အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဆိုသည်မှာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်း စသည်တို့၏ အတွင်းနံရံများတွင် ရောဂါရှိမရှိ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဆိုသည်မှာ သေးငယ်ပြီး ကွေးနိုင်ကောက်နိုင်သော လက်သန်းလုံးအရွယ်ခန့်ရှိ ပြွန်ကို အသုံးပြုသည်။ ယင်းပြွန်ထိပ်တွင် အလွန်သေးငယ်သော ဗီဒီယိုကင်မရာနှင့် အလွန်သေးငယ်သော ဓာတ်မီးကို တပ်ဆင်ထားသည်။ ယင်းမှန်ပြောင်းမှတစ်ဆင့် အစာအိမ်၊ အူလမ်းကြောင်း အထူးကုဆရာဝန်သည် အောက်ပါ ကိုယ်တွင်းအင်္ဂါများ၏ အတွင်းနံရံကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။
- အစာရေမျိုပြွန် (Oesophagus) – ခံတွင်းမှ အစားအစာများကို အစာအိမ်သို့ ပို့ဆောင်ပေးသော ပြွန်ချောင်းဖြစ်သည်။
- အစာအိမ် (Stomach) – စားသောက်လိုက်သော အစားအစာများကို လက်ခံထားပြီး စတင် အစာချေရာ အစိတ်အပိုင်းဖြစ်သည်။
- အူသိမ် ဦးပိုင်း (Duodenum) – အစာအိမ်အထွက်တွင် ရှိသော အူသိမ် ဦးပိုင်း ဖြစ်သည်။ သည်းခြေအိတ်၊ ပန်ကရိယတို့မှ အစာခြေရည်များကို သယ်ဆောင်လာသော ပြွန်များ ရှိသည်။
- စားချဥ်ပြန်ရောဂါ၊ အစာအိမ်အနာ၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် အလုံးအကျိတ်ဖြစ်ခြင်း၊ အူလှုပ်ရှားမှု မူမမှန်ခြင်း စသည့်ရောဂါများကို ရှာဖွေစစ်ဆေးနိုင်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
အစာအိမ်မှန်ပြောင်းကို
- အစာရေမျို၊ အစာအိမ်နှင့် အူသိမ်တို့၏ ကျန်းမာရေးစစ်ဆေးရန်
- အစာရေမျို၊ အစာအိမ်နှင့် အူသိမ်အတွင်း ရောဂါ ရှိမရှိ ရှာဖွေရန်
- အစာရေမျို၊ အစာအိမ်နှင့် အူသိမ်တို့မှ သံသယဖြစ်ဖွယ် နေရာများ၊ အသားပိုများ၊ အနာများတွေ့ပါက အသားစယူစစ်ဆေးရန်
- အစာရေမျို၊ အစာအိမ်နှင့် အူသိမ်အတွင်းမှ အသားပိုများနှင့် ကင်ဆာ အဖုအကျိတ်များကို ဖြတ်ထုတ်ကုသရန် အသုံးပြုသည်။
အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် ဖြစ်ပွားရသည့် အကြောင်းရင်း ရှာမရသည့်အခါ မှန်ပြောင်းကြည့်ရှုစစ်ဆေးရန် လိုအပ်သည်။
- ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း
- အသက် (၅၀) နှစ်နောက်ပိုင်းတွင် အစာမကြေ ရင်ပြည့်ရင်ကယ် စတင်ခံစားရခြင်း
- သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း စသည့် အစာခြေလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း
- မကြာခဏပျို့အန်နေခြင်း
- အစာစားသည့်အခါ နင်ခြင်း၊ မျိုရခက်ခြင်း၊ နာခြင်း
- အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း စသည့်တို့ ဖြစ်သည်။
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
ရောဂါရှာဖွေခြင်း
အစာခြေလမ်းကြောင်း အထက်ပိုင်း အတွင်းနံရံများကို ရှင်းလင်းစွာ မြင်နိုင်ပြီး လိုအပ်လျှင် အသားစ ယူကာ စစ်ဆေးနိုင်သည်။ ရောဂါများ ရှာဖွေရာတွင် သာမန်ဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုတိကျစွာ ရောဂါအဖြေထုတ်နိုင်သည်။
စစ်ဆေးနိုင်သော ရောဂါများမှာ –
- အစာရေမျိုပြွန် သွေးကြောဖောင်းများ (Oesophageal varices)
- စားချဥ့်ပြန်ရောဂါ (GERD)
- အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါများ
- ကင်ဆာမဟုတ်သော အဖုအကျိတ်များ
- အစာရေမျိုပြွန်ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်း စသည့် အခြေအနေများ
- အခြား အစာအိမ်၊ အူလမ်းကြောင်းရောဂါများ (ဥပမာ – Coeliac disease, Crohn’s disease)
- အစာအိမ်အနာ၊ အူသိမ်အနာ (Peptic ulcer disease) စသည့် ရောဂါများကို ရှာဖွေနိုင်သည်။
တချို့နိုင်ငံများတွင် အစာအိမ်ကင်ဆာရှိမရှိ ပုံမှန်စစ်ဆေးခြင်း (Cancer Screening) ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။
ရောဂါကုသခြင်း
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် အောက်ပါရောဂါများကိုထိရောက်စွာကုသနိုင်သည်။ ၄င်းတို့မှာ –
- အစာခြေလမ်းကြောင်း အပေါ်ပိုင်းမှ သွေးယိုလျှင် သွေးတိတ်အောင် ကုသနိုင်သည်။
- ကျဥ်းနေသော အစာချေလမ်းကြောင်းကို ချဲ့ပေးနိုင်သည်။
- အသားပို (သို့မဟုတ်) သေးငယ်သော အကျိတ်များကို ဖြတ်ထုတ် ဖယ်ရှားပေးနိုင်သည်။
- မတော်တဆ မျိုချမိသော အရာဝတ္ထုများကို ဆွဲထုတ် ဖယ်ရှားပေးနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အစာအိမ်မှန်ပြောင်းကြည့်ခြင်း
ဆေးရုံတက်ရန် မလိုအပ်ဘဲ နေ့ချင်းပြီး ပြုလုပ်နိုင်သည်။ မှန်ပြောင်းကြည့်ခြင်းသည် နာကျင်ခြင်း မရှိသော်လည်း ကြည့်နေစဥ် မအီမသာဖြစ်နိုင်သည်။ အိပ်ဆေး (သို့မဟုတ်) မေ့ဆေး အသုံးပြုမည်ဖြစ်သည်။ ထို့ကြောင့် မှန်ပြောင်းကြည့်ပြီးချိန် အပြန်ခရီးတွင် ကိုယ်တိုင်ကားမမောင်းသင့်ပါ။
မှန်ပြောင်းကြည့်ခြင်းသည် မိနစ် (၃၀) ခန့် ကြာမြင့်နိုင်သည်။ အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်။
- မှန်ပြောင်းကြည့်ရှုစစ်ဆေးရန် ကုတင်ပေါ်တွင် ဘယ်ဘက်ကို စောင်း၍ လှဲနေရမည်။
- ခံတွင်း၊ အာခေါင်ကို ထုံဆေး ဖျန်းပေးမည်ဖြစ်သည်။
- ထို့နောက် သွားများကို ကာကွယ်ရန် ပလပ်စတစ်အကာကို ပါးစပ်ဝတွင် ငုံထားရမည်။
- ဆရာဝန်သည် မှန်ပြောင်းကို ခံတွင်းမှတဆင့် အစာရေမျိုပြွန်၊ အစာအိမ် နှင့် အူသိမ် ဦးပိုင်းအထိ ထည့်သွင်းကြည့်ရှုစစ်ဆေးမည်။
- အတွင်းနံရံများကို ရှင်းလင်းစွာ မြင်နိုင်ရန် မှန်ပြောင်းမှတဆင့် လေမှုတ်သွင်း၍ ကြည့်ရှုရသည်။
- တီဗီဖန်သားပြင်တွင် အစာအိမ်၊ အူလမ်းကြောင်း ပုံရိပ်များကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။
- လိုအပ်လျှင် သေးငယ်သောအသားစကို ယူ၍ ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးရသည်။
- လိုအပ်လျှင် အသားပိုဖြတ်ခြင်း၊ သွေးတိတ်အောင် သားရေကွင်းပစ်ခြင်း၊ ဆေးဖြန်းခြင်း၊ ဆေးထိုးခြင်း စသည့် ကုသမှုများပြုလုပ်သည်။
မှန်ပြောင်းကြည့်ပြီးသည့်အခါ
ပေးထားသော အိပ်ဆေး၊ မေ့ဆေး ပြယ်သည့်အထိ ဆေးရုံတွင် နာရီအနည်းငယ်ခန့် ခေတ္တ အနားယူရမည်။ အိပ်ဆေး၊ မေ့ဆေးပြယ်လျှင် အိမ်သို့ ပြန်နိုင်သည်။
မှန်ပြောင်းသည် ခံတွင်း၊ အသံအိုးနှင့် လည်မျိုကို ဖြတ်သွားရသဖြင့် လည်ချောင်း အနည်းငယ်နာခြင်း၊ ရက်ပိုင်းမျှ အသံပြောင်းခြင်း၊ ချောင်းအနည်းငယ်ဆိုးခြင်းတို့ ဖြစ်နိုင်သည်။ ယင်းလက္ခဏာများ သက်သာစေရန် အစာပျော့ပျော့စားခြင်း၊ ရေအေးအေး သောက်ခြင်း၊ လည်ချောင်းငုံဆေးပြားများ ငုံခြင်းတို့ ပြုလုပ်ရန် လိုသည်။
မှန်ပြောင်းကြည့်ပြီးချိန်တွင် လေပွခြင်း၊ အိပ်ဆေး၊ မေ့ဆေးတို့ကြောင့် ပျို့ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်သည်။ ထို့ကြောင့် မှန်ပြောင်းကြည့်ပြီး နောက်တစ်ရက်မှသာ ကားမောင်းရန်၊၊ ပုံမှန်အလုပ်များ ပြန်လုပ်ရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
မှန်ပြောင်းကြည့်ခြင်းသည် အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းသော၊ ဆိုးကျိုးနည်းသော စစ်ဆေးမှု ဖြစ်သည်။ သို့သော် ရှားရှားပါးပါး ဖြစ်ပွားနိုင်သည့် အခြေအနေများကို သိရှိထားသင့်သည်။ ၄င်းတို့မှာ –
- အိပ်ဆေး၊ မေ့ဆေး မတည့်ခြင်း
- အစာအိမ်၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း၊
- ပိုးဝင်ခြင်း
- အစာအိမ်၊ အူလမ်းကြောင်း နံရံပြဲခြင်း၊ ပေါက်ခြင်း
- အစာအိမ်အတွင်းမှ အစာဟောင်းများ ပြန်ဆန်တက်ကာ အဆုတ်အတွင်း ရောက်သွားခြင်း တို့ဖြစ်သည်။
မှန်ပြောင်းကြည့်ပြီး ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသင့်သော အခြေအနေများ
အောက်ပါလက္ခဏာများ ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ချင်း ပြန်လည်ပြသရန်လိုအပ်သည်။
- ချောင်းဆိုးသွေးပါခြင်း
- သွေးအန်ခြင်း
- အစာမျိုရခက်ခြင်း
- ဖျားခြင်း
- ဝမ်းသွားသွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
- အထိမခံနိုင်အောင် ဗိုက်နာခြင်း
- ရင်ဘတ်အောင့်ခြင်း
- လည်ပင်းအလွန်နာခြင်း စသည့်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစာအိမ်မှန်ပြောင်းမကြည့်ရှုမီ ပြင်ဆင်ခြင်း
အစာခြေလမ်းကြောင်းကို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် အစာအိမ်ထဲတွင် အစာဟောင်းများ မရှိရန် လိုအပ်သည်။ ထို့ကြောင့် ဆရာဝန်သည် အောက်ပါအချက်များကို ညွှန်ကြားလိမ့်မည်။
- အစားအသောက်
- မှန်ပြောင်း မကြည့်ရှုမီ (၆) နာရီမှ (၈) နာရီခန့် အဖတ် လုံးဝမစားရပါ။
- ရေ၊ အရည်ကြည်များ သောက်သုံးနိုင်သည်။ အဖတ်မပါသော ပြုတ်ရည် (ဥပမာ – ကြက်ပေါင်းရည်)၊ ရေ၊ သကြားလုံး၊ ဂလူးကို့စ်အရည် စသည့် အရည်ကြည် (Clear liquids) များ သောက်သုံးနိုင်သည်။
- သောက်ဆေးများ
- အက်စ်ပရင်ကဲ့သို့ သွေးကျဲဆေးသောက်သုံးနေပါက ဆရာဝန်ညွှန်ကြားချက် အတိုင်း ခေတ္တ ရပ်တန့်ထားရန် (သို့မဟုတ်) ဆေးထိန်းညှိရန် လိုအပ်သည်။
- ဆီးချိုဆေးများ၊ သွေးပေါင်ထိန်းဆေးများ သောက်သုံးနေပါက ဆေးသောက်ပုံသောက်နည်း၊ ဆေးပြောင်းရန်လိုမလို စသည်တို့ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာရန် အရေးကြီးသည်။
References:
- Professional, C. C. M. (2024). Upper Endoscopy. Cleveland Clinic. Retrieved April 22, 2024, from https://my.clevelandclinic.org/health/treatments/4957-upper-endoscopy-procedure
- Upper endoscopy – Mayo Clinic. (n.d.). Retrieved April 22, 2024, from https://www.mayoclinic.org/tests-procedures/endoscopy/about/pac-20395197
- Brown C. & Lewis W. (2022). Upper gastrointestinal endoscopy. Oxford Handbook of Clinical Surgery (5th ed., pp. 366-369). OUP.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.