Lumbar puncture (ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း)

Lumbar puncture (ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း)

ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture) ဆိုသည်မှာ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid-CSF)ကို ခါးရိုးဆစ်နှစ်ခုကြားမှထုတ်ယူ၍ ရောဂါရှာဖွေသည့် နည်းလမ်းဖြစ်သည်။ ဦးနှောက်အာရုံကြောရောဂါများ အထူးသဖြင့် ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများအတွက် အသုံးဝင်သော၊ အန္တရာယ်ကင်းသော စစ်ဆေးမှုတစ်ခုဖြစ်သည်။

ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

အောက်ပါရောဂါအခြေအနေများကို သံသယရှိပါက Lumbar Puncture ပြုလုပ်ရန် လိုအပ်ပါသည်။

  • ဦးနှောက်နှင့် ဦးနှောက်အမြှေးပါး ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း (Meningitis, Encephalitis)
  • ဦးနှောက်နှင့် ကျောရိုးအာရုံကြောသို့ ပျံ့နှံ့လာသောကင်ဆာများ (ဥပမာ-သွေးကင်ဆာ)
  • အာရုံကြောစနစ်ကို ရောင်ရမ်းစေသော ရောဂါများ (ဥပမာ-Multiple Sclerosisနှင့် Guillain-Barre Syndrome)
  • ကိုယ်ခံအားစနစ် တုံ့ပြန်ခြင်းကြောင့် ဦးနှောက်နှင့်အာရုံကြောစနစ် ထိခိုက်သောရောဂါများ (Autoimmune neurological conditions)
  • ဦးနှောက်ကင်ဆာ၊ အဖုအကျိတ်များကြောင့်မဟုတ်ဘဲ ဖြစ်ပွားရသည့်အကြောင်းရင်း မသိနိုင်သည့် ဦးနှောက်တွင်းဖိအားများခြင်းကြောင့် ခေါင်းကိုက်သောရောဂါ (Idiopathic intracranial hypertension)
ကြိုတင်သိရှိထားရမည့် အချက်များ

ယေဘုယျအားဖြင့် ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် လွယ်ကူရိုးရှင်းသော စစ်ဆေးမှုတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အသက်အန္တရာယ်၊ ခန္ဓာကိုယ်ချည့်နဲ့ခြင်းများအတွက် စိုးရိမ်ရန်မလိုပါ။ အချိန်ကြာမြင့်စွာ ကြိုတင်အစာဖြတ်ရန်လည်း မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် နာရီပိုင်းခန့် အစာမစားရန်နှင့် သောက်လက်စဆေးဝါးအချို့ (ဥပမာ-သွေးကျဲဆေးများ) ခေတ္တရပ်ထားရန် လိုအပ်သည်။ စစ်ဆေးမှုမပြုလုပ်မီ နောက်ဆက်တွဲအန္တရာယ်များ ကင်းစေရန်အတွက် လူနာရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ လိုအပ်သောစစ်ဆေးခြင်းများ ပြုလုပ်ရသည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် ပြုလုပ်သည်။ စစ်ဆေးမှုပြုလုပ်မည့်သူနှင့် လူနာသည် ပိုးသတ်ထားသောအဝတ်များကို ဝတ်ဆင်ရသည်။ လူနာအားကုတင်ပေါ်တွင် ဘေးစောင်း၍ ဦးခေါင်းနှင့် ဒူးအား ရင်ညွန့်ဘက်သို့ကွေးနေသည့် အနေအထားအတိုင်း လဲလျောင်းထားရသည်။ ထိုအနေအထားရရှိရန် အခြားသူများမှ ကူညီထိန်းကိုင်ထားရန် လိုအပ်နိုင်သည်။ စစ်ဆေးမှုပြုလုပ်မည့် ခါးနေရာကို ပိုးသတ်ခြင်းပြုလုပ်ပါသည်။ လိုအပ်ပါက အိပ်ဆေး၊ ထုံဆေး ပေးနိုင်သည်။ အထက်ပါအနေအထားတွင် ဆရာဝန်သည် ခါးရိုးဆစ်နှစ်ခုကြားအတွင်းသို့ သေးငယ်သောအပ်ကိုသွင်း၍ စီအက်စ်ဖက်အရည် အနည်းငယ်ကို စုပ်ယူကာ ပိုးသတ်ထားသော ပုလင်းဖြင့်ခံယူရသည်။ ဖိအားတိုင်းတာသောကိရိယာဖြင့် စီအက်စ်ဖက်အရည်ဖိအားကိုလည်း တိုင်းတာနိုင်သည်။ ထို့နောက် အပ်ဖောက်ထားသောနေရာကို ပိုးသတ်ထားသော အဝတ်ဖြင့် ဖိအုပ်ထားရသည်။ အဆိုပါထုတ်ယူထားသော အရည်ကို ဓာတ်ခွဲခန်းသို့ပို့၍ လိုအပ်သောစမ်းသပ်ချက်များ ပြုလုပ်သည်။ အကြမ်းအားဖြင့် ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် မိနစ် (၃၀)ခန့် ကြာမြင့်နိုင်သည်။

LP IMG1

စစ်ဆေးမှုပြုလုပ်ပြီးပါက လူနာအား လဲလျောင်းသောအနေအထားဖြင့် အချိန် (၁)နာရီခန့် နေရမည် ဖြစ်သည်။ ပြင်းထန်သော လှုပ်ရှားမှုများကို (၂၄) နာရီခန့် ရှောင်ကြဉ်ရမည်။

သိရှိနိုင်သောအဖြေများ

ခါးဆစ်ကြားမှ စီအက်စ်ဖက်အရည် ထုတ်ယူစစ်ဆေးခြင်းဖြင့် ဦးနှောက်တွင်းဖိအား၊ ၎င်းအရည်တွင်ပါဝင်သော ဆဲလ်နှင့် ဓာတ်ပစ္စည်းများ (ဥပမာ သွေးဖြူဥ၊ သွေးနီဥ၊ သကြားဓာတ်၊ ပရိုတင်းဓာတ်၊ ကင်ဆာဆဲလ်) ကိုစမ်းသပ်သိရှိနိုင်သည်။ ကူးစက်ရောဂါပိုးများ ရှိမရှိ ကိုလည်း စစ်ဆေးသိရှိနိုင်သည်။

ဓာတ်ခွဲခန်းပို့စစ်ဆေးရာတွင် ပုံမှန်အဖြေများ (ဥပမာ_ ဆဲလ်အရေအတွက်၊ ပါဝင်သောဓာတ်ပစ္စည်း၊ အချိုးအစား စသည်)ကို (၂၄)နာရီအတွင်း သိရှိနိုင်သည်။ အဆိုပါအရည်ကို ပိုးမွေးစစ်ဆေးသည့်အဖြေကို ရရှိရန် အနည်းဆုံး (၄၈)နာရီကျော် မှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

ယေဘုယျအားဖြင့် အန္တရာယ်ကင်းသော စမ်းသပ်မှုတစ်ခုဖြစ်သည်။ သို့သော်တစ်ခါတစ်ရံ အောက်ပါ
လက္ခဏာများ ကြုံတွေ့ရတတ်သည်။

  • ခေါင်းကိုက်ခြင်း၊ စစ်ဆေးသည့် နေရာတစ်ဝိုက် နာကျင်ခြင်း၊ ခါးနာခြင်း – စစ်ဆေးမှုပြုလုပ်ပြီး နာရီပိုင်း မှ ရက်အနည်းငယ်အထိ ခံစားရတတ်သည်။ ထိုသို့ဖြစ်ပါက ရေများများသောက်ပါ။ ခေတ္တနားနေပါ။ ပါရာစီတမောကဲ့သို့သော ဆေးများသောက်သုံးနိုင်သည်။
  • စမ်းသပ်သည့် နေရာမှပိုးဝင်နိုင်ခြင်း – ပိုးမဝင်နိုင်ရန် ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် ပြုလုပ်သည်။ အပ်ထိုးမည့် အရေပြားနေရာတွင် အနာရှိနေပါက ပြုလုပ်လေ့မရှိပါ။
  • အပ်ထိုးသောနေရာတွင် သွေးထွက်ခြင်း – သွေးဥမွှား (platelet) ပမာဏ အလွန်နည်းခြင်း၊ သွေးခဲဓာတ်များ ပုံမှန်မဟုတ်ခြင်းများရှိပါက အဆိုပါစမ်းသပ်စစ်ဆေးမှုကို မပြုလုပ်သင့်ပါ။
  • ဦးနှောက်ကျွံခြင်း (Brainstem Herniation) – အကယ်၍ ဦးနှောက်ဖိအားများနေသော အခြေအနေများ (ဥပမာ ဦးနှောက်အဖုအကျိတ်များ) ရှိလျှင် ပြုလုပ်လေ့မရှိပါ။ အကယ်၍ သံသယရှိပါက ဆရာဝန်သည် ကွန်ပြူတာဓာတ်မှန် (CT) (သို့မဟုတ်) သံလိုက်ဓာတ်မှန် (MRI) ကို ရိုက်၍ ဦးစွာစစ်ဆေးမည်။ ဦးနှောက်ကျွံခြင်းသည် အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်နိုင်သောကြောင့်ဖြစ်သည်။

အထက်ပါ နောက်ဆက်တွဲလက္ခဏာများ ခံစားရ၍ သက်သာပျောက်ကင်းခြင်းမရှိလျှင် မိသားစုဆရာဝန်နှင့် လည်းကောင်း၊ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းနှင့် လည်းကောင်း တိုင်ပင်ပြသရန်လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.