Wisdom Teeth (အံဆုံးသွား)

Wisdom Teeth (အံဆုံးသွား)

အံဆုံးသွားသည် သွားတန်း၏အဆုံးတွင် ပေါက်သော တတိယမြောက်အံသွားဖြစ်သည်။ အရွယ်ရောက်ပြီးသူများတွင် နောက်ဆုံးပေါက်သည့် သွားဖြစ်သည်။ ယေဘုယျအားဖြင့် အံဆုံးသွားသည် အပေါ်သွားဖုံးတွင် ဘယ်ညာ (၂)ချောင်း၊ အောက်သွားဖုံးတွင် ဘယ်ညာ (၂)ချောင်း၊ စုစုပေါင်း (၄)ချောင်း ပေါက်‌လေ့ရှိသည်။ ယေဘုယျအားဖြင့် ၎င်းအံဆုံးသွားများသည် လူများတွင် မရှိမဖြစ် လိုအပ်သောသွားများ မဟုတ်ပါ။

အများအားဖြင့် အသက် (၁၇)နှစ် မှ (၂၅)နှစ်ကြားတွင် စပေါက်လေ့ရှိသော်လည်း အံဆုံးသွား (၄)ချောင်းလုံး အပြည့်မပေါက်သူများရှိသကဲ့သို့ အံဆုံးသွား လုံးဝမပေါက်သောသူများလည်း ရှိနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည်လည်း ပုံမှန်ဖြစ်စဥ်တစ်ခုသာဖြစ်သည်။

အံဆုံးသွားပြဿနာများဖြစ်ပေါ်ရသော အကြောင်းရင်းများ

အံဆုံးများသည် ပုံမှန်အနေအထားအတိုင်း ပေါက်ပါက ခံတွင်းအနောက်ဘက်ကို အထောက်အပံ့ဖြစ်စေပြီး မေးရိုးကို ထိန်းထားပေးနိုင်သည်။ ‌‌အစားအစာများ ပြင်ဆင်ချက်ပြုတ်မှု ကောင်းစွာ မထွန်းကားသေးသော ရှေးယခင်ခေတ်မှ လူသားများသည် အစားအစာများကို ကြိတ်ဝါးရန် အံသွားများကို အဓိကအသုံးပြုရသည်။ ထို့ကြောင့် ရှေးခေတ်လူသားများတွင် ပိုမိုကြီးမားသော မေးရိုးကြီးများရှိ၍ အံသွားများကို ကြိတ်ဝါးရန် ကောင်းစွာအသုံးချနိုင်ခဲ့သည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ အစားအစာ ပြုပြင်ချက်ပြုတ်မှုများ၊ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသဖြင့် ယခင်ကဲ့သို့ များစွာကြိတ်ဝါးရန် မလိုအပ်တော့ပေ။ ဤအချက်များကြောင့် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ လူတို့၏ အောက်မေးရိုးများသည်လည်း ပို၍သေးငယ်လာသည်။ အံဆုံးသွားပေါက်ရန် နေရာအလုံအလောက်မရှိသဖြင့် အံဆုံးသွားများ ထွက်လာသောအခါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာတတ်သည်။

အံဆုံးသွားများသည် ထွက်ပေါ်လာသည့် အနေအထားပေါ် မူတည်၍ အံသွား၏အ‌ရှေ့တွင် ပေါက်ခြင်း (mesioangular impaction)၊ အံသွား၏နောက်တွင် ပေါက်ခြင်း (distoangular impaction)၊ အလျားလိုက် ကန့်လန့်ပေါက်ခြင်း (horizontal impaction)နှင့် ဒေါင်လိုက်ပေါက်ခြင်း (vertical impaction) စသည်တို့တွေ့နိုင်သည်။

ယှဉ်တွဲလာတတ်သော လက္ခဏာများ

အပြည့်မပေါက်သေးသော အံဆုံးသွားများသည် လက္ခဏာတစ်စုံတစ်ရာမပြဘဲ ရှိနိုင်သကဲ့သို့ လက္ခဏာပြသည်များလည်း ရှိသည်။ အံဆုံးသွား ပုံမမှန်ပေါက်ခြင်းကြောင့် အံဆုံးသွားဘေးကပ်လျက်ရှိ အံသွားများပျက်စီးထိခိုက်ခြင်းနှင့် အခြားသောသွားပြဿနာများ ဖြစ်ပေါ် နိုင်သည်။

အဆိုပါ လက္ခဏာများမှာ_

  • သွားဖုံးနီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • သွားဖုံးနာကျင်ခြင်း သို့မဟုတ် သွေးယိုခြင်း
  • ‌မေးရိုးနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
  • ခံတွင်းနံ့ နံခြင်း
  • ခံတွင်းအတွင်း မသက်မသာခံစားရခြင်း
  • ပါးစပ်ဖွင့်ရန် ခက်ခဲခြင်း၊ နာကျင်ခြင်း စသည်တို့ဖြစ်သည်။

အထက်ပါလက္ခဏာများအပြင်

  • သွားပိုးဝင်ခြင်း
  • သွားအခေါင်းပေါက်ဖြစ်ခြင်း
  • ဘေးကပ်ရပ်ရှိသွား ထိခိုက်ပျက်စီးခြင်း
  • ရွဲ့စောင်း၍ ပေါက်ခြင်းကြောင့် သွားများထပ်ခြင်း
  • သွားဖုံးများ ထိခိုက်ပျက်စီးခြင်း
  • အရည်အိတ်ဖြစ်ခြင်း
  • အကျိတ်ဖြစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။
Wisdom teeth image
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် သွားဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။

ကုသခြင်း

ရောဂါလက္ခဏာမရှိသေးဘဲ အပြည့်မပေါက်သေးသော အံဆုံးသွားများကို သေချာဂရုစိုက်ရန် လိုအပ်သည်။ သို့သော် အထက်တွင်ဖော်ပြထားသော လက္ခဏာများရှိပါက အံဆုံးသွားကို နှုတ်၍ကုသရန် လိုအပ်သည်။ အံဆုံးပေါက်သည့် အခြေအနေပေါ် မူတည်၍ သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန်မှ ထုံဆေးသုံး၍ဖြစ်စေ၊ မေ့ဆေးသုံး၍ဖြစ်စေ၊ နှစ်မျိုးပေါင်း၍ဖြစ်စေ အံဆုံးသွားကို နှုတ်ပေးမည်။ ထုံဆေးပေး၍ အံဆုံးသွားနှုတ်ခြင်းသည်‌ အသေးစားခွဲစိတ်မှု ဖြစ်သောကြောင့် ဆေးခန်း၌ပင် ပြုလုပ်နိုင်သည်။ မေ့ဆေးဖြင့် အံဆုံးသွားနှုတ်ပါက ခွဲစိတ်ခန်းတွင် ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည်။ ထို့ကြောင့် အံဆုံးသွားမနှုတ်မီ သက်ဆိုင်ရာဆရာဝန်ကို ပြုလုပ်ရမည့် ခွဲစိတ်မှုနှင့် ပတ်သက်သော အချက်အလက်များကို သေချာအောင် မေးမြန်းရန်လိုသည်။

အံဆုံးနှုတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အံဆုံးသွားနှုတ်ခြင်းတွင် အချို့သော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။ ၎င်းပြဿနာများမှာ_

  • အံကပ်ခြောက်ခြင်း (dry socket)
  • အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် သွားနှုတ်လိုက်သောနေရာတွင် သွေးခဲယာယီဖြစ်ပေါ်လာပြီး အောက်မှ အရိုးနှင့်အာရုံကြောများကို ကာကွယ်ပေးသည်။ ထိုကဲ့သို့ သွေးခဲမဖြစ်ခြင်း၊ ဖြစ်ပြီးသားသွေးခဲ ပြုတ်ထွက်ခြင်းတို့ကြောင့် အနာမကျက်ခြင်း၊ အလွန်နာကျင်ခြင်း၊ ခံတွင်းနံ့ နံခြင်း၊ ‌ငွေ့ငွေ့ဖျားခြင်းနှင့် အရသာဆိုးများခံစားရခြင်း စသည်တို့ ခံစားရသည်။
  • အာရုံကြောထိခိုက်ခြင်း
  • အလွန်ရှားပါးသော ပြဿနာဖြစ်သည်။ လျှာ၊ နှုတ်ခမ်းနှင့် မေးစေ့နေရာများတွင် ထုံကျဥ်ခြင်းဖြစ်သည်။ ခေတ္တခဏ အာရုံကြောထိခိုက်ခြင်းမှ နာတာရှည် ထိခိုက်ခြင်းအထိ ဖြစ်နိုင်သည်။
  • သွေးထွက်များခြင်း
  • သွားနှုတ်ထားသောနေရာအောက်ရှိ သွားဖုံး (သို့မဟုတ်) မေးရိုးပိုးဝင်ခြင်း စသည်တို့ဖြစ်သည်။

ထို့ကြောင့် သွားနှုတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေရန် သက်ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

သွားနှုတ်ပြီး (၂၄) နာရီအတွင်း
လိုက်နာဆောင်ရွက်ရန်

  • သွားနှုတ်ထားသောနေရာကို သန့်စင်ထားသော ဝါဂွမ်းနှင့် (၄၅)မိနစ်ခန့် ဆက်တိုက်ဖိကိုက်ထားရမည်
  • သွားနှုတ်ထားသောဘက်ရှိ မျက်နှာရောင်ရမ်းခြင်းအတွက် ရေခဲတုံးအနည်းငယ်ကို အဝတ်သန့်ဖြင့်ထုပ်၍ ညင်သာစွာ (၁၀)မိနစ်ခန့် ကပ်ပေးနိုင်သည်
  • နာကျင်ကိုက်ခဲမှုများအတွက် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်သည်

ရှောင်ကြဥ်ရန်

  • ကိုက်ထားသောဂွမ်းကို နေရာရွေ့ကိုက်ခြင်း၊ ဝါးခြင်း၊ မကြာခဏလဲခြင်း၊ ရေခဲငုံခြင်းနှင့် ကြပ်ထုပ်ထိုးခြင်းများ (သွေးပြန်၍ထွက်စေနိုင်သည်)
  • သွားနှုတ်ထားသောနေရာကို လျှာဖြင့်ထိုးကြည့်ခြင်း၊ လက်ဖြင့်နှိုက်ခြင်းနှင့် တံတွေးမကြာခဏထွေးခြင်းများ (သွေးပြန်၍ထွက်စေနိုင်သည်)
  • အလေးအပင်များမခြင်း၊ ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း စသည့် ပင်ပန်းသောအလုပ်များ လုပ်ခြင်းများ (သွေးထွက်များစေနိုင်သည်)
  • အရည်များသောက်သည့်အချိန်တွင် ပိုက်ဖြင့် စုပ်သောက်ခြင်း (ရေခွက်ဖြင့်သောက်နိုင်သည်)
  • ပူလွန်းသောအစားအသောက်များ စားသောက်ခြင်း
  • အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း
  • သွားနှုတ်သည့်နေ့တွင် သွားတိုက်ခြင်း မပြုလုပ်ရပါ (နောက်ရက်တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားပြန်တိုက်နိုင်သည်)

သွားနှုတ်ပြီး ပုံမှန်မဟုတ်ဘဲ သွေးမတိတ်ခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်း စသည်တို့ ခံစားရပါက သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် ပြန်ပြရန် လိုအပ်သည်။

သွားနှုတ်ပြီး (၂၄)နာရီ ကျော်ပါက

  • ဆားရည် (သို့မဟုတ်) ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်း၍ ညင်သာစွာပြန်ထွေးထုတ်နိုင်သည်
  • အစာပျော့ပျော့ကို စတင်စားနိုင်သည်
  • ဆရာဝန်နှင့် ရက်ချိန်းပြန်ပြရန်လိုသည်
  • အံကပ်ခြောက်ခြင်း (dry socket) ဖြစ်ခြင်း ရှိမရှိကို စောင့်ကြည့်ရန်လိုသည်

အံဆုံးများသည် စားရန်၊ လှပရန်နှင့် စကားသံပီသရန်အတွက် မလိုအပ်သောကြောင့် အံဆုံးသွားများနှုတ်ပြီးပါက ပြန်စိုက်ရန် မလိုပါ။

ကာကွယ်ခြင်း

ယေဘုယျအားဖြင့် အံဆုံးသွား ပုံမမှန်ပေါက်ခြင်း မဖြစ်စေရန် ကာကွယ်၍ မရနိုင်ပါ။ သို့သော် (၆)လတစ်ကြိမ် သွားနှင့်ခံတွင်းကို ပုံမှန်စစ်ဆေးခြင်း ပြုလုပ်ရန်လိုအပ်သည်။ စစ်ဆေးမှုတွင် သွားနှင့်ခံတွင်းသန့်ရှင်းရေးနှင့် အံဆုံးသွားအနေအထား စသည်တို့ ပါဝင်သည်။ သွားဓာတ်မှန်ကိုလည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရိုက်ခြင်းဖြင့် အပြည့်မပေါက်သေးသော အံဆုံးသွားများ လက္ခဏာမပြခင် ကြိုတင်သိရှိနိုင်ပြီး စောစီးစွာကုသမှုခံယူနိုင်မည်ဖြစ်သည်။

References:

  1. Professional, C. C. M. (2024). Wisdom Teeth. Cleveland Clinic. Retrieved December 13, 2024, from https://my.clevelandclinic.org/health/body/23223-wisdom-teeth
  2. Dental Health and Wisdom Teeth. (2023). WebMD. Retrieved December 13, 2024, from https://www.webmd.com/oral-health/wisdom-teeth
  3. Impacted wisdom teeth – Symptoms and causes. (n.d.). Mayo Clinic. Retrieved December 13, 2024, from https://www.mayoclinic.org/diseases-conditions/wisdom-teeth/symptoms-causes/syc-20373808
  4. Wisdom teeth. (n.d.). Oral Health Foundation. Retrieved December 13, 2024, from https://www.dentalhealth.org/wisdom-teeth

Published Date: 27 December 2024

Share

Category

27 December 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.