အီးအီးဂျီ (EEG) ဆိုသည်မှာ ဦးနှောက်၏လျှပ်စီးလှိုင်းများကို ပုံရိပ်ဖော်စစ်ဆေးခြင်းဖြစ်သည်။ Electroencephalography ကို အတိုကောက်ခေါ်ထားခြင်း ဖြစ်သည်။ နှလုံးကို အီးစီဂျီ (ECG) စမ်းသပ်ခြင်းနှင့် သဘောတရားချင်း ဆင်တူသည်။ အီးအီးဂျီသည် ဘေးအန္တရာယ်မရှိသည့်အပြင် မနာကျင်စေနိုင်သော ဝိုင်ယာကြိုးငယ်များကို ဦးခေါင်းတွင်တပ်ဆင်ပြီး ဦးနှောက်၏လျှပ်စီးလှိုင်းများကို ကွန်ပြူတာဖြင့် ပုံရိပ်ဖမ်းယူကြည့်ရှုခြင်း ဖြစ်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
- အတက်ရောဂါဟု သတ်မှတ်လိုလျှင်
- တစ်ချို့အတက်လက္ခဏာများကို သေချာရန် စမ်းသပ်လိုလျှင်
- အတက်ပုံစံအမျိုးအစား ခွဲခြားလိုလျှင်
- ဦးနှောက်တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း၏ ယေဘုယျလုပ်ငန်း ဆောင်ရွက်မှုကို သိရှိလိုလျှင် အီးအီးဂျီရိုက်လေ့ရှိသည်။
အချို့သောအခြေအနေများတွင် Brain death ဟုခေါ်သော ဦးနှောက်၏ လုပ်ငန်းဆောင်တာအားလုံး ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း အထောက်အထားတစ်ခုအနေဖြင့် သိရှိလိုပါကလည်း အီးအီးဂျီရိုက်နိုင်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ
မရိုက်မီပြင်ဆင်ရန်
အီးအီးဂျီစမ်းသပ်ခြင်းသည် ဦးနှောက်၏ မတူညီသောအခြေအနေများ (ဥပမာ-အိပ်နေစဉ်နှင့် နိုးကြားနေစဉ်)တွင် စမ်းသပ်နိုင်လျှင် ပိုမိုကောင်းမွန်သောရလဒ်ကို ရရှိနိုင်သည်။ ထို့ကြောင့် အီးအီးဂျီမရိုက်မီညတွင် နောက်ကျမှအိပ်ရာဝင်ခြင်း၊ ရိုက်မည့်မနက်တွင် စောစောထခြင်းဖြင့် အီးအီးဂျီရိုက်နေစဉ် ကလေးအား မြန်ဆန်စွာ အိပ်စက်စေနိုင်သည်။အီးအီးဂျီမရိုက်မီ ခေါင်းလျှော်လာရန် လိုအပ်ပါသည်။ သနပ်ခါး၊ အုန်းဆီ၊ ခေါင်းလိမ်းဆီများ မလိမ်းရပါ။ အခြေအနေအရ လိုအပ်ပါက ကလေးအိပ်စေရန်၊ ငြိမ်စေရန်အတွက် ဆေးဝါးအချို့ လိုအပ်နိုင်သည်။
အီးအီးဂျီရိုက်နေစဉ် မိဘများမှလိုက်နာရန် –
အီးအီးဂျီရိုက်ကူးနေစဉ် ကလေးအား ငြိမ်သက်စွာထားရမည်။ ကလေး၏ခန္ဓာကိုယ်အား လှုပ်ရမ်းခြင်း၊ ပုတ်ခြင်း၊ တယ်လီဖုန်းအသုံးပြုခြင်း စသည်တို့သည် အီးအီးဂျီလှိုင်းများ ဖတ်ရှုရာတွင် အနှောင့်အယှက်ပေးသဖြင့် ရှောင်ကြဉ်သင့်သည်။ မိဘနှင့်ကလေးအတူ နေနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အီးအီးဂျီကို တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုတွင် ရိုက်လေ့ရှိပါသည်။ အိပ်ရာပေါ်တွင် လဲလျောင်း၍လည်းကောင်း၊ ကလေးငယ်များအနေနှင့် မိခင်အပေါ်တွင် ထိုင်နေခြင်းဖြင့်လည်းကောင်း ရိုက်ကူးနိုင်သည်။ ဝိုင်ယာကြိုးငယ်များ၏ ထိပ်တွင်ရှိသော electrode ဟုခေါ်သည့် စတီးပြားခွက်ငယ်များကို ဦးခေါင်းတွင် ဂျယ်လီတစ်မျိုးသုံးပြီး ကပ်ရသည်။ ထို့နောက် ဦးနှောက်မှပေးပို့သည့် လျှပ်စီးလှိုင်းများကို အီးအီးဂျီစက်မှ အလိုအလျောက် ပုံရိပ်ဖော်သွားသည်။ ပုံမှန်အားဖြင့် သာမန်အီးအီးဂျီ စစ်ဆေးခြင်းသည် မိနစ် (၃၀) မှ တစ်နာရီခန့် ကြာမြင့်ပြီး ရောဂါအနေအထားပေါ်မူတည်၍ အိပ်စက်နေစဉ် ရိုက်ကူးရခြင်းဖြစ်ပါက ပို၍ကြာမြင့်နိုင်ပါသည်။ အီးအီးဂျီရိုက်ကူးနေစဉ်အတွင်း ကလေး၏အသက်အရွယ်၊ အခြေအနေအရ ကလေးအား မျက်စိအပိတ်အဖွင့် လုပ်စေခြင်း၊ လေမှုတ်စေခြင်း (သို့မဟုတ်) အသက်ပြင်းပြင်း ရှူစေခြင်း၊ မျက်စိအား မီးရောင်တဖျပ်ဖျပ်ထိုး၍ လှုံ့ဆော်ခြင်း စသည်တို့လုပ်ဆောင်ရသည်။ အတက်လှိုင်းများ ပိုမိုသေချာစွာတွေ့စေရန် ဖြစ်သည်။ ကျန်အချိန်များတွင် ဖြစ်နိုင်သ၍ ကလေးငြိမ်သက်နေရန် လိုသည်။ အီးအီးဂျီအဖြေကို အများအားဖြင့် ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များမှ စစ်ဆေးထုတ်ပြန်သည်။
သိရှိနိုင်သောအဖြေများ
အီးအီးဂျီသည် ဦးနှောက်၏လျှပ်စီးလှိုင်းများကို စစ်ဆေးခြင်းဖြစ်သည့်အတွက် အတက်ရောဂါရှာဖွေခြင်း၊ အတက်အမျိုးအစား ခွဲခြားခြင်းတို့အတွက် များစွာအသုံးဝင်သည်။ အတက်အမျိုးအစားပေါ် မူတည်ပြီး အတက်ကျဆေးများ ရွေးချယ်ရသည်။ အီးအီးဂျီစစ်ဆေးခြင်းကို အခြားအခြေအနေများ (ဥပမာ – သတိလစ်နေသော အနေအထား၊ ဦးနှောက်သေဆုံးခြင်းကို အတည်ပြုခြင်းစသည်ဖြင့်)တွင်လည်း အသုံးပြုကြသည်။ ဦးနှောက်တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း၏ ယေဘုယျလုပ်ငန်းဆောင်ရွက်မှုကို သိရှိနိုင်သောကြောင့် ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အကျိတ် စသည်တို့ကို မှန်းဆရာတွင်လည်း အသုံးပြုနိုင်သည်။ အီးအီးဂျီအဖြေ ထွက်လာလျှင် အဖြေတစ်ခုတည်းနှင့် ကုသ၍မရပါ။ ရောဂါလက္ခဏာနှင့် ယှဉ်တွဲစဉ်းစားပြီးမှ ကုသသင့်သည့် အခြေအနေအတိုင်း ကုသရသည်။
နောက်ဆက်တွဲဆိုးကျိုးများ
အီးအီးဂျီရိုက်ကူးခြင်းသည် အန္တရာယ်မရှိသလို ရေရှည်တွင်လည်း ခန္ဓာကိုယ်နှင့်ဦးနှောက်ကို ထိခိုက်မှုမရှိစေပါ။ ရိုက်ကူးနေစဉ် နာကျင်ခြင်းလည်းမရှိပါ။ ဂျယ်လီနှင့်ကပ်ထားသော စတီးပြားငယ်များ ဦးခေါင်းမှပြန်ခွါစဉ်ခဏ အနည်းငယ်နာတတ်သည်။ မီးရောင်ဖြင့်ထိုးစဉ် မျက်လုံးကျိန်းတတ်သည်။
ကလေးများ တက်ခြင်းနှင့် ပတ်သက်၍ ဆက်လက်ဖတ်ရှုရန်
ကလေးများ အဖျားကြီး၍ တက်ခြင်း (Febrile seizure)
ကလေးများတွင် ဖြစ်သော အတက်ရောဂါများ (Childhood Epilepsy)
တက်နေသောကလေးကို ရှေးဦးကုသခြင်း (First aid for seizures in children)
အတက်နှင့်တူသောရောဂါအခြေအနေများ (Seizures mimics)
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.