အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ခြင်းသည် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း (pleural effusion)ကြောင့် ဖြစ်ပေါ်သောရောဂါလက္ခဏာများ သက်သာစေရန်နှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှာဖွေရန် ပြုလုပ်ခြင်းဖြစ်သည်။ အဆုတ်အမြှေးပါးအတွင်းမှ အရည်ပိုများကို အပ်နှင့်ပိုက်ချောင်းကို အသုံးပြု၍ ဖယ်ရှားခြင်းဖြစ်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်ရခြင်း အကြောင်းရင်းများ
- ရောဂါရှာဖွေရန် အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ခြင်း (diagnostic thoracocentesis)
- အကြောင်းရင်းတိတိကျကျ မသိဘဲ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း
- ရင်ဘတ်ဓာတ်မှန်၊ အာထရာဆောင်းနှင့် ကွန်ပြူတာဓာတ်မှန်တို့တွင် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကိုတွေ့ရှိပါက အရည်ကို စုပ်ထုတ်၍ ဓာတ်ခွဲခန်းသို့ပိုပြီး ရောဂါရှာဖွေရမည်။ ထိုသို့ အဆုတ်အမြှေးပါးအတွင်းမှ အရည်ကိုစစ်ဆေးခြင်းဖြင့် အောက်ဖော်ပြပါရောဂါများ ရှာဖွေရာတွင် များစွာအထောက်အကူပြုသည်။
- အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း ( empyema)
- အဆုတ်တွင် သွေးခဲခြင်း
- ကင်ဆာရောဂါ
- အဆုတ်သွေးပြန်ကြောမကြီးအတွင်း ဖိအားများခြင်း
- အသည်းလုပ်ငန်းများပျက်စီးခြင်း
- အဆုတ်ရောင် နမိုးနီးယားရောဂါ
- တီဘီရောဂါ အစရှိသောရောဂါများကို ရှာဖွေရန် အထောက်အကူပြုသည်။
- ရောဂါ လက္ခဏာများသက်သာစေရန် အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ခြင်း (therapeutic thoracocentesis)
- အဆုတ်အမြှေးပါးအတွင်း အရည်များစွာစုမိသောကြောင့် ဖြစ်ပေါ်လာသော မောခြင်း၊ အသက်ရှူမဝခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်းတို့ကို သက်သာစေရန် အရည်များ စုပ်ထုတ်ပေးရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ရန် ဆုံးဖြတ်ခြင်း
- ဆရာဝန်များမှ လူနာနှင့်လူနာရှင်ကို အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်သည့်အကြောင်းရင်းများ၊ ပြုလုပ်ပုံ အဆင့်ဆင့်နှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြရမည်။ လူနာမှ သေချာစွာနားလည်သိရှိကြောင်းနှင့် ပြုလုပ်ရန်သဘောတူကြောင်းကို လက်မှတ်ရေးထိုးရသည်။
- မိမိတွင် သွေးထွက်ရောဂါရှိခြင်း ၊ သွေးမခဲဆေးများသောက်နေရခြင်း နှင့် ဓာတ်မတည့်သောဆေးများ ရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်။ သို့မှသာ ဆရာဝန်များမှ လိုအပ်သော ကြိုတင်ပြင်ဆင်ကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ခြင်း
အရည်များစုပ်ထုတ်ရန် ဆေးရုံတက်နေသော လူနာဖြစ်လျှင် လူနာကုတင်ဘေးတွင်ဖြစ်စေ (သို့မဟုတ်) ပြင်ပလူနာဖြစ်ပါက ပြင်ပလူနာဌာနရှိ အခန်းထဲတွင်ပင် ပြုလုပ်နိုင်သည်။
- ပထမဦးစွာ လူနာ၏အင်္ကျီကို ဖယ်ရှားပြီး ဆေးရုံမှသတ်မှတ်ထားသော အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ရမည်။
- သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း၊ အောက်ဆီဂျင် တို့ကိုတိုင်းတာပြီး လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်လိမ့်မည်။
- သက်တောင့်သက်သာရှိသော အနေအထားတွင် လူနာကိုထိုင်စေလျက် ရှေ့သို့အနည်းငယ်ကုန်းကာ စားပွဲပေါ်တွင် လက်တင်ထားရမည်။
- ထို့နောက် အာထရာဆောင်း၏ အကူအညီဖြင့် အရည်စုပ်ထုတ်ရန် အပ်ထိုးထည့်ရမည့်နေရာကို အရေပြားပေါ်တွင် မှတ်သားပါမည်။
- အပ်ထိုးထည့်ရမည့် နေရာနှင့် အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။
- မှတ်သားထားသောနေရာတွင် အပ်ထိုးထည့်သောအခါ အနာသက်သာစေရန် ထုံဆေးထိုးပေးလိမ့်မည်။
- ထိုနေရာထုံလာသောအခါ အဆုတ်အမြှေးပါးအတွင်းမှ အရည်များကိုစုပ်ထုတ်ရန် အပ်ကို မှတ်သားထားသော နေရာတွင်ထည့်ပါမည်။
- အရည်များကိုအပ်ဖြင့် စုပ်ထုတ်ပြီး ဆက်သွယ်ထားသော ပိုက်ချောင်းမှတဆင့် ပုလင်း (သို့)အိတ်အလွတ်ထဲသို့ စီးဆင်းစေသည်။
- အရည်များကိုလုံလောက်အောင် ဖယ်ရှားပြီးသောအခါ အပ်ကိုပြန်ဆွဲထုတ်ရမည်။
- ထို့နောက် အပ်ဆွဲထုတ်လိုက်သောနေရာကို ပတ်တီး၊ပလာစတာတို့ဖြင့် အုပ်ထားရမည်။
အရည်များကို ဖယ်ရှားပြီးနောက်
- အဆုတ်ကို ထိခိုက်ဒဏ်ရာရှိ၊မရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ရိုက်ရန် လိုအပ်သည်။
- အကယ်၍ အရည်ပမာဏများစွာကို ဖယ်ရှားခဲ့လျှင် ဆေးရုံတွင် အချိန်ခဏကြာအောင် စောင့်ကြည့်ရန် လိုအပ်သည်။
- အသက်ရှူမြန်ခြင်း၊ အောက်ဆီဂျင်ကျခြင်းတို့ကို သေချာစွာစောင့်ကြည့်ပြီး မည်သည့်ပြဿနာမှ မရှိပါက အိမ်သို့ပြန်နိုင်သည်။
- စုပ်ထုတ်လိုက်သော အရည်များကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးရန်လိုအပ်သည်။
သိရှိနိုင်သောအဖြေများ
စုပ်ထုတ်လိုက်သောအရည်တွင်ပါသည့် ဆဲလ်များ၊ ပရိုတိန်းပမာဏ၊ ပိုးအမျိုးအစား စသည်တို့သိရှိနိုင်သည်။ ထိုအဖြေများပေါ်မူတည်၍ ဖြစ်ပေါ်ရသောအကြောင်းအရင်းများကို ခန့်မှန်းသိရှိနိုင်ပြီး တိကျသောကုသမှုကို ခံယူနိုင်မည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
များသောအားဖြင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ သာမန်သာဖြစ်ပြီး အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။
- အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (pneumothorax)
အများအားဖြင့် အလိုအလျောက် ပြန်လည်သက်သာသွားနိုင်သည်။ သို့သော် လေပမာဏများပါက အဆုတ်ကျုံ့နိုင်သဖြင့် သေးငယ်သော ပြွန်ချောင်းထည့်၍ လေထုတ်ပြီးကုသနိုင်သည်။ - အပ်ထည့်သည့်နေရာတွင် နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်။
- အဆုတ်နှင့်အနီးတဝိုက်တွင် သွေးထွက်ခြင်းများ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- အိမ်သို့ပြန်ရောက်ပြီးနောက် ပုံမှန် အစားအသောက်အတိုင်း စားသောက်နိုင်သည်။ ပြင်းထန်သော လှုပ်ရှားမှုများကို ရက်အနည်းငယ် မပြုလုပ်ရန်လိုအပ်သည်။
- အဖျား (၁၀၀) ဒီဂရီ နှင့် အထက်ဖြစ်ခြင်း၊ အပ်ထုတ်လိုက်သောနေရာတွင် ရောင်ရမ်းပြီးနီရဲလာခြင်း၊ အပ်ထုတ်ထားသောနေရာမှ သွေး (သို့မဟုတ်) အခြားသော အရည်များထွက်လာခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ဖြစ်ပေါ်လျှင် ဆရာဝန်ကိုချက်ချင်းအသိပေးပြီး ကုသမှုခံယူရမည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.