Liver function tests (အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း)

Liver function tests (အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း)

အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း ဆိုသည်မှာ သွေးထဲရှိ အသည်းနှင့်သက်ဆိုင်သည့် ဓာတ်ပစ္စည်းများ (အသည်းအင်ဇိုင်းများ၊ ပရိုတင်းဓာတ်များနှင့် အခြားဓာတ်ပစ္စည်းများ) ကိုစစ်ဆေးခြင်းဖြစ်သည်။ အသည်းရောင်ခြင်း၊ အသည်းထိခိုက်ပျက်စီးခြင်း ဖြစ်ပါက ထိုဓာတ်များ သွေးတွင်း၌ ပမာဏမြင့်တက်လာသည်။ သို့သော် သွေးစစ်ချက်တွင် ၎င်းဓာတ်များတက်နေရုံဖြင့် အသည်းပျက်စီးနေသည်ဟု တထစ်ချ မသတ်မှတ်နိုင်ပါ။ ထို့ကြောင့် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း အမျိုးအစားများ

  1. အသည်းအင်ဇိုင်းများ – ALT (Alanine transaminase), AST (Aspartate transaminase), ALP (Alkaline phosphatase), GGT (Gamma Glutamyl transferase) စသည်တို့ကို စစ်ဆေးသည်။ ၎င်းဓာတ်တို့သည် အသည်းဆဲလ်များ ပျက်စီးပြိုကွဲရာမှ သွေးထဲသို့ ရောက်ရှိလာသည်။
  2. ပရိုတင်းဓာတ်များ – Albumin, globulin စသည်တို့ကို စစ်ဆေးသည်။ အယ်လ်ဗျူမင်ဓာတ်သည် အသည်းမှ ထုတ်လုပ်ပေးသော ပရိုတင်းဓာတ်ဖြစ်သဖြင့် အသည်းပျက်စီးခြင်း၊ ရောင်ရမ်းခြင်းဖြစ်သည့်အခါတွင် သွေးထဲတွင် လျော့နည်းသွားသည်။
  3. ဘီလီရူဘင်ဓာတ် (Bilirubin) – အသည်းဆဲလ်များသည် ဘီလီရူဘင် အဝါဓာတ်ကို ထုတ်လုပ်ပြီး သွေးမှတစ်ဆင့် သယ်ဆောင်ကာ သည်းခြေအရည်အဖြစ် စွန့်ထုတ်သည်။ စွန့်ထုတ်နိုင်သည့် အဆင့်ရောက်ရန် အသည်းဆဲလ်များအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်။ အသည်းလုပ်ငန်း ပျက်စီးသည့်အခါ ဘီလီရူဘင် ပြုပြင်ပြောင်းလဲခြင်း ချွတ်ယွင်းသဖြင့် သွေးထဲတွင် ဘီလီရူဘင်ပမာဏ တက်လာသည်။ မျက်လုံး၊ အသား၊ ဆီးတို့ ဝါလာသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
  • အသည်းရောဂါ၏ လက္ခဏာများ ရှိနေခြင်း (မျက်လုံးဝါ၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ ဗိုက်ညာဘက်နံရိုးအောက်မှ အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လူနုံးနေခြင်း၊ ပျို့အန်နေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အရေပြားယားယံခြင်း)
  • အသည်းထိခိုက်နိုင်သည့် ဆေးများသောက်ခြင်း (အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးအချို့၊ သွေးအဆီချဆေး၊ amiodarone နှလုံးငြိမ်ဆေး၊ တီဘီဆေး၊ အချို့ ကိုယ်ခံအားချဆေးများ၊ အချို့တိုင်းရင်းဆေးများနှင့် ဆေးမြီးတိုများ)
  • အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးများ ရှိနေခြင်း
  • သွေးချို၊ သွေးအဆီများ၊ သွေးတိုး စသည့် ရောဂါများရှိနေခြင်း
  • အရက်စွဲနေသူများ
  • အာထရာဆောင်းရိုက်ရာမှ အသည်းအဆီဖုံးနေသည်ကို တွေ့ခြင်း၊ သည်းခြေရောင်နေခြင်း၊ သည်းခြေပြွန်တွင် ကျောက်ပိတ်နေခြင်း
  • မိဘမျိုးရိုးတွင် အသည်းရောဂါရှိခြင်း
  • အသည်းအစားထိုးထားခြင်း
  • အထွေထွေကျန်းမာရေး စစ်ဆေးခြင်း (check-up)
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

စစ်ဆေးရန် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလိုအပ်ပါ။ အစားအသောက် သီးသန့်ရှောင်ရန် မလိုပါ။ လက်ဖျံသွေးပြန်ကြောမှ သွေးကိုယူ၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးမည်ဖြစ်သည်။

သိရှိနိုင်သော အဖြေများ
  1. အများအားဖြင့် အသည်းစွမ်းဆောင်ရည် စစ်ဆေးခြင်းဆိုရာတွင် အသည်းအင်ဇိုင်း (Liver enzymes)များဖြစ်သည့် AST, ALT နှစ်ခုကို အဓိက ရည်ညွှန်းသည်။ တက်စေသည့် အကြောင်းများမှာ
    • ပိုးကြောင့် အသည်းရောင်ခြင်း (Infective hepatitis) – အသည်းရောင် ဗိုင်းရပ်စ်ပိုးများ ဖြစ်သည့် အေပိုး၊ ဘီပိုး၊ စီပိုး၊ ဘက်တီးရီးယား ပိုးဆိပ်တက်ခြင်း၊ ငှက်ဖျားပိုး၊ အမီးဘားဝမ်းကိုက်ပိုး
    • အသည်းအတွင်း ရေအိတ်တည်ခြင်း၊ အကျိတ်တည်ခြင်း
    • အရက်ကြောင့် အသည်းရောင်ခြင်း (Alcoholic hepatitis)
    • ဆေးများကြောင့် အသည်းပျက်စီးခြင်း (Drug-induced liver injury)
    • ပါရာစီတမော အလွန်အကျွံသောက်မိခြင်း
    • အသည်းခြောက်ခြင်း (Cirrhosis)
    • ကိုယ်ခံအားမူမမှန်ခြင်းကြောင့် အသည်းရောင်ခြင်း (Autoimmune hepatitis)
    • နှလုံးညှစ်အားကျ၍ အသည်းတွင် သွေးအိုင်ခြင်း (Congestive heart failure)
    • သွေးပေါင်ကျ ရှော့ခ်ဖြစ်၍ အသည်းရောင်ခြင်း (Ischemic hepatitis)
    • အသည်းသွေးကြောပိတ်ခြင်း (Hepatic vein thrombosis, portal vein thrombosis)
    • မွေးရာပါ အသည်းရောဂါများ (Wilson’s disease, hemochromatosis, alpha-1 antitrypsin deficiency)

      အထက်ပါ အင်ဇိုင်းများသည် အသည်းပျက်စီးမှု ပြင်းထန်သည်နှင့်အမျှ ပမာဏပို၍များပြားလာပြီး အသက်အန္တရာယ် ဖြစ်နိုင်ခြေ ပိုမိုများပြားစေသည်။ ALT, AST အသည်းအင်ဇိုင်းများသည် နှလုံး၊ ဦးနှောက်၊ ပန်ကရိယ၊ ကြွက်သားတို့ ပျက်စီးခဲ့လျှင်လည်း များနိုင်သည်။
  2. Alkaline phosphatase (ALP) တက်သည်ဆိုပါက ဆရာဝန်သည် သည်းခြေပြွန်နှင့် သည်းခြေအိတ်ဆိုင်ရာ ရောဂါများကို ရှာဖွေရန် အာထရာဆောင်းရိုက်ခြင်းဖြင့် ဆက်လက်စစ်ဆေးလိမ့်မည်။ ALP ဓာတ်သည် အရိုးရောဂါရှိသူများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များတွင် သာမန်လူများထက် ပိုများနိုင်သည်။
  3. Bilirubin ဓာတ်သည် အသည်းပျက်စီးသည့်အခါတွင် သွေးထဲတွင် တက်လာသည်။ အသားမဝါခင် သွေးထဲ၌ ပထမဆုံး စစ်ဆေးတွေ့ရှိနိုင်သည်။ အလွန်များလာသည့်အခါ မျက်လုံးဝါခြင်း၊ အသားဝါခြင်းတို့ပါ ဖြစ်လာနိုင်သည်။ Bilirubin ဓာတ်သည် သွေးနီဥများပျက်စီးသည့် သွေးအားနည်းရောဂါတွင်လည်း များနိုင်သည်။
  4. Albumin ဓာတ်သည် အသည်းရောဂါအပြင် ခန္ဓာကိုယ်တွင်း တစ်နေရာရာတွင် ရောင်ရမ်းနေခြင်း၊ အသားစားနည်းခြင်း၊ နာတာရှည် ဝမ်းပျက်ဝမ်းလျှောခြင်း၊ နှလုံးညှစ်အားကျခြင်း၊ ကျောက်ကပ်ရောင်ခြင်းတို့တွင်လည်း လျော့နည်းတတ်သည်။ သို့သော် အသည်းရောဂါရှိသူတွင် Albuminဓာတ် လျော့နည်းနေပါက ရောဂါနာတာရှည်ခြင်းကို ညွှန်ပြခြင်းဟု ဆရာဝန်က သတ်မှတ်သည်။
အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း အဖြေရရှိပြီးနောက် ဆက်လက်လုပ်ဆောင်ရန်များ

အသည်းစွမ်းဆောင်ရည် စစ်ဆေးခြင်းအဖြေများ ရရှိပါက မိသားစုဆရာဝန် (သို့မဟုတ်) အထူးကုဆရာဝန်နှင့် ပြန်လည်ပြသတိုင်ပင်ပါ။ ဆရာဝန်မှ အဖြေများစစ်ဆေးပေးခြင်း၊ အဖြေများနှင့် လူနာ၏လက္ခဏာများကို တိုက်ဆိုင်စစ်ဆေးခြင်းတို့ ပြုလုပ်ပြီး အရေးပေါ် အခြေအနေ ဖြစ်မဖြစ်၊ ဆက်လက်လွှဲပြောင်းကုသရန် လိုမလို စသည်တို့ကို ညွှန်ကြားလိမ့်မည်။

အသည်းအင်ဇိုင်းဓာတ်ပမာဏ ထောင်ကျော် တက်နေခြင်း၊ သွေးအဖြေ သိရှိချိန်တွင် လူနာသည် နေမကောင်း၊နုံးချည့်နေခြင်းတို့ကို တွေ့ရှိပါက ဆေးရုံတက်ရောက်ရန် လိုအပ်သည်။ အသည်းအင်ဇိုင်းဓာတ်ပမာဏ ရာကျော်တက်နေခြင်း၊ လူနာတွင် ရောဂါအခံတစ်ခုခု ရှိနေခြင်း၊ အခြားသွေးအဖြေမှ ရောဂါပိုးတစ်ခုခုကို တွေ့ရှိခြင်း (ဥပမာ – အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး) တို့ကိုတွေ့ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးကုသရန် လိုအပ်သည်။ ဆရာဝန်မှ အာထရာဆောင်းရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် ရိုက်ခြင်း၊ အသည်း အသားစယူခြင်း တို့ကို လိုအပ်သလို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားလိမ့်မည်။

အသည်းဓာတ်အနည်းငယ် တက်ရုံမျှဖြင့် အလွန်အမင်းစိုးရိမ်ရန် မလိုပါ။ အထူးသဖြင့် အခြားသွေးအဖြေများတွင် ရောဂါမတွေ့ရှိဘဲ ကာယကံရှင်ကိုယ်တိုင်ကလည်း ကျန်းမာပြီး မည်သည့်လက္ခဏာမျှမရှိပါက သွေးစစ်ချက်အဖြေ သေချာစေရန် ဆရာဝန်အနေနှင့် အချိန်တစ်ခုခြားပြီး (ဥပမာ – တစ်လဖြစ်စေ၊ သုံးလဖြစ်စေ) ခြား၍ ပြန်လည်စစ်ဆေးလိမ့်မည်။ ထိုအချိန်အတွင်း မိမိအနေနှင့် အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ပြီး ကျန်းမာအောင် နေထိုင်သင့်သည်။

အသည်းအင်ဇိုင်းဓာတ်များ မတက်ရန် ကာကွယ်ခြင်းနှင့် အသည်းကျန်းမာရေး

အသည်းအင်ဇိုင်းဓာတ်များသည် အသည်းပျက်စီးရာမှ တက်ခြင်းဖြစ်သဖြင့် မိမိအသည်း၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်၊ အဆိပ်အတောက်ဖြစ်စေသည့် အရာများနှင့်မထိတွေ့ရန် ဂရုစိုက်ခြင်းဖြင့် အသည်းလုပ်ငန်း မပျက်စီးရန် ကာကွယ်နိုင်သည်။ အသည်းအားဆေးများသည် မဖြစ်မနေသောက်ရမည့် ဆေးများ မဟုတ်ပါ။

အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် မိမိအသည်းကို ကာကွယ်ပါ။

  • နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ
  • အရက်မသောက်ပါနှင့်၊ သောက်နေပါက အရက်ကို ဖြတ်ပါ
  • ဆေးလိပ်မသောက်ပါနှင့်၊ သောက်နေပါက ဆေးလိပ်ဖြတ်ပါ
  • ဆေးများကို မလိုအပ်ဘဲ မသောက်ပါနှင့်
  • အာဟာရ ပြည့်ဝမျှတစေရန် စားပါ
  • လတ်ဆတ်သော အစာများနှင့်အသီးအနှံများကို စားပါ
  • ချိုလွန်းသော၊ အဆီများလွန်းသော အစာများကိုရှောင်ပါ
  • အစားအစာကို သန့်ရှင်းစွာပြုလုပ်ပြီး ကျက်အောင် ချက်ပြုတ်ထားသော အစာများကိုသာ စားပါ
  • အသင့်စားအစာများ၊ ပြုပြင်ထားသော အစာများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့်အစာများကို ရှောင်ပါ
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
  • မိမိ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပါ
  • အသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.