IUCD (သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း)

IUCD (သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း)

သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း Intrauterine Contraceptive Device (IUCD) သည် Copper ကြေးနီကွိုင် ပါဝင်ပြီးပလတ်စတစ်ဖြင့်လုပ်ထားသော T ပုံသဏ္ဌာန်ရှိသည့် ပစ္စည်းဖြစ်သည်။ T ပုံသဏ္ဌာန် ပစ္စည်းအောက်ခြေတွင် ကြိုးစနှင့်ဆက်ထားသည်။ သားအိမ်အတွင်းထည့် သားဆက်ခြား ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သားအိမ်အတွင်းတစ်ခါထည့်ထားလျှင် (၅)နှစ်မှ(၁၀)နှစ်ထိ သားဆက်ခြားပေးနိုင်သည်။

IUCD image1
ပြုလုပ်ရန် လိုအပ်သော အခြေအနေများ

သားဆက်ခြားပစ္စည်းအလုပ်လုပ်ပုံ

ဤပစ္စည်းကို သားအိမ်အတွင်းထည့်ထားခြင်းဖြင့်

  • copper ကြေးနီသည် သားအိမ်အတွင်း ဝင်ရောက်လာသော သုက်ပိုးလှုပ်ရှားမှုနှင့် ရှင်သန်မှုကို ဟန့်တားပေးသည်။ထို့အတူ သားဥအိမ်မှကြွေကျလာသော သားဥကိုလည်း အဆိပ်အတောက် ဖြစ်စေသည်။
  • သန္ဓေသားလောင်းသားအိမ်အတွင်း မကပ်တွယ်နိုင်အောင် တားဆီးပေးခြင်း
  • သားဥနှင့် သုက်ပိုးမတွေ့အောင် တားဆီးခြင်းဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်ပေးသော သားဆက်ခြားနည်းလမ်း တစ်ခုဖြစ်သည်။

အကျိုးကျေးဇူးများ

  • နှစ်ရှည်ခံ၍ ကုန်ကျစရိတ်သက်သာခြင်း
  • ဆေးခန်းပုံမှန်သွားရန်မလိုခြင်း
  • ရာသီပုံမှန်လာခြင်း
  • သွေးဆုံးချိန်ကိုသိနိုင်ခြင်း
  • ဟော်မုန်းမပါဝင်သည့်အတွက် တားဆေးကတ်၊ ထိုးဆေးတို့နှင့် မတည့်သူများလည်း အသုံးပြုနိုင်ခြင်း
  • နို့တိုက်မိခင်အသုံးပြုနိုင်ခြင်း
  • သားအိမ်အတွင်း ထည့်ထားသည့်ပစ္စည်းကို ပြန်ထုတ်လိုက်သည်နှင့် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ခြင်း
  • အရေးပေါ်ကိုယ်ဝန်တားဆေးအဖြစ် အသုံးပြုနိုင်ခြင်း

အားနည်းချက်များ

  • လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို မကာကွယ်ပေးနိုင်ခြင်း
  • ထည့်သွင်းစဥ် အနည်းငယ် မသက်မသာခံစားရနိုင်ခြင်း
  • သွေးဆင်းများနိုင်ခြင်း
  • စနစ်တကျလေ့ကျင့်ထားသော ကျန်းမာရေးဝန်ထမ်းများပေါ်မှီခိုရခြင်း
  • မိမိဘာသာ အသုံးမပြုနိုင်ခြင်း

သုံးစွဲရန်မသင့်တော်သူများ

  • Copper ကြေးနီ ဓာတ်မတည့်သူများ
  • ကလေးမွေးပြီး (၄၈)နာရီနှင့်အထက် နှင့် (၄)ပတ်အတွင်း ရှိသူများ
  • လတ်တလော ကိုယ်ဝန်ပျက်ကျထားပြီး ပိုးဆိပ်ရှိနေသူများ
  • သားအိမ် (သို့မဟုတ်) သားအိမ်ခေါင်း ရောင်ရမ်းနေသူများ
  • သားအိမ်အသားလုံးရှိသူများ
  • အကြောင်းရှာမရဘဲ မိန်းမကိုယ်မှသွေးဆင်းနေသူများ
  • သားဥပြွန်အတွင်း သန္ဓေတည်ဖူးသူ
  • အမျိုးသမီးမျိုးပွားအင်္ဂါတွင်ပိုးဝင်ခြင်း၊ ကင်ဆာရောဂါရှိသူများ
  • ကာလသားရောဂါ၊ ခုခံအားကျဆင်းရောဂါရှိသူများ
  • Wilson’s ရောဂါရှိသူများ
ကုသပုံအဆင့်ဆင့်
  • မထည့်သွင်းမီ ထည့်သွင်းပေးမည့် ကျန်းမာရေးဝန်ထမ်းမှ သားအိမ်အတွင်းထည့်ပစ္စည်း လုပ်ဆောင်ပုံနှင့် ထည့်သွင်းမည့် ဖြစ်စဉ်ကို အသုံးပြုမည့်ပစ္စည်းအား ပြသ၍ရှင်းပြပေးမည်။
  • ထိုသို့ထည့်သွင်းခြင်းအတွက် မေ့ဆေး၊ ထုံဆေးပေးရန်မလိုအပ်ပါ။
  • ဒူးထောင်ပေါင်ကား လှဲလျက်အနေအထားဖြင့် ကုတင်ပေါ်တွင် နေရမည်။
  • ဦးစွာသားအိမ်အနေအထားသိရန် ထည့်ပေးမည့်သူမှ မိန်းမကိုယ်အတွင်း လက်ထည့်ပြီး စမ်းသပ်မည်။
  • ထို့နောက် မိန်းမကိုယ်အတွင်းသို့ သားအိမ်ခေါင်းအဝကောင်းစွာမြင်နိုင်ရန် speculum ဘဲနှုတ်သီးကိရိယာကို ထည့်ပြီးကြည့်မည်။
  • ပြီးလျှင် သားအိမ်အတွင်းထည့်မည့် သားဆက်ခြားပစ္စည်းကို သားအိမ်ထဲ ညင်သာစွာထည့်မည်။
  • ထည့်ပြီးလျှင် ပစ္စည်း ကြိုးစကို မိမိကိုယ်တိုင် စစ်ဆေးနိုင်ရန် သင်ပြပေးမည်။ ပထမလတွင် တစ်ပတ်တစ်ကြိမ်၊ နောက်ပိုင်းတွင် ရာသီလာပြီးနောက်ရံဖန်ရံခါ မိမိဘာသာစစ်ဆေးကြည့်ရမည်။
IUCD IMG2

ကြိုးစ စစ်ဆေးနည်း

  • စမ်းမည့်လက်ကို စင်ကြယ်အောင်ဆေးပါ။ ဆောင့်ကြောင့်ထိုင်ပါ။ မိန်းမကိုယ်အတွင်း လက်ညှိုးထည့်၍ သားအိမ်ခေါင်းအဝနား ပစ္စည်း၏ကြိုးစ ရှိမရှိ စမ်းသပ်ပါ။ ကြိုးစကို မဆွဲရပါ။
  • ကြိုးစစမ်းမမိခြင်း၊ ရှည်နေခြင်း၊ တိုနေခြင်း ဖြစ်နေပါက ဆေးခန်းပြန်လာရန်လိုအပ်သည်။ အရေးပေါ်သားဆက်ခြားရန် လိုအပ်နိုင်သည်။

စထည့်သင့်သည့် အချိန်

  • ရာသီသွေးစလာပြီး (၇)ရက်အတွင်း ထည့်လျှင်အကောင်းဆုံးဖြစ်သည်။ (သွေးဆင်းများနေသောနေ့တွင် မထည့်သင့်ပါ)
  • ရာသီသွေးစလာပြီး (၇)ရက်အတွင်း မဟုတ်သော်လည်း ကိုယ်ဝန်မရှိဟု သေချာလျှင် အခြားမည်သည့်နေ့မဆို ထည့်နိုင်ပါသည်။ မထည့်ခင် ကိုယ်ဝန်ရှိ၊မရှိ အရင်စစ်ဆေးရန်လိုသည်။
  • ကလေးမွေးပြီးပြီးချင်း (၄၈)နာရီအတွင်း
  • ကလေးမွေးပြီး (၁)လ ကျော်
  • သားပျက်သားလျှော ဖြစ်ပြီးပြီးချင်းအချိန်

ပြန်ထုတ်ခြင်း လုပ်ဆောင်ချက်

  • ဒူးထောင်ပေါင်ကား လှဲလျက်အနေအထားဖြင့် ကုတင်ပေါ်မှာနေရမည်။
  • သားအိမ်ခေါင်းအဝမြင်ရအောင် ဘဲနှုတ်သီးကိရိယာကို ထုံဆေး ဂျယ်လီ သုတ်ပြီး မိန်းမကိုယ်အတွင်းထည့်မည်။
  • ပစ္စည်းကြိုးစလေးမြင်ရလျှင် Artery forceps ကိရိယာဖြင့် ကြိုးစကိုညှပ်ပြီး အသာဆွဲထုတ်မည်။
နောက်ဆက်တွဲ ဆိုးကျိုးများ

အချို့သောသူများတွင် ဘေးထွက်ဆိုးကျိုးများခံစားရနိုင်သည်။

  • ထည့်ခါစတွင် ရက်အနည်းငယ်သွေးဆင်းနိုင်ခြင်း ၊ သွေးတစ်စက်စက်ဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်းများ ထည့်ပြီးရက်သတ္တပတ်အတွင်း ဖြစ်နိင်သည်။
  • သွေးဆင်းများခြင်း၊ ရက်ရှည်ရှည်ဆင်းခြင်း၊ ရာသီလာရက်တစ်လနှင့် တစ်လကြားတွင် သွေးဆင်းခြင်း
  • ရာသီလာစဥ် ပိုမိုနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်သည်။

သို့သော် ထိုဘေးထွက်ဆိုးကျိုးများသည် ထည့်ပြီး (၃)လမှ (၆)လအတွင်းတွင်သာ ဖြစ်လေ့ရှိသည်။ နောက်ပိုင်းတွင်ပြန်ကောင်းသွားတတ်သည်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

ဆေးခန်းပြန်ပြသင့်သည့်အခြေအနေများ

ထည့်ပြီး (၃)ပတ်မှ (၆)ပတ်အကြား သို့မဟုတ် ရာသီလာပြီးနောက်စစ်ဆေးရန် ပြန်ပြသင့်သည်။ အောက်ပါအခြေအနေများ ဖြစ်ပေါ်ခံစားရပါက ဆရာဝန်နှင့် ပြန်ပြသင့်သည်။

  • ရာသီသွေးဆင်းများခြင်း
  • မိန်းမကိုယ်မှ အနံ့နံသောအဖြူရည်များဆင်းခြင်း
  • ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်၊ တင်ပါးဆုံရိုးခွင်အတွင်း မခံမရပ်နိုင်အောင် ကိုက်ခြင်း
  • ရာသီသွေးမပေါ်လျှင် သို့မဟုတ် ကိုယ်ဝန်ရှိနေသည်ဟု သံသယဖြစ်ခြင်း
  • စစ်ဆေးသည့်အခါ ကြိုးစရှည်ခြင်း၊ တိုခြင်း၊ စမ်းမမိခြင်း
  • လိင်မှတစ်ဆင့်ကူးစက်ရောဂါများနှင့် HIV ရောဂါ ရရှိသည်ဟု သံသယဖြစ်ခြင်း စသည်တို့ဖြစ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.