Contraceptive implant (လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း)

Contraceptive implant (လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း)

လက်မောင်းထဲထည့်သော သားဆက်ခြားပစ္စည်း (Implant) ဆိုသည်မှာ လက် (၂) ဆစ်အရွယ်ခန့်ရှိ ကွေးနိုင်၊ ဆန့်နိုင်သော ပိုက်ချောင်းလေးဖြစ်သည်။ ထိုပိုက်ထဲတွင် ပရိုဂျက်စတိုဂျင်ဟုခေါ်သော ဟော်မုန်းတစ်မျိုး ပါဝင်ပြီး ထိုပိုက်ချောင်းလေးကို အမျိုးသမီး၏ လက်မောင်းအရေပြားအောက်တွင် ထည့်ထားခြင်းဖြင့် ကိုယ်ဝန်မရရန် ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အဆိုပါ သားဆက်ခြားပိုက်ကို တစ်ကြိမ် ထည့်သွင်းထားလျှင် (၅)နှစ်ခန့် ကိုယ်ဝန်တားနိုင်သည်။

Implant အမျိုးအစား နှစ်မျိုး

  1. Levonogestrel ဟော်မုန်းပါဝင်သည့် ပိုက် (၂) ချောင်း ပုံစံ (၄နှစ်ခံ၊ ၅နှစ်ခံ) နှင့်
  2. Etonogestral ဟော်မုန်းပါဝင်သည့် ပိုက် (၁) ချောင်းပုံစံ (၃နှစ်ခံ)

အလုပ်လုပ်ပုံ

ပိုက်ချောင်းတွင် ပါဝင်သော ပရိုဂျက်စတိုဂျင်ဟု ခေါ်သော ဟော်မုန်းသည် သွေးထဲမှတစ်ဆင့်

  • သားဥမကြွေရန် တားဆီးပေးခြင်း
  • သားအိမ်ခေါင်းရှိအချွဲများကို ပျစ်နေရန်ပြုလုပ်၍ သားအိမ်ထဲသို့ သုက်ပိုးဖောက်မဝင်နိုင်ရန် ကာကွယ်ပေးခြင်း
  • သားအိမ်နံရံကို ပါးရန်ပြုလုပ်ပြီး သန္ဓေသားမကပ်နိုင်ရန် ဟန့်တားခြင်းစသဖြင့် လုပ်ဆောင်ပြီး ကိုယ်ဝန်မရရန် ကာကွယ်ပေးထားသည်။
ပြုလုပ်ရန် လိုအပ်သော အခြေအနေများ

ကိုယ်ဝန်မရရန် ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုအနေဖြင့် သုံးနိုင်သည်။

Implant သုံးစွဲရန် မသင့်လျော်သောအခြေအနေများ

  • ပါဝင်ပစ္စည်းတစ်ခုခုနှင့် ဓာတ်မတည့်မှုရှိခြင်း
  • နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း ဖြစ်ထားဖူးခြင်း
  • အသည်းကင်ဆာ၊ အသည်းအကျိတ်၊ ပြင်းထန်သောအသည်းရောဂါ တစ်ခုခုရှိခြင်း
  • ရင်သားကင်ဆာရှိခြင်း
  • သွေးမတိတ်သောရောဂါ တစ်ခုခုရှိခြင်း

Implant ၏ အားသာချက်များ

  • နှစ်နှင့်ချီပြီး ကိုယ်ဝန်တားနိုင်ခြင်း
  • ပြန်ထုတ်ပြီးသည်နှင့် ကလေးယူလိုလျှင် စောင့်ဆိုင်းစရာမလိုဘဲ ကိုယ်ဝန်ချက်ချင်းပြန်ရနိုင်ခြင်း
  • အီစတရိုဂျင် (oestrogen) ဟော်မုန်းမပါ၍ သွေးပြန်ကြောအတွင်း သွေးခဲမှုဖြစ်စေသော အာနိသင်နည်းခြင်း
  • ကိုယ်ဝန်တားဆေးကတ် ကဲ့သို့ နေ့စဉ်သောက်ရန်မလိုခြင်း
  • အရိုးသိပ်သည်းဆကို ထိခိုက်မှုမရှိခြင်း
  • နို့တိုက်မိခင်များလည်း သားဆက်ခြားရန် အသုံးပြုနိုင်ခြင်း

Implant ၏အားနည်းချက်များ

  • သားဆက်ခြားပိုက်ချောင်း ထည့်ခြင်း၊ ထုတ်ခြင်းအတွက် စနစ်တကျလေ့ကျင့်ထားသော ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများနှင့်သာ ထည့်ခြင်းထုတ်ခြင်း ပြုလုပ်နိုင်ခြင်း၊
  • လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို မကာကွယ်နိုင်ခြင်း
  • စျေးနှုန်းကုန်ကျစရိတ် များခြင်း
ကြိုတင်သိရှိထားရမည့် အချက်များ

ထည့်သင့်သည့်အချိန်

  • ရာသီစလာသည့်နေ့မှ (၅)ရက်အတွင်း ထည့်လျှင် အကောင်းဆုံးဖြစ်သည်။
  • ကိုယ်ဝန်မရှိမှန်းသေချာလျှင် ရာသီစက်ဝန်း၏ မည်သည့်နေ့တွင်မဆို ထည့်နိုင်သည်။ ရာသီစလာသည့်နေ့မှ (၅)ရက်အတွင်းထည့်ခြင်း မဟုတ်လျှင် ကိုယ်ဝန် ရှိမရှိ အရင်စစ်ဆေးပြီး ကိုယ်ဝန်မရှိဟုသေချာသောအခါမှ ထည့်ရပါမည်။
  • ထည့်သည့်နေ့မှ တစ်ပတ်အထိကို လိင်ဆက်ဆံမှုကိုရှောင်ခြင်း သို့မဟုတ် အကာကွယ်သုံး၍ အတူနေခြင်း သို့မဟုတ် အရေးပေါ်တားဆေး သောက်သုံးခြင်း ပြုလုပ်ရန်လိုအပ်သည်။
ကုသပုံအဆင့်ဆင့်

လက်မောင်းထဲပိုက်ထည့်သွင်းပုံ အဆင့်ဆင့်

  • မိမိ၏အားမသန်သောလက် (ညာသန်ဖြစ်လျှင် ဘယ်လက်၊ ဘယ်သန်ဖြစ်လျှင် ညာလက်) လက်မောင်း အရေပြားအောက်တွင် ထည့်လေ့ရှိသည်။
  • စနစ်တကျ ဆေးကြောသန့်စင်ပြီးလျှင် ထည့်မည့်နေရာကို ထုံဆေးထိုးပေးသည်။ ထုံဆေးထိုးသည့် တစ်ချက်သာ စူးကနဲခံစားရမည်ဖြစ်ပြီး ထုံဆေးအာနိသင်ရသည်နှင့် နာကျင်မှုမခံစားရတော့ပါ။
  • လုပ်ဆောင်နေစဥ်တွင် လှဲလျက်အနေအထားဖြင့် ထုံဆေးထိုးထားသည့်နေရာသာ နာကျင်မှုမသိခြင်းဖြစ်ပြီး လုပ်ဆောင်ချက်အစအဆုံးကို သိနေမည်ဖြစ်သည်။
  • ထည့်မည့်ပစ္စည်းတွင် အသင့်ပါရှိသော ပိုက်ချောင်းထည့်သည့်အတံဖြင့် ထုံနေသောအရေပြားကိုဖောက်၍ အရေပြားအောက်သို့ရှပ်ပြီး ပိုက်ချောင်းကို ထည့်သည်။
  • ပိုက်ချောင်းနေရာကျပြီဆိုသည်နှင့် ထည့်သည့်အတံကိုပြန်ထုတ်ပြီး အရေပြားဖောက်သည့်နေရာကို ပိုးသတ်ဆေးနှင့် စနစ်တကျပိုးသတ်ပြီး သွေးထွက်မထွက် စောင့်ကြည့်သည်။
  • အရေပြားဖောက်ထားသည့်နေရာကို ရေစိုခံပလာစတာကပ်ပေးပြီး ပတ်တီးဖြင့်စည်းပေးသည်။

ပြန်ထုတ်ခြင်း လုပ်ဆောင်ချက် အဆင့်ဆင့်

  • ထည့်ထားသည့် နေရာတစ်ဝိုက်တွင် စနစ်တကျပိုးသတ်၊ သန့်ရှင်းရေးလုပ်ပြီးပါက ထုံဆေးထိုးသည်။
  • ထုံဆေးအာနိသင်ရသည်နှင့် အရေပြားကို အလွန်သေးငယ်သော ဓားရာပေးပြီး ပိုက်ပျော့လေး ထွက်လာစေရန် ကိရိယာများဖြင့် ဆွဲယူနှိုက်ထုတ်သည်။
  • ဤကဲ့သို့ လုပ်ဆောင်ချိန်သည် မိနစ်အနည်းငယ်သာ ကြာမြင့်သည်။
  • သေးငယ်သော ဒဏ်ရာဖြစ်၍ ပြန်ချုပ်ရန် မလိုအပ်ပါ။
  • သွေးတိတ်ရန် ပြုလုပ်ပြီး ရေစိုခံပလာစတာကပ်၍ ပတ်တီးပတ်ပေးသည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • ရာသီသွေးဆင်းမမှန်ခြင်း၊ ရာသီသွေးမပေါ်ခြင်း၊ ပေါ်လိုက်ပျောက်လိုက်ဖြင့် ရက်မမှန်ဆင်းတတ်ခြင်း၊ သွေးဆင်းရက်ကြာရှည်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
  • ရင်သားတင်းခြင်း
  • ကိုယ်အလေးချိန် အနည်းငယ်တက်စေခြင်း
  • စိတ်အတက်အကျ (mood swing) ဖြစ်ခြင်း
  • ဝက်ခြံ အနည်းငယ်ထွက်တတ်ခြင်း စသည်များလည်း ဖြစ်တတ်သည်။

ဤအခြေအနေများသည် အဖြစ်များပြီး စိုးရိမ်စရာမလိုပါ၊ ပြန်ထုတ်ရန်လည်းမလိုပါ။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

Implant ထည့်ပြီးပြီးချင်း သတိပြုရမည့် အချက်များ

  • အညိုအမဲစွဲခြင်း၊ ယားယံခြင်း ဖြစ်တတ်သည်။ စိုးရိမ်စရာမလိုပါ။
  • (၃)ရက်ကနေ (၅) ရက်အထိ ထည့်ထားသောနေရာကို ရေမစိုအောင်ထားရပါမည်။
  • ထည့်ထားသည့် လက်မောင်းအားစိုက်သုံးရသည့် လုပ်ဆောင်မှုများ (၁) ပတ်ခန့်ရှောင်ရန်လိုသည်။

ဆေးရုံ၊ ဆေးခန်းပြန်ပြသင့်သည့်အခြေအနေများ

  • ထည့်ထားသောနေရာ အနာရင်းခြင်း၊ ပိုးဝင်ခြင်း၊ ပြည်တည်ခြင်း လက္ခဏာများရှိလျှင်
  • TB ဆေး (သို့မဟုတ်) နာတာရှည်ဆေးများသောက်ခဲ့ရလျှင်
  • ရင်သားကင်ဆာ
  • အသည်းရောဂါ
  • ခြေထောက်သွေးကြောပိတ်ရောဂါ တစ်ခုခုဖြစ်ခဲ့လျှင် ပြန်ပြရန်လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.