှိခြင်း သို့မဟုတ် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းရှိ ဘက်တီးရီးယားပိုးသည် သွေးမှတစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ဆီးပိုးဝင်လျှင် အော့အန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ဗိုက်နာခြင်း၊ ခါးနာခြင်း စသည်တို့လည်း ယှဉ်တွဲ၍တွေ့နိုင်သည်။
  2. ကျောက်ကပ်၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတစ်လျှောက် ကျောက်တည်ခြင်း (Kidney, Ureteric and Bladder stones)
    ဆီးလမ်းကြောင်းတစ်လျှောက်တွင် ကျောက်တည်ပါက ဆီးလမ်းကြောင်း၏ အတွင်းနံရံကို ပွတ်တိုက်မိခြင်း၊ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးပိုးဝင်ခြင်းတို့ကြောင့် ဆီးထဲသွေးပါနိုင်သည်။
  3. ကျောက်ကပ်ရောဂါများ
    ရောဂါအမျိုးမျိုးကြောင့် ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)၊ နာတာရှည်ကျောက်ကပ်ရောဂါ (Chronic kidney disease) နှင့်ကျောက်ကပ်ကင်ဆာကဲ့သို့သော ရောဂါများကြောင့် ဖြစ်နိုင်သည်။
  4. ဆီးလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း
    ပြင်းထန်သည့် အားကစားနည်းများ၊ အမြင့်မှပြုတ်ကျမှုများ၊ ယာဉ်တိုက်မှုများ၊ သေနတ် (သို့မဟုတ်) ဓားဒဏ်ရာများ စသည်တို့ကြောင့် ဖြစ်နိုင်သည်။
  5. ဆီးကျိတ်ကြီးခြင်း
    မကြာခဏဆီးသွားခြင်း (Frequency)၊ ဆီးကျဉ်ခြင်း (Dysuria)၊ ဆီးချက်ချင်းသွားချင်ခြင်း (Urgency) စသည့် လက္ခဏာများလည်း ခံစားရနိုင်သည်။
  6. ဆီးလမ်းကြောင်းကင်ဆာ (ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးလမ်းကြောင်းတွင် ဖြစ်သောကင်ဆာများ)
    ကင်ဆာတွင် ဆီးထဲသွေးပါခြင်းနှင့်အတူ သွေးအားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ နုံးနယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ကို ယှဉ်တွဲတွေ့ရှိနိုင်သည်။
  7. သွေးရောဂါများ
    သွေးခဲခြင်းဆိုင်ရာ ပြဿနာများ၊ သွေးကင်ဆာကဲ့သို့သော ရောဂါများတွင် ဆီးထဲသွေးပါခြင်းနှင့်အတူ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းနှင့် ထိခိုက်ဒဏ်ရာရပါက သွေးမတိတ်ခြင်းတို့ကို ယှဉ်တွဲတွေ့ရှိနိုင်သည်။
  8. ဆေးဝါးများ
    Cyclophosphamide ကင်ဆာဆေး၊ ပင်နီစလင် ပိုးသတ်ဆေးအချို့ (သို့မဟုတ်) သွေးကျဲဆေးများ၊ NSAID အကိုက်အခဲပျောက်ဆေးများစသည်တို့ကြောင့် ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဆီးထဲသွေးပါကြောင်း သတိပြုမိလျှင် သို့မဟုတ် သံသယရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

အောက်ပါလက္ခဏာများနှင့်တွဲ၍တွေ့ရှိရပါက ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခုခုကို ညွှန်ပြနိုင်သောကြောင့် အမြန်ဆုံးပြသတိုင်ပင်သင့်သည်။

  • ဆီးထဲသွေးများစွာပါခြင်း
  • ဆီးသွားရာတွင် အလွန်နာကျင်ခြင်း
  • ခါး သို့မဟုတ် ဗိုက်အလွန်နာကျင်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ဆီးသွားရန် အခက်အခဲဖြစ်ခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း (အထူးသဖြင့် ဖြစ်စေနိုင်သော ရောဂါအခံများ ရှိမရှိနှင့် ကျောက်ကပ်ရောဂါ မျိုးရိုး ရှိမရှိ)၊ သေချာစွာ စမ်းသပ်စစ်‌ဆေးခြင်းတို့ကို ဦးစွာပြုလုပ်လိမ့်မည်။ စမ်းသပ်ရာတွင် အချို့လူနာများတွင် ဆီးကျိတ်ရောဂါကို သိရှိရန် စအိုအတွင်း လက်ညိုးဖြင့် စမ်းသပ်ရန် (Digital Rectal Examination)လိုအပ်နိုင်သည်။ ဆီးထဲသွေးပါခြင်းနှင့် ယှဉ်တွဲနေသည့် လက္ခဏာများကို ဆရာဝန်အား တင်ပြနိုင်ရန်လိုသည်။

ထို့နောက် ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သည်။

  • ဆီးစစ်ခြင်း – ‌ဆီးထဲတွင် သွေးနီဥများ၊ အသားဓာတ်များ၊ ဘက်တီးရီးယားများ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်၊ လိုအပ်ပါက ဆီးပိုးမွေးခြင်းကို ပြုလုပ်ရန်လိုသည်
  • သွေးစစ်ခြင်း – ကျောက်ကပ်၏လုပ်ဆောင်ချက်များ ကောင်းမွန်မှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
  • အာထရာဆောင်းရိုက်ခြင်း – ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း၊ အကျိတ်ရှိခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိနိုင်သည်
  • ကွန်ပြူတာဓာတ်မှန် (CT Scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) – ပိုမိုတိကျစွာ ရောဂါရှာဖွေနိုင်သည်
  • ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း (Cystoscopy) – ဆီးလမ်းကြောင်းမှတစ်ဆင့် သေးငယ်သော မှန်ပြောင်းပျော့ကို ထည့်သွင်းကာ ဆီးအိမ်အတွင်း ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
ကုသခြင်း

ဖြစ်ပွါးသည့် အကြောင်းရင်းအပေါ် မူတည်၍ ရောဂါကုသသည်။ အဓိကကုသမှုနည်းလမ်းများမှာ –

  • ဆီးလမ်းကြောင်းပိုးဝင်ပါက ပိုးသတ်ဆေးပေးခြင်း
  • ဆီးကျောက်တည်ပါက ကျောက်ကို ဖယ်ရှားခြင်း (ခွဲစိတ်ခြင်း သို့မဟုတ် အသံလှိုင်းဖြင့် ကျောက်ချေခြင်း)
  • ကျောက်ကပ်ရောဂါများအတွက် ရောဂါသဘာဝအပေါ်မူတည်ပြီး ဆေးဝါးဖြင့်ကုသမှုပေးခြင်းနှင့် လိုအပ်ပါက ကျောက်ကပ်အစားထိုးခြင်း
  • ကင်ဆာဖြစ်ပါက ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးများ အသုံးပြုခြင်း
  • ဆီးကျိတ်ကြီးပါက ဆေးဝါးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ခြင်း
ကာကွယ်ခြင်း

ဆီးထဲသွေးပါခြင်းကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာပါ။

  • ဆီးလမ်းကြောင်းကိုသန့်စင်စေပြီး ပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်ရန် ရေများများသောက်ပါ
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေး (အထူးသဖြင့် လိင်အင်္ဂါနှင့်အနီးတစ်ဝိုက်) ကိုဂရုစိုက်ပါ၊ ဆီးကြာရှည်မသွားဘဲ ဆီးအောင့်ထားခြင်းကို ရှောင်ကြဉ်ပါ၊ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးပါ၊ အထူးသဖြင့် သကြားဓာတ်၊ ဆိုဒီယမ်ဆားနှင့် အဆီများသော အစားအစာများကို လျှော့စားပါ
  • ဆေးလိပ်သောက်ခြင်းသည် ဆီးလမ်းကြောင်းကင်ဆာကို ဖြစ်စေနိုင်သဖြင့် ဆေးလိပ်ဖြတ်ပါ
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပါ (အထူးသဖြင့် အသက်ကြီးသူများနှင့် ဆီးလမ်းကြောင်းပြဿနာရှိသူများ)

References:

  1. Hematuria. (2025). Cleveland Clinic. Retrieved January 17, 2025, from https://my.clevelandclinic.org/health/diseases/15234-hematuria
  2. Blood in urine (hematuria) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved January 17, 2025, from https://www.mayoclinic.org/diseases-conditions/blood-in-urine/diagnosis-treatment/drc-20353436

Published: 31 January 2025

Share

Category

31 January 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.