ဟီမိုဂလိုဘင် အေဝမ်းစီ စစ်ဆေးခြင်းသည် ယခုခေတ် ဆီးချိုသွေးချို ကုသမှုတွင် မပါမဖြစ် အရေးကြီးသော စစ်ဆေးမှုတစ်ခုဖြစ်လာသည်။ A1c ဟုလည်း အလွယ်တကူခေါ်ကြသည်။ ထိုစစ်ဆေးမှုသည် လွန်ခဲ့သည့်သုံးလအတွင်း မိမိ၏ခန္ဓာကိုယ် သွေးတွင်းသကြားဓာတ် ပျမ်းမျှပမာဏကို ပြပေးသည့် ဓာတ်ခွဲစစ်ဆေးမှုဖြစ်သည်။ A1c များသည်နှင့်အမျှ လွန်ခဲ့သောသုံးလအတွင်း သွေးတွင်းသကြားဓာတ် များနေသည်ကို ဖော်ပြသည်။ ပုံမှန်သွေးတွင်းသကြားဓာတ်ကို စစ်ဆေးလျှင် လက်ရှိအချိန်၏ အခြေအနေကိုသာ သိမည်ဖြစ်သည်။
A1c စစ်ဆေးမှုကို ဓာတ်ခွဲခန်းတွင်လည်းကောင်း၊ ဆေးရုံ၊ ဆေးခန်းတွင်းရှိ ချက်ချင်းစစ်ဆေး၍ အဖြေထုတ်ပေးသည့်စက် (point-of-care test) များဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။
HbA1c ဆိုသည်မှာ သွေးနီဥတွင်းရှိ ဟီမိုဂလိုဘင်(Hb) ဟုခေါ်သော ပရိုတင်းဓာတ်တွင် အချိန်ကြာမြင့်စွာ သွေးကြောအတွင်း၌ မြင့်တက်နေသော သကြားဓာတ်များ အလိုအလျောက်ကပ်ငြိလာပြီး HbA1c ဖြစ်ပေါ် လာသည်။ သွေးကြောအတွင်း သကြားဓာတ်များသည်နှင့်အမျှ HbA1c ဖြစ်ပေါ်ခြင်းများမည် ဖြစ်သည်။ ထိုကဲ့သို့ ကပ်ငြိခြင်းသည် ပြန်လည်ပြုတ်ထွက်ခြင်း မရှိတော့ဘဲ သွေးနီဥမပျက်စီးသရွေ့ သွေးကြောအတွင်း ကျန်ရစ်ခဲ့သည်။ HbA1c သည် စုစုပေါင်း ဟီမိုဂလိုဘင်ဓာတ်၏ အချိုးအစားတစ်ခုအနေနှင့် ရာခိုင်နှုန်း (percentage %) ဖြင့် အဖြေကိုပြသသည်။ သွေးနီဥတစ်လုံး၏ သက်တမ်းသည် သုံးလဖြစ်သဖြင့် HbA1c သည် လွန်ခဲ့သည့်သုံးလအတွင်း သွေးချိုအခြေအနေကို ခန့်မှန်းပြသနေခြင်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
ဆီးချိုသွေးချိုရောဂါ၏ အောက်ပါအခြေအနေများကို သိရှိရန် HbA1c ကို စစ်ဆေးရသည်။
- ဆီးချိုရောဂါ ရှိမရှိ
- ဆီးချိုသွေးချိုမဖြစ်ခင် အကြိုအဆင့်ဖြစ်နေခြင်း ရှိမရှိ
- သွေးတွင်းအချိုဓာတ် ထိန်းနိုင်ခြင်း ရှိမရှိ
HbA1c ကို မိမိတွင် ဆီးချိုသွေးချို ဖြစ်နိုင်သည်ဟု သံသယရှိပါက (၃)နှစ် တစ်ကြိမ် စစ်ဆေးနိုင်သည်။ လူနာသည် ဆီးချိုသွေးချိုအကြိုအဆင့် ဖြစ်နေပါက တစ်နှစ်လျှင် တစ်ကြိမ် စစ်သင့်သည်။ ဆီးချိုသွေးချိုရှိနေပါက ဆီးချိုထိန်းသိမ်းမှုကောင်းသူများတွင် အနည်းဆုံး (၆)လလျှင် တစ်ကြိမ်စစ်သင့်သည်။ အင်ဆူလင်ထိုးနေသူများနှင့် ဆီးချိုမထိန်းနိုင်သူများအနေနှင့် သုံးလလျှင် တစ်ကြိမ် စစ်သင့်သည်။
အကယ်၍ မိမိ၏မိသားစုဆရာဝန်မှ ဆီးချိုဆေးပြောင်းခဲ့လျှင် သို့မဟုတ် ဆေးအသစ်စခဲ့လျှင်လည်း ဆရာဝန်မှ HbA1c ကို အနည်းဆုံး (၃)လအကြာတွင် ပြန်လည်စစ်ဆေးလိမ့်မည်။
HbA1c စစ်ဆေးခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ
Glucometer စက်ဖြင့် ပုံမှန်လက်ထိပ်ဖောက်၍ သွေးချိုစစ်ဆေးခြင်းသည် လတ်တလောအချိန် သွေးထဲရှိ သကြားဓာတ်ပမာဏကိုသာ ပြနိုင်သည်။ ထိုကဲသို့စစ်ဆေးခြင်းကို random blood sugar (RBS) testing ဟုခေါ်သည်။ အစာစားထားခြင်း၊ အချိုစားထားခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ထားခြင်းတို့ကြောင့် ထို RBS အဖြေသည် အပြောင်းအလဲဖြစ်နိုင်သည်။ HbA1c အဖြေသည် ထိုအကြောင်းများကြောင့် မပြောင်းလဲပါ။ မိမိ၏ရောဂါဆိုးလျှင် ဆိုးသလောက် ဂဏန်းများများ ပေါ်နေမည်ဖြစ်သည်။
HbA1c ဂဏန်းများမြင့်နေပါက ဆီးချိုသွေးချိုကို အထူးဂရုစိုက်ထိန်းညှိရန် လိုအပ်နေပြီဖြစ်ပြီး ထိုသို့မလုပ်ပါက အချိန်ကြာလာလျှင် နောက်ဆက်တွဲကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်သည်ကို အရေးတကြီး ညွှန်ပြနေခြင်းဖြစ်သည်။
ထို့အပြင် HbA1cကို သိရှိပါက ထိုမှတဆင့် ပျမ်းမျှသွေးချို (estimated average glucose, eAG)ကို ခန့်မှန်းနိုင်သည်။ ဆေးခန်းသုံး point-of-care စက်များတွင် ၎င်း eAG အဖြေကို တစ်ပါတည်း ထုတ်ပေးလေ့ရှိသည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
စစ်ဆေးရန် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလိုအပ်ပါ။ အစားအသောက် သီးသန့်ရှောင်ရန် မလိုပါ။ လက်ဖျံသွေးပြန်ကြောမှ သွေးကိုယူ၍ ဓာတ်ခွဲခန်းပို့စစ်ဆေးမည်။ အချို့ဆေးခန်းများတွင် point-of-care testစက်များ ရှိပါက လက်ချောင်းထိပ်မှ သွေးကိုဖောက်၍ စစ်ဆေးနိုင်သည်။
သိရှိနိုင်သော အဖြေများ
HbA1c ပမာဏကို ရာခိုင်နှုန်း (percentage %) ဖြင့် ဖော်ပြသည်။ ပုံမှန်လူတစ်ဦးတွင် HbA1c သည် (4% – 5.6 %) ကြားတွင်သာရှိသည်။
HbA1c level | အဖြေ အဓိပ္ပါယ် |
---|---|
5.7-6.4% | ဆီးချိုသွေးချိုအကြိုအဆင့် |
6.5% | ဆီးချိုသွေးချိုရောဂါရှိနေခြင်း |
9% | ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲများ ဖြစ်နိုင်ခြေများလာသည်။ |
10% | အင်ဆူလင်ဖြင့် ကုသရန်လိုသည့် အခြေအနေဖြစ်သည်။ |
HbA1c များလာသကဲ့သို့ ဆီးချိုသွေးချို၏ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေလည်း များလာမည်ဖြစ်သည်။ ထို့ကြောင့် ယခုခေတ်တွင် HbA1c ကိုကြည့်၍ ဆေးညှိကုသသောကုထုံးသည် စံကုထုံးဖြစ်သည်။ HbA1c ကို (6.5 -7%)အောက်သို့ရောက်ရန် ရည်ရွယ်ပြီး ဆီးချိုသွေးချိုဆေးများကို ညှိနှိုင်းသောက်ရန်လိုသည်။ သို့မှသာ ဆေးသောက်ခြင်း၏ အကျိုးကို ခံစားရမည်ဖြစ်သည်။ ဆေးသောက်နေသော်လည်း HbA1c သည် သတ်မှတ်ဂဏန်းပမာဏသို့ မရောက်ပါက အကျိုးမရှိပါ။
HbA1c အလွန်နည်းပါက ဆီးချိုသွေးချိုဆေးများကို ဆရာဝန်နှင့်တိုင်ပင်၍ ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။ သို့မဟုတ်ပါက သကြားဓာတ်အလွန်ကျခြင်း ဖြစ်နိုင်သည်။
HbA1c အဖြေမှားနိုင်သည့် အခြေအနေများ
ဆီးချိုသွေးချိုရှိသော်လည်း ဖြစ်သင့်သည့်ပမာဏထက် နည်းနေသည့်အကြောင်းများ
- သွေးနီဥများကွဲခြင်း ရောဂါ
- အချို့မွေးရာပါ သွေးရောဂါများ
- လတ်တလော သွေးသွင်းထားခြင်း
- လတ်တလော သွေးထွက်လွန်ထားခြင်း
- ထရိုင်ဂရစ်စရိုက် အဆီချိုး များနေခြင်း
- အသည်းခြောက်ခြင်း
- သံဓာတ်အားဆေး သောက်ထားခြင်း
- ကိုယ်ဝန်ဆောင်
- ဗီတာမင် C၊ ဗီတာမင် E အများအပြား သောက်ထားခြင်း
ဆီးချိုသွေးချိုမရှိသော်လည်း ဖြစ်သင့်သည့် ပမာဏထက်များနေသည့် အကြောင်းများ
- အရက်စွဲခြင်း
- ဘီလီရူဘင် အဝါဓာတ်များခြင်း
- သံဓာတ်နည်းသည့် သွေးအားနည်းရောဂါ
- ဗီတာမင် B12 ချို့တဲ့ခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါ
HbA1c စစ်ဆေးခြင်း၏ အားနည်းချက်များ
ဆီးချိုသွေးချိုရောဂါ ဖြစ်ခါစလူနာများတွင်လည်း HbA1c သည် မတက်ပါ။ ထိုအချိန်တွင် Random Blood Glucose (သို့မဟုတ်) Fasting Blood Glucose တို့ဖြင့်သာ ဆီးချိုသွေးချိုကိုရှာဖွေနိုင်သည်ဖြစ်သည်။
ထို့အပြင် ဆီးချိုသွေးချိုလူနာတိုင်းကို စစ်ဆေး၍ မရနိုင်ပါ။ ရှားပါးဆီးချိုသွေးချိုအမျိုးအစားအချို့၊ ရောဂါအခံတချို့နှင့် နာတာရှည် နောက်ဆက်တွဲရောဂါများရှိနေပါက HbA1c အဖြေသည် မှားနိုင်သဖြင့် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စစ်ဆေးသင့်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.