မွေးကင်းစကလေး သွေးလဲကုသခြင်း (Exchange transfusion) ဆိုသည်မှာ မွေးကင်းစကလေး၏ ခန္ဓာကိုယ်မှသွေးကို အလှူရှင်၏သန့်စင်သောသွေးဖြင့် လဲလှယ်ကုသခြင်းဖြစ်သည်။
သွေးကိုသွေးဆဲလ်များ၊ သွေးရည်ကြည်များဖြင့် ဖွဲ့စည်းထားသည်။ သွေးဆဲလ်များတွင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများ ပါဝင်သည်။ သွေးရည်ကြည်တွင် အသားဓာတ်၊ ဓာတ်ဆားဓာတ်များ၊ ကိုယ်ခံအားနှင့် သွေးခဲပစ္စည်းများပါရှိသည်။ သွေးထဲ၌ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာသော ပိုးမွှားများ၊ ကပ်ပါးပိုးများ၊ ၎င်းတို့မှထွက်လာသော အဆိပ်အတောက်များနှင့် အသားဝါဓာတ်ကဲ့သို့သော ဓာတ်ပစ္စည်းများလည်း တစ်ခါတစ်ရံ ရှိနေတတ်သည်။
အဆိုပါ ဓာတ်ပစ္စည်းများနှင့် အဆိပ်အတောက်များကို ခန္ဓာကိုယ်အတွင်းမှ အမြန်ဖယ်ရှားလိုလျှင် သွေးလဲကုသခြင်း ပြုလုပ်လေ့ရှိသည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
မွေးကင်းစကလေးငယ်များ အသားဝါလျှင် မီးချောင်းပြကုသနည်း (phototherapy)ဖြင့် စတင်ကုသလေ့ ရှိသည်။ သို့သော် အသားဝါဓာတ် အလွန်များလွန်းပြီး မီးချောင်းပြကုသနည်းဖြင့် မလုံလောက်ပါက သွေးလဲကုသခြင်းကို လုပ်ဆောင်ရသည်။ အထူးသဖြင့် မွေးကင်းစကလေးငယ်များတွင် ဦးနှောက်အတွင်းသို့ အသားဝါဓာတ် ဝင်ရောက်သည့် လက္ခဏာများရှိလျှင် သွေးလဲခြင်းဖြင့် အရေးပေါ်အသက်ကယ် ကုသရတတ်သည်။
သွေးလဲကုသခြင်း အသုံးပြုနိုင်သော တစ်ခြားရောဂါအခြေအနေများမှာ
- သွေးပျစ်ခြင်း (polycythemia)
- သွေးတွင်း ပိုတက်ဆီယမ်ဓာတ် များနေခြင်း(hyperkalaemia)
- အဆိပ်၊ ဓာတုပစ္စည်းများ၊ ပိုးမွှားများဖယ်ရှားခြင်း (therapeutic plasma exchange)
- ကိုယ်ခံအားစနစ်တုံ့ပြန်ခြင်းကြောင့် ဖြစ်သောရောဂါများ (Autoimmune disease) တို့ဖြစ်ပါသည်။
ကြိုတင်သိရှိထားရမည့်အချက်များ
သက်ဆိုင်ရာဆရာဝန်မှ လူနာရှင်ကို ကလေး၏ရောဂါအခြေအနေ၊ သွေးလဲကုသရန် လိုအပ်သည့်အကြောင်းရင်း၊ သွေးလဲကုသစဥ် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲအခြေအနေများကို ရှင်းပြကာ သဘောတူညီချက် ယူရသည်။
ထို့နောက် လိုအပ်သောဆေးစစ်ချက်များ (ဥပမာ – သွေးအုပ်စု အမျိုးအစား၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး၊ HIVပိုးစသောရောဂါပိုးများ စစ်ဆေးခြင်း)ကို စစ်ဆေးရသည်။ သွေးလဲကုသမည်ဟု ဆုံးဖြတ်သည်နှင့် ကလေးငယ်အားနို့မတိုက်ဘဲ အကြောဆေးရည် သွင်းထားရသည်။ လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်ထိုးပေးထားရသည်။ ကလေး၏အခြေအနေ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန် စသည်တို့ကို တိုင်းတာမှတ်သားထားရသည်။
ကလေး၏အသက်အရွယ်၊ ကိုယ်အလေးချိန်များအရ သွေးလဲရန် လိုအပ်သော စုစုပေါင်းပမာဏ၊ တစ်ကြိမ်လျှင်ထုတ်ယူမည့်၊ ထည့်သွင်းမည့်သွေးပမာဏ၊ ပြုလုပ်ရမည့်အကြိမ်အရေအတွက် စသည်တို့ကို ကြိုတင်တွက်ချက် မှတ်သားထားရသည်။ သွေးလဲရန် အသုံးပြုမည့်သွေးသည် ကလေး၏ သွေးအုပ်စုနှင့် ကိုက်ညီရန်၊ ရောဂါပိုးကင်းစင်ရန်သာမက လတ်တလောထုတ်ယူထားသော လတ်ဆတ်သည့်သွေးဖြစ်ရန် လိုအပ်သည်။
ကုသပုံအဆင့်ဆင့်
သွေးလဲခြင်းကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် ပြုလုပ်ပေးမည်။ ဆရာဝန်၊ သူနာပြုတို့သည် ပိုးသတ်ထားသော အဝတ်များကို ဝတ်ဆင်ရသည်။ ကလေးငယ်အတွက်လည်း ပိုးသတ်ထားသောအနှီးကို အသုံးပြုရသည်။ သွေးလဲပိုက်ထည့်မည့်နေရာကို စနစ်တကျပိုးသတ်ပြီးနောက် သွေးလဲရန်ပိုက်ကို မွေးကင်းစကလေး၏ချက်ရှိ သွေးကြောများမှတစ်ဆင့် ထည့်သည်။ တစ်ခါတစ်ရံ ပေါင်ရင်းရှိ သွေးကြောမကြီးမှတစ်ဆင့် ထည့်ရသည်။ ထိုပိုက်မှတစ်ဆင့် ကလေးငယ်၏သွေးကို သတ်မှတ်ပမာဏအတိုင်း ဖြည်းညင်းစွာထုတ်ယူသည်။ ထို့နောက် ပမာဏတူ၊ သန့်စင်သောသွေးကို ဖြည်းညင်းစွာ ပြန်ထည့်သွင်းသည်။ တွက်ချက်ထားသော စုစုပေါင်းပမာဏ ပြည့်မီသည်အထိ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်၍လုပ်ဆောင်ရသည်။
သွေးလဲစဉ်ကာလတလျှောက်တွင် ကလေးငယ်ကိုနို့မတိုက်ရ။ ကလေး၏အခြေအနေ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန် စသည်တို့ကို စောင့်ကြည့်စစ်ဆေးနေရသည်။ ထုတ်ယူသော၊ ထည့်သွင်းသောသွေးပမာဏနှင့် အကြိမ်ရေတို့ကို မှတ်တမ်းယူရသည်။
သွေးပျစ်ခြင်းအတွက် သွေးလဲကုသလျှင် ကလေး၏ကိုယ်မှသွေးကို သတ်မှတ်ထားသော ပမာဏအတိုင်းထုတ်ယူပြီး အကြောဆေးရည် ပြန်လည်ထည့်သွင်းလဲလှယ်သည်။ ပုံမှန်တစ်ကြိမ် သွေးလဲကုသလျှင် ပျမ်းမျှ (၂) နာရီခန့် ကြာမြင့်နိုင်သည်။ သွေးလဲကုသခြင်းပြီးဆုံးလျှင် အထူးကြပ်မတ်ခန်းတွင် ကလေးငယ်ကို စိတ်ချရသည်အထိ စောင့်ကြည့်စစ်ဆေးရန်လိုသည်။ ရောဂါအခြေအနေ တိုးတက်လာမှုနှင့် နောက်ဆက်တွဲပြဿနာများကို သိနိုင်ရန် ကလေးငယ်အား ပုံမှန်စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းများ ပြုလုပ်ရသည်။ လိုအပ်ပါက နောက်ထပ်တစ်ကြိမ် သွေးလဲကုသခြင်း ဆောင်ရွက်ရသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ရောဂါပိုးဝင်ခြင်း
- ကိုယ်အပူချိန် လျော့ကျခြင်း
- သွေးတွင်း အချိုဓာတ်၊ ဓာတ်ဆားဓာတ်များ မညီမမျှဖြစ်ခြင်း
- နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းများ ပုံမမှန်ဖြစ်ခြင်း
- သွေးထွက်ခြင်း၊ သွေးပေါင်ကျခြင်း
- သွေးခဲပိတ်ခြင်း များဖြစ်နိုင်သည်။
ကောင်းစွာကြိုတင်ပြင်ဆင်ချိန်မရှိဘဲ ကလေး၏အသက်အန္တရာယ်၊ ဦးနှောက်ထိခိုက်နိုင်မည့် အန္တရာယ်များရှိသောကြောင့် အရေးပေါ် သွေးလဲကုသရသောကလေးများတွင် နောက်ဆက်တွဲအန္တရာယ်များကို ပို၍တွေ့ရှိရသည်။
စနစ်တကျ ကိုယ်ဝန်အပ်ခြင်း၊ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများနှင့် မွေးဖွားခြင်း၊ အသားဝါခြင်းကို စောစီးစွာသိရှိခြင်း၊ ထိရောက်သော ကုသမှုများ အချိန်မီခံယူခြင်းများဖြင့် မွေးကင်းစကလေးငယ်များ၏ အသားဝါပြင်းထန်ခြင်းကို ထိရောက်စွာ လျှော့ချနိုင်သည်။ ဤနည်းအားဖြင့် သွေးလဲကုသရန် လိုအပ်ခြင်းမှ ရှောင်ရှားနိုင်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.