Cervical cancer screening (သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်း)

Cervical cancer screening (သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်း)

သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းဆိုသည်မှာ သားအိမ်အပေါက်ဝရှိ သားအိမ်ခေါင်းနေရာမှ ဆဲလ်များ၊ အချွဲမြှေးများကိုယူ၍ မူမမှန်ဆဲလ်များ ရှိမရှိ စစ်ဆေးနည်းဖြစ်သည်။ ဤသို့ စစ်ဆေးခြင်းသည် သားအိမ်ခေါင်း ကင်ဆာဖြစ်နေခြင်း ရှိမရှိ စစ်ဆေးသောနည်း မဟုတ်ပါ။ တစ်ချိန်တွင်သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိသူများကို ထိုသို့စစ်ဆေးခြင်းဖြင့် ကြိုသိနိုင်ပြီး သားအိမ်ခေါင်းကင်ဆာမဖြစ်ရန် ကာကွယ်ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
  • အရွယ်ရောက်ပြီး လိင်ဆက်ဆံဖူးသော သားအိမ်ခေါင်းရှိသည့် မည်သူမဆို
  • အသက်အရွယ်အားဖြင့် အသက် (၂၅)နှစ် မှ (၆၄)နှစ်အတွင်းရှိသူများ စစ်ဆေးရန် တိုက်တွန်းထားသည်။

စစ်ဆေးခြင်းဖြင့်ရနိုင်သောအကျိုးကျေးဇူးများ

သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သောကင်ဆာဖြစ်ပြီး စောစီးစွာသိရှိပါက ကုသ၍ပျောက်ကင်းနိုင်သော ကင်ဆာအမျိုးအစားတွင် ပါဝင်သည်။ အကြိုစစ်ဆေးခြင်းကို ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာအဆင့်သို့ မရောက်ခင်ကာလကတည်းက သိနိုင်ခြင်း၊ စောစီးစွာသိ၍ကုသခဲ့ပါက ကင်ဆာမဖြစ်လာရန် ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိသည်။

ပုံမှန်စစ်ဆေးခြင်း

  • အသက် (၂၅) မှ (၄၉)နှစ်အတွင်းတွင် (၃)နှစ် တစ်ကြိမ်
  • အသက် (၅၀) မှ (၆၄)နှစ်အတွင်းတွင် (၅)နှစ် တစ်ကြိမ်
  • HIV ရောဂါပိုးရှိသူများတွင် တစ်နှစ် တစ်ကြိမ် စစ်ဆေးသင့်သည်။

သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေးခြင်း ပြုလုပ်ရန် မသင့်တော်သော အခြေအနေများ

  • ရာသီလာနေချိန်
  • ကလေးမွေးပြီး (၃) လ မတိုင်ခင်
  • ကိုယ်ဝန်ပျက်ကျပြီး (၃) လအတွင်း
  • အဖြူဆင်းနေချိန်၊ မိန်းမကိုယ်မျိုးပွားအင်္ဂါလမ်းကြောင်း ပိုးတစ်ခုခုဝင်နေချိန်
  • ကိုယ်ဝန်ဆောင်ချိန်

အထက်ပါအချိန်များတွင် စစ်ဆေးပါက အငြင်းပွားဖွယ်ရာအဖြေများ ထွက်ရှိနိုင်သ​ဖြင့် စစ်ဆေးခြင်းကို ရွှေ့ဆိုင်းရန် လိုအပ်နိုင်သည်။ သားအိမ်ခေါင်းအကြိုစစ်ဆေးခြင်းတွင် နာကျင်မှုမရှိသလောက် နည်းပါးပြီး၊ ဘဲနှုတ်သီးကိရိယာထည့်ရာတွင် အနည်းငယ် ကသိကအောက်ဖြစ်နိုင်သည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
CCS IMG1

သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေးခြင်းကို စစ်ဆေးနိုင်သော နည်းလမ်း (၃) မျိုးရှိသည်။

  1. ကြွက်နို့ပိုး၏ မျိုးဗီဇ စစ်ဆေးခြင်း (HPV DNA test)
    • HPV (Human Papillomavirus) ပိုးဝင်ရောက်ကူးစက်ခြင်း ရှိမရှိ ကိုစစ်ခြင်းဖြစ်သည်။
      စစ်ဆေးလုပ်ဆောင်ပုံ
    • ကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကားပုံစံနှင့် လှဲနေသောအနေအထားတွင် စစ်သည်။ ဘဲနှုတ်သီးဟုခေါ်သော ကိရိယာငယ်ကို ထုံဆေးသုတ်၍ မိန်းမကိုယ်မွေးလမ်းကြောင်းအတွင်းသို့ အရင်သွင်းသည်။ သားအိမ်ခေါင်းကိုမြင်ရလျှင် တံမြက်စည်းပုံစံ (brush) အတံကို ထည့်၍ စက်ဝိုင်းပုံစံ (၄-၅) ကြိမ်ခန့်လှည့်ပြီး ဆဲလ်များပါလာရန် ခြစ်ယူသည်။
    • ထို့နောက် ဆဲလ်များပါသော brush တံကို သတ်မှတ်ထားသည့် နမူနာ (sample) ဘူးထဲသို့ထည့်၍ ဓာတ်ခွဲခန်းပို့စစ်ဆေးသည်။
    • ထိုအခါ သက်ဆိုင်ရာ ရောဂါဗေဒအထူးကုဆရာဝန်မှ စစ်ဆေး၍ အဖြေကိုထုတ်ပေးသည်။
  2. ဆဲလ်ကို စစ်ဆေးသောနည်း (Cytology Test)
    • ဤသို့စစ်ဆေးသည့်နည်းတွင် နည်းလမ်း (၂)မျိုးထပ်ရှိသည်။
      သမားရိုးကျ သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးသောနည်း (Conventional Pap smear) နှင့်
      ဆေးရည်ကို အခြေခံသော သားအိမ်ခေါင်း ဆဲလ် စစ်ဆေးနည်း (Liquid based cytology) ဟူ၍ ဖြစ်သည်။

      စစ်ဆေးလုပ်ဆောင်ပုံ
    • Liquid Based Cytology နည်းသည် HPV testတွင် အချွဲမြှေးယူသောနည်းနှင့် အတူတူပင်ဖြစ်သည်။ နှစ်မျိုးလုံး တစ်ပြိုင်နက် တွဲစစ်နိုင်သည်။
    • Conventional Pap Smear နည်းသည် လုပ်ပုံလုပ်နည်းချင်းတူပြီး ယူသောအခါ တံမြက်စည်းပုံစံ brush မဟုတ်ဘဲ ရေခဲချောင်းအလယ်က တုတ်တံကဲ့သို့ အပြားငယ်လေးကို ထည့်ပြီးလှည့်ခြင်းဖြစ်သည်။ ထိုတုတ်တံတွင် ကပ်ပါလာသော ဆဲလ်များကို ဖန်ပြားပေါ်တင် ဖိဆွဲပြီးနောက် ရောဂါဗေဒအထူးကုဆရာဝန်များမှ ကြည့်ရှုစစ်ဆေးပေးခြင်း ဖြစ်သည်။
    • ယူထားသောဆဲလ်များကို တာရှည်ခံအောင်ထည့်ရသည့် ဆေးရည်ထည့်ခြင်း၊ ဖလင်ပြားများကပ်ပြီး ပို့သောအခါ ဆဲလ်များ ပျက်စီးထိခိုက်မှုများ၍ အဖြေမှားနိုင်သဖြင့် အသုံးနည်းသွားကြပြီး ဆေးရုံများ၌သာ အသုံးများသည်။
  3. ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကို ဆေးတို့ပြီး စစ်ဆေးသောနည်း [Visual Inspection with acetic acid (VIA)]

    စစ်ဆေးလုပ်ဆောင်ပုံ
    • ဒူးထောင်ပေါင်ကားပုံစံနှင့် လှဲအိပ်နေသော အနေအထားတွင် စစ်ဆေးသည်။ ဘဲနှုတ်သီးကိရိယာတွင် ထုံဆေးဂျယ်လီ (jelly) သုတ်၍ မိန်းမကိုယ်မွေးလမ်းကြောင်း အတွင်းသို့ ထည့်သည်။ 5% Acetic acid တစ်နည်းအားဖြင့် ရှာလကာရည်အက်စစ်အပျော့စားကို ဂွမ်းနှင့်စိုအောင် ဆေးရည်ထဲနှစ်ပြီး ထိုဂွမ်းကို သားအိမ်ခေါင်းအားသုတ်လိုက်ရပါမည်။
    • (၁)မိနစ်စောင့်ပြီး ပြောင်းလဲသွားသော ပုံစံကိုကြည့်ခြင်း ဖြစ်သည်။
သိရှိနိုင်သောအဖြေများ
  1. HPV test တွင် Positive (ပိုးရှိခြင်း) နှင့် Negative (ပိုးမရှိခြင်း) အဖြေ (၂)မျိုးသာရှိသည်။
    • Negative အဖြေဆိုပါက ပိုးမရှိသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းသောကြောင့် (၅) နှစ် ကြာသည့်အခါမှသာ ပြန်စစ်ရန်လိုသည်။
    • Positive အဖြေထွက်လျှင် cytology ပါတွဲစစ်ရန်လိုအပ်ပြီး cytology အဖြေအပေါ်မူတည်၍ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ခြင်း (သို့မဟုတ်) ထပ်မံစောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ရနိုင်သည်။
  2. Cytology တွင် အဖြေမကောင်းလျှင် မူမမှန်ဆဲလ်များရှိနေခြင်းကို အဆင့်အလိုက် ရောဂါဗေဒဆရာဝန်မှ ခွဲထုတ်အဖြေပေးသည်။
    • ပုံမှန်မဟုတ်သည့် ဆဲလ်တွေ့ရှိပါက အမျိုးအစားအားဖြင့် –
      • အနုစားအပျော့စား မတင်မကျ အဆင့် (mild/borderline)
      • အလယ်အလတ် အသင့်အတင့် အဆင့် (moderate)
      • ပြင်းထန်အဆင့် (severe) – အဆင့် ဟူ၍ရှိသည်။ ။
    • အလယ်အလတ် အသင့်အတင့်အဆင့် (moderate) ကို သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် (၂) (CIN II) နှင့်တူသည်ဟုလည်းကောင်း၊ ပြင်းထန်အဆင့် (severe) ကို သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် (၃) (CIN III) နှင့်တူသည်ဟုလည်းကောင်း အကြမ်းအားဖြင့်ခန့်မှန်းကြသည်။ ခန့်မှန်းခြင်းဖြစ်၍ အတိအကျပြော၍ မရနိုင်သေးပါ။
    • အလယ်အလတ်အဆင့် (သို့မဟုတ်) ပြင်းထန်သားအိမ်ခေါင်းကင်ဆာ အကြိုဆင့် (Moderate or severe Dyskaryosis) အဖြေတွေ့ခဲ့ပါက သားအိမ်ခေါင်းမှန်ပြောင်း (Colposcope) ကြည့်ရန်လိုအပ်နိုင်သည်။
    • အနုစား (သို့မဟုတ်) မတင်မကျ သားအိမ်ခေါင်းကင်ဆာ အကြိုဆင့် (Mild or Borderline) အဖြေထွက်ခဲ့ပါက၊ ပုံမှန်ကဲ့သို့ (၃)နှစ် တစ်ကြိမ် စစ်ဆေးခြင်း မဟုတ်ဘဲ၊ (၆) လပြည့်ပါက တစ်ကြိမ် ထပ်မံစစ်ဆေးရန် လိုအပ်သည်။ HPV testနှင့် တွဲဖက်စစ်ဆေးသင့်သည်။ HPV အဖြေတွင် negative ဟုထွက်ပါက ပုံမှန်အတိုင်း (၃) နှစ်ပြည့်သည့်အခါမှ ပြန်စစ်နိုင်သည်။ HPV အဖြေတွင် positive ဟုထွက်ခဲ့လျှင် တစ်ဆက်တည်း သားအိမ်ခေါင်းမှန်ပြောင်း ကြည့်ရန်လိုအပ်နိုင်သည်။
    • ကင်ဆာ သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိခြင်း (Suspicious of malignancy) အဖြေကို ရရှိပါက ကင်ဆာဖြစ်နိုင်ခြေများ၍ သားအိမ်ခေါင်းမှန်ပြောင်းကို အမြန်ဆုံးကြည့်ရန်လိုအပ်နိုင်သည်။
    • သွေးဆုံးပြီးနောက် သားအိမ်သေးကျုံ့ခြင်း (Atrophy or Atrophic changes) ကို သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် တွေ့ရတတ်သည်။၎င်းအတွက် မည်သည်မှထပ်မံပြုလုပ်စရာမလိုပါ။
    • စစ်ဆေးရန် မလုံလောက်သော အချွဲမြှေး (Inadequate/Unsatisfactory smear) ဆိုသည်မှာ ဓာတ်ခွဲခန်းသို့ ပေးပို့လိုက်သော အချွဲမြှေး နမူနာ (sample) တွင် သားအိမ်ခေါင်းဆဲလ် လုံလောက်စွာမပါလာ၍ အဖြေထုတ်ရန်ခက်ခဲခြင်းဖြစ်သည်။ ပြန်စစ်ရန်လိုအပ်နိုင်သည်။
    • ပုံမှန် ရောဂါမရှိသောအချွဲမြှေး (Normal smear) သည် မူမမှန်ဆဲလ်များ မတွေ့ရ၍ ပုံမှန်အတိုင်း (၃)နှစ် တစ်ကြိမ် (သို့မဟုတ်) (၅)နှစ် တစ်ကြိမ်မှ ပြန်စစ်ရန်လိုသည်။
  3. VIA စစ်နည်းတွင် Positive နှင့် Negative အဖြေဟူ၍ရှိသည်။
    • Negative အဖြေဖြစ်လျှင် ပုံမှန်အတိုင်း (၃)နှစ် တစ်ကြိမ် ပြန်စစ်ရန်လိုသည်။
    • Positive အဖြေဖြစ်လျှင် အပူဖြင့်ကုသနည်း (Thermal ablation)၊ အအေးဖြင့်ကုသနည်း (cryotherapy)၊ ပုံပြောင်းဆဲလ်နေရာကိုဖြတ်ထုတ်ခြင်း (LLETZ – Large Loop Excision of Transformation Zone) အစရှိသော သင့်လျော်မည့်နည်းလမ်းများဖြင့် တစ်ပါတည်း ကုသနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • ဆဲလ်များကို ခြစ်ယူ၍ စစ်ဆေးခြင်းကြောင့် သွေးအနည်းငယ်ဆင်းခြင်း (Spotting) ဖြစ်တတ်သည်။ စိုးရိမ်ရန် မလိုပါ။ အလိုအလျောက် ပြန်ကောင်းသွားပါလိမ့်မည်။
  • နာရီအနည်းငယ်ကြာသည်အထိ သွေးဆင်းမရပ်ခြင်း၊ သွေးဆင်းများခြင်းဖြစ်ပါက ဆေးရုံ၊ ဆေးခန်း ပြန်ပြရန် လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.