မွေးကင်းစတွင် အရေးကြီးရောဂါများကို ကြိုတင်စမ်းသပ်ရှာဖွေခြင်း (Newborn screening) ဆိုသည်မှာ –
နောင်တွင်ဖြစ်လာနိုင်သည့် အရေးကြီးသော၊ ကြိုတင်စောင့်ကြည့် ကုသနိုင်သော ရောဂါများကို မွေးကင်းစမှပင် ကြိုတင်ရှာဖွေခြင်းဖြစ်သည်။ လွယ်ကူမြန်ဆန်စွာနှင့် အန္တရာယ်ကင်းစွာ စမ်းသပ်ခြင်းဖြင့် ရောဂါကြိုတင်ရှာဖွေနိုင်ပြီး တွေ့ရှိပါက စတင်ကုသပေးနိုင်လျှင် တစ်ဘ၀လုံးအတွက် ဆိုးရွားသော အကျိုးဆက်များကို ကာကွယ်ပေးနိုင်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
နိုင်ငံအသီးသီးတွင် လူမျိုးအလိုက် ကြိုတင်ရှာဖွေသင့်သော၊ အဖြစ်များသောရောဂါများ တူညီမှု၊ ကွဲပြားမှု ရှိကြသည်။ မြန်မာလူမျိုးများအတွက် အောက်ပါရောဂါအခြေအနေများသည် ကြိုတင်ရှာဖွေသင့်သော ရောဂါအခြေအနေများ ဖြစ်သည်။
- မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း (သို့မဟုတ်) အားနည်းခြင်း (congenital hypothyroidism) – စောစီးစွာ မသိရှိ၊ မကုသပါက အထွေထွေဖွံ့ဖြိုးကြီးထွားမှုနှင့် အသိဉာဏ် ဆိုးရွားစွာနောက်ကျနိုင်သော ရောဂါတစ်ခုဖြစ်သည်။
- G6PD ဓာတ်ချို့တဲ့ခြင်း (Glucose 6 Phosphate Dehydrogenase deficiency) – G6PD ဓာတ်ချို့တဲ့ပါက သွေးနီဥများ လွယ်ကူစွာ ပြိုကွဲပျက်စီးနိုင်ပြီး မွေးကင်းစတွင် ပြင်းထန်စွာအသားဝါခြင်းမှစ၍ နောက်ပိုင်း အရေးပေါ်သွေးသွင်းရခြင်းများထိ ဖြစ်လာနိုင်သော ရောဂါတစ်ခုဖြစ်သည်။ ဤရောဂါရှိမှန်း ကြိုတင်သိရှိပါက ရှောင်သင့်သည်များကို ရှောင်ခြင်းဖြင့် ဆိုးရွားသော အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်သည်။
- သွေးအုပ်စု အမျိုးအစား (Blood grouping – ABO and Rh) – သွေးအုပ်စု အမျိုးအစားအတိအကျကို ကြိုတင်သိရှိခြင်းဖြင့် အရေးပေါ်သွေးသွင်းရန် လိုအပ်ချိန်တွင် များစွာအကျိုးရှိသည်။ Rh အမျိုးအစား ရှိမရှိကို ကြိုတင်သိရှိခြင်းဖြင့်လည်း နောင်ကြီးပြင်းလာသည့်အခါ ကိုယ်ဝန်ဆောင်ချိန်တွင် မွေးလာမည့် ကလေးအတွက် ပြင်းထန်အသားဝါခြင်းကို ကြိုတင်ကာကွယ်နိုင်သည်။
- သွေးနီဥဆိုင်ရာရောဂါများ (Hemoglobinopathies) – ဟီမိုဂလိုဘင် (Hemoglobin) ဆိုသည်မှာ သွေးနီဥများတွင် ပါဝင်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင် သယ်ဆောင်ပေးသော အရေးကြီးဓာတ်တစ်မျိုးဖြစ်သည်။ သာလာဆီးမီးယား (Thalassaemia) ဟုခေါ်သော ဟီမိုဂလိုဘင်ပုံမှန် မဟုတ်သည့် ရောဂါများသည် မြန်မာနိုင်ငံတွင် အတွေ့ရများပြီး ကြိုတင်စစ်ဆေးသိရှိခြင်းဖြင့် သတိထား စောင့်ကြည့်သင့်သည်များကို ကြိုတင်လုပ်ဆောင်နိုင်သည်။
- မျိုးရိုးဗီဇနှင့် ဇီဝကမ္မဗေဒ ဖောက်ပြန်ခြင်းဆိုင်ရာ ရောဂါအချို့ (genetic and metabolic disorders) – အထူးသဖြင့် ဦးနှောက်၊ အာရုံကြော၊ ကြွက်သားများကို ထိခိုက်သောရောဂါအချို့သည် ရှားပါးသော်လည်း ကြိုတင်သိရှိလျှင် အကျိုးရှိနိုင်သည်။ ထို့ကြောင့် မွေးကင်းစတွင် ကြိုတင်စမ်းသပ် ရှာဖွေသင့်သော ရောဂါအုပ်စု ဖြစ်သည်။
- နားကြားမကြား စမ်းသပ်ခြင်း (Hearing screen) – အကြားအာရုံချို့တဲ့ခြင်းကြောင့် ကလေးများ၏ စကားပြောဆိုဆက်သွယ်ခြင်းများကို နောက်ကျစေသည်။ များစွာအခက်အခဲဖြစ်စေသည်။ ကလေးအသက်ကြီးမှ သိရှိလျှင် လေ့ကျင့်ကုသရန် များစွာခက်ခဲသွားနိုင်သည်။ စောစီးစွာသိရှိခြင်းဖြင့် လိုအပ်သောကုသမှုများကို အချိန်မီပြုလုပ်ပေးနိုင်သည်။
- သွေးတွင်း အောက်ဆီဂျင်စမ်းသပ်ခြင်း (Pulse oximetry) – မွေးကင်းစကလေး၏ သွေးတွင်း အောက်ဆီဂျင်ကို လက်ချောင်းထိပ်မှ လွယ်ကူစွာ ကြိုတင်စမ်းသပ်ခြင်းဖြင့် အသက်အန္တရာယ်ရှိနိုင်သည့် မွေးရာပါနှလုံးရောဂါများ ဖြစ်နိုင်ခြေကို ကြိုတင်မှန်းဆနိုင်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
မွေးကင်းစကလေး အသက် (၃)ရက် မှ (၇)ရက်အတွင်းတွင် ကလေး၏ဖနောင့်မှ အပ်ငယ်ဖြင့် သွေးဖောက်ယူပြီး သွေးလက်ခံ စက္ကူကတ်ပြားပေါ်သို့ သွေး (၄-၅) စက်ခန့် အစက်ချရသည်။ ထိုသွေးစက်များမှ အထက်ပါရောဂါများကို စစ်ဆေးခြင်းဖြစ်သည်။ နားကြားမကြား စမ်းသပ်ခြင်းအတွက် ကလေးနားတွင် တပ်ဆင်ထားသော နားကြပ်မှတစ်ဆင့် နားကြားကိရိယာဖြင့် စမ်းသပ်သည်။ သွေးတွင်း အောက်ဆီဂျင်ပမာဏအတွက် လက်ထိပ်မှ သွေးတွင်းအောက်ဆီဂျင်တိုင်း ကိရိယာဖြင့်စမ်းသပ်သည်။ အထက်ပါ စမ်းသပ်မှုအားလုံးကို လွယ်ကူမြန်ဆန်စွာနှင့် အန္တရာယ်ကင်းစွာ စမ်းသပ်နိုင်သည်။
သိရှိနိုင်သောအဖြေများ
နားအကြားအာရုံနှင့် သွေးတွင်းအောက်ဆီဂျင် စမ်းသပ်သည့်အဖြေများကို ချက်ချင်းသိရှိနိုင်ပြီး သွေးအဖြေများကို တစ်လခွဲခန့်အကြာတွင် ရရှိနိုင်သည်။ တွေ့ရှိသော ရောဂါပေါ်မူတည်ပြီး လိုအပ်သလို ဆက်လက်စမ်းသပ်စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံ လွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်ပေးသည်။ ကလေးအများစု၏အဖြေသည် ပုံမှန်ဖြစ်လေ့ရှိသည်။
နောက်ဆက်တွဲဆိုးကျိုးများ
နောက်ဆက်တွဲဆိုးကျိုး လုံးဝမရှိပါ။ ဖနောင့်ကိုအပ်ငယ်ဖြင့် ဖောက်စဉ် ခေတ္တခဏအနည်းငယ် နာကျင်နိုင်ခြေသာ ရှိသည်။ ကလေးအတွက် အန္တရာယ်လုံးဝမရှိပါ။
References:
- Bone marrow biopsy and aspiration – Mayo Clinic. (n.d.). Retrieved June 12, 2024, from https://www.mayoclinic.org/tests-procedures/bone-marrow-biopsy/about/pac-20393117#:~:text=Bone%20marrow%20aspiration%20and%20bone%20marrow%20biopsy%20can%20show%20whether
- Professional, C. C. M. (2024). Bone Marrow Biopsy. Cleveland Clinic. Retrieved June 12, 2024, from https://my.clevelandclinic.org/health/diagnostics/17735-bone-marrow-biopsy
- Bone Marrow Biopsy. (2023). Johns Hopkins Medicine. Retrieved June 12, 2024, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/bone-marrow-biopsy#:~:text=A%20bone%20marrow%20biopsy%20involves%20removing%20a%20small%20sample%20of
- Jain, S., & Sharma, R. (2024). Laboratory Evaluation of Bone Marrow. StatPearls – NCBI Bookshelf. Retrieved June 12, 2024, from https://www.ncbi.nlm.nih.gov/books/NBK603716/#:~:text=A%20comprehensive%20laboratory%20bone%20marrow%20examination%20includes%20a%20complete%20blood
Published Date: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.