In vitro fertilization (ဖန်ပြွန်သန္ဓေသားနည်းပညာ)

In vitro fertilization (ဖန်ပြွန်သန္ဓေသားနည်းပညာ)

ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF)ဆိုသည်မှာ ပထမဦးစွာ အမျိုးသမီးဆီမှ သားဥနှင့် အမျိုးသားဆီမှ သုက်ပိုးကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူ၍ ဓာတ်ခွဲခန်းအတွင်း၌ ဆဲလ်ပွားရန် အထူးစီမံထားသော ဖန် (သို့မဟုတ်) ပလတ်စတစ် ပန်းကန်ပြားငယ် (petri dish) ပေါ်တွင် ပေါင်းစပ်သန္ဓေအောင်စေသည်။ ထို့နောက် ပုံမှန်သန္ဓေအောင်ရုံသာမက ကောင်းမွန်စွာကြီးထွားလာသော သန္ဓေသားလောင်းတစ်လုံး (သို့မဟုတ်) တစ်လုံးထက်ပိုသော သန္ဓေသားလောင်းကို မိခင်လောင်း၏သားအိမ်အတွင်း ပြန်လည်ထည့်သွင်းပေး၍ ကိုယ်ဝန်ရရှိအောင် ကူညီပေးသော နည်းလမ်းဖြစ်သည်။ ထိုသို့ထည့်သွင်းပြီးနောက် ပိုလျှံနေသောန္ဓေသားလောင်းများကို အေးခဲသိမ်းဆည်းထားခြင်းအားဖြင့်လည်း မိမိအလိုရှိသောအချိန်တွင် သားသမီးထပ်ယူရန် ကြိုးစားနိုင်သေးသည်။ ထိုသို့ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကြိုးစားရန် အနည်းဆုံး အချိန် (၂)ပတ်မှ (၃)ပတ် ပေးရန်လိုအပ်သည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ ဖန်ပြွန်သန္ဓေသားနည်းပညာကို သားသမီးရရှိစေသော အထောက်အကူပြုနည်းလမ်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

In vito fertilizaiton image1
ပြုလုပ်ရန်လိုအပ်သောအခြေအနေများ
  • သားဥပြွန်လမ်းကြောင်း ပျက်စီးနေသော (သို့မဟုတ်) သားဥပြွန်လမ်းကြောင်း ပိတ်နေသော အမျိုးသမီးများ
  • သားဥကြွေသည့်ဖြစ်စဥ် မူမမှန်သော အမျိုးသမီးများ
  • မီးယပ်သွေးလုံး (endometriosis) ဟုခေါ်သည့် သားအိမ်အတွင်းနံရံ၌ ရှိရမည့် တစ်ရှူးများ သားအိမ်ပြင်ပနေရာများသို့ ရောက်ရှိနေသည့်ရောဂါ ခံစားနေရသော အမျိုးသမီးများ
  • သားအိမ်အသားလုံး (uterine fibroids) ရှိသော အမျိုးသမီးများ
  • ယခင်ကပြုလုပ်ဖူးသော ခွဲစိတ်မှုများကြောင့် ကိုယ်ဝန်ရရှိရန် ခက်ခဲနေသော အမျိုးသမီးများ
  • အသက်အရွယ်ရလာသော အမျိုးသမီးများ (advanced maternal age)
  • ပြစ်ချက်မရှိဘဲ ကလေးရရန် ကြန့်ကြာနေသောစုံတွဲများ
  • သုက်ပိုးပြဿနာရှိသော အမျိုးသားများ
  • သားသမီးရယူခြင်းကို ခက်ခဲစေနိုင်သည့် ကင်ဆာကုထုံး (သို့မဟုတ်) အခြားသော ကျန်းမာရေးကုသမှုများကို မခံယူမီ အနာဂတ်မိသားစုစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်လိုသူများအနေဖြင့် ဤနည်းလမ်းကို ရွေးချယ်သင့်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ

ဖန်ပြွန်သန္ဓေသားနည်းပညာမပြုလုပ်မီ စစ်ဆေးထားသင့်သည်များမှာ_

  • အမျိုးသမီးများ သားဥလက်ကျန် စစ်ဆေးခြင်း
  • အမျိုးသားများ သုက်ပိုးစစ်ဆေးခြင်း
  • ဇနီးမောင်နှံနှစ်ဦးလုံး လိုအပ်သောသွေးများကို စစ်ဆေးခြင်းတို့ဖြစ်သည်။

ဖန်ပြွန်သန္ဓေသားပြုလုပ်ပြီး ကျန်းမာသော ကလေးငယ်မွေးဖွားရန် မူတည်သော အခြေအနေများ

  • အမျိုးသမီး၏ အသက်အရွယ်
  • သန္ဓေသားလောင်း အရည်အသွေး
  • ယခင်က ကလေးရဖူးခြင်း ရှိမရှိ
  • သားသမီးမရရှိရခြင်း အကြောင်းရင်း
  • ဘဝနေထိုင်မှုပုံစံ စသည်တို့အပေါ် တွင် မူတည်၍ ဖန်ပြွန်သန္ဓေသားဖြင့် ကျန်းမာသော ကလေးမွေးဖွားရန် ဆုံးဖြတ်နိုင်သည်။
ဖန်ပြွန်သန္ဓေသားနည်းပညာ ပြုလုပ်ပုံအဆင့်ဆင့်
In vito fertilization image2

အရွယ်ရောက်သော သားဥများများရရှိစေရန် ပြင်ဆင်ခြင်း

ဤအဆင့်တွင် မမျိုးဥအိမ်မှ သားဥများ ကောင်းကောင်းထွက်စေရန် လှုံ့ဆော်ပေးသော ဟော်မုန်းဆေးများ (FSH နှင့် LH) ထိုးနှံခြင်း၊ မမျိုးဥအိမ်မှ သားဥများ အချိန်မတိုင်မီ မကြွေစေရန် ထိန်းဆေးများ သုံးစွဲခြင်း၊ သားဥများ အရွယ်ရောက်စေသည့်အပြင် အချိန်ကိုက်ကြွေစေသောဆေး (HCG) ထိုးနှံခြင်းတို့ ပါဝင်သည်။ ထို့ပြင် ထိုးလိုက်သောဆေးဝါးများကို မမျိုးဥအိမ်မှ ကောင်းမွန်စွာတုံ့ပြန်မှု ရှိမရှိ သိရှိရန် မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်းနှင့် ဟော်မုန်းသွေးများစစ်ဆေးခြင်းကို လိုအပ်သလို ပြုလုပ်ရသည်။

သားဥထုတ်ယူခြင်း

အမျိုးသမီးအား သားဥကြွေဆေးထိုးနှံပြီး (၃၄- ၃၆) နာရီအကြာတွင် မေ့ဆေးအပျော့စားပေး၍ သားဥများထုတ်ယူရသည်။ ထိုသို့ထုတ်ယူရာ၌ မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်း နည်းပညာအကူအညီဖြင့် မမျိုးဥအိမ်၌ရှိသော သားဥများကို သေးငယ်သော အပ်အရှည်ဖြင့် စုပ်ယူရသည်။ ထိုသို့စုပ်ယူရရှိထားသော သားဥများ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားစေရန်အတွက် အထူးစီမံထားသည့် ဆေးရည်အတွင်း၌ထား၍ ဓာတ်ခွဲခန်း၌ ဆက်လက်မွေးမြူထားရသည်။

အမျိုးသားသုက်ပိုးထုတ်ယူခြင်း

အမျိုးသားအနေဖြင့် မိမိ၏ ဇနီးသည် သားဥထုတ်ယူသောနေ့တွင် ဆေးရုံသို့ အတူလာရောက်၍ သုက်ပိုးထုတ်ပေးရန် လိုအပ်သည်။ ထိုနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ပေးနိုင်ခြင်း မရှိပါက သုက်ပိုးကို မဖြစ်မနေ ကြိုတင်၍ အေးခဲသိမ်းဆည်းထားရပါမည်။ သာမန်ထုတ်ယူသော သုက်ရည်အတွင်း၌ သုက်ပိုးမပါရှိသော အမျိုးသားများအနေဖြင့် ကပ်ပယ်အိတ်အတွင်းမှ သုက်ပိုးကို အပ်ဖြင့်စုပ်ယူခြင်း (သို့မဟုတ်) ကပ်ပယ်အိတ်အတွင်းမှ အသားစကို ခွဲစိတ်၍ သုက်ပိုးရယူခြင်း နည်းပညာဖြင့် လိုအပ်သောသုက်ပိုးများကို ရရှိနိုင်သည်။

ပေါင်းစပ်သန္ဓေအောင်စေခြင်း

ဤအဆင့်၌

  1. ပုံမှန် သန္ဓေအောင်စေသောနည်း (conventional insemination) ဟုခေါ်သော အရွယ်ရောက် သားဥများနှင့် သုက်ပိုးများကို အထူးစီမံထားသည့် ပတ်ဝန်းကျင်တွင် ထားရှိ၍ ပေါင်းစပ် သန္ဓေအောင်စေသော နည်းပညာ နှင့်
  2. အရည်အသွေးပြည့်မှီသော သုက်ပိုးတစ်ကောင်ခြင်းစီကို အလွန်သေးမျှင်သောအပ်ချောင်းဖြင့် အရွယ်ရောက်ပြီး သားဥတစ်လုံးချင်းစီထဲသို့ ထိုးသွင်း၍ ပေါင်းစပ် သန္ဓေအောင်စေသောနည်း (Intracytoplasmic sperm injection) ဟူ၍ နည်းလမ်း နှစ်မျိုးရှိသည်။

သန္ဓေသားလောင်း၏ အပြင်ဘက်ဆုံးအလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ခြင်း (Assisted hatching)

သားအိမ်အတွင်းသို့ ပြန်မထည့်မီ ဤသို့ပြုလုပ်ပေးခြင်းသည် သန္ဓေသားလောင်း သားအိမ်နံရံတွင် လွယ်လွယ်ကူကူနှင့် ကောင်းကောင်းမွန်မွန် တွယ်ကပ်နိုင်စေရန်များစွာ အထောက်အကူပြုပေးသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များကမူ assisted hatchingကို ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကြိုးစားကြသည့် လူနာအားလုံးအတွက် အသုံးပြုရန် မသင့်တော်ဟု အကြံပြုထားသည်။ အချို့သော လေ့လာမှုများကမူ ဤသို့ပြုလုပ်ခြင်းကြောင့် ကိုယ်ဝန်ရနိုင်ခြေ ပိုများနိုင်သော လူနာအုပ်စုများတွင်သာ အသုံးပြုသင့်သည်ဟု အကြံပြုထားသည်။ အသက်အရွယ်ရသော အမျိုးသမီးများနှင့် ယခင်က ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့သောသူများအတွက် ဤနည်းလမ်းဖြင့် ကိုယ်ဝန်ရနိုင်ခြေ ပိုများစေနိုင်သည်။ ထို့ကြောင့် ဤနည်းလမ်းသည် မိမိအတွက် အထောက်အကူ ဖြစ်မဖြစ်နှင့် သင့်တော်မှု ရှိမရှိကို သက်ဆိုင်ရာဆရာဝန်ထံမှ အကြံဥာဏ်ရယူသင့်သည်။

သန္ဓေသားလောင်း ပြန်လည်ထည့်သွင်းပေးခြင်း

ဓာတ်ခွဲခန်းအတွင်း၌ မွေးမြူထားသော (၂) ရက် မှ (၆)ရက်သား သန္ဓေသားလောင်းတစ်လုံး (သို့မဟုတ်) တစ်လုံးထက်ပိုသော သန္ဓေသားလောင်းကို မိခင်လောင်း၏ သားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းပေးရာ၌ ရှည်လျားပါးလွှာ၍ ပျော့ပျောင်းသော ပိုက်ချောင်း (catheter)ကို အသုံးပြုသောကြောင့် ပုံမှန်အားဖြင့် နာကျင်မှုမရှိသော်လည်း တစ်ခါတစ်ရံတွင် ကသိကအောက် ဖြစ်နိုင်သည်။ ထိုသို့ထည့်ပေးသည့်အချိန်တွင် ပိုက်ပျော့ချောင်း၏ အနောက်တွင် ဆေးထိုးပြွန် (syringe)ကို တွယ်ဆက်၍ မိန်းမကိုယ် လမ်းကြောင်းမှတစ်ဆင့် သားအိမ်ခေါင်းဝကို ဖြတ်သန်း၍ သားအိမ်အတွင်းရှိ သန္ဓေသားလောင်း တွယ်ကပ်ရန်အတွက် အကောင်းဆုံးနေရာတွင် ချထားပေးခြင်းဖြစ်သည်။

သန္ဓေသားလောင်းအေးခဲသိမ်းဆည်းခြင်း

အမျိုးသမီး၏ သားအိမ်အတွင်းသို့ ပြန်ထည့်ပြီးနောက် ပိုလျှံနေသော သန္ဓေသားလောင်းများသည် အေးခဲသိမ်းဆည်းရန်အတွက် အရည်အသွေး ပြည့်မှီပါက နိုက်ထရိုဂျင်အရည်ထဲတွင် အေးခဲသိမ်းဆည်းထား၍ နောင်တွင် ပြန်လည်အသုံးပြုနိုင်သည်။

ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးခြင်း

သန္ဓေသားလောင်း ထည့်ပြီး (၁၄) ရက်အကြာတွင် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးနှင့်သွေးစစ်ဆေးခြင်းအားဖြင့် သိရှိနိုင်သည်။ အောင်မြင်သွားလျှင် ကိုယ်ဝန်အား စောင့်ရှောက်ရန်အတွက် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ဆက်လက်ပြသရမည်ဖြစ်သည်။ ကိုယ်ဝန် မရရှိခဲ့လျှင် မိမိလက်ရှိ သုံးစွဲနေသည့် သန္ဓေခိုင်စေသော ဟော်မုန်းဆေးများကို ရပ်တန့်ပစ်ရမည်။ ရာသီပြန်မပေါ်ခဲ့လျှင် (သို့မဟုတ်) မူမမှန်သော ရာသီသွေးဆင်းခြင်းများ ဖြစ်ပေါ်ပါကလည်း သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ထို့ပြင် ဖန်ပြွန်သန္ဓေသား နည်းပညာဖြင့် ထပ်မံကြိုးစားရန် အစီအစဥ်ရှိခြင်း (သို့မဟုတ်) အေးခဲ သိမ်းဆည်းထားသော သန္ဓေသားလောင်းကို ပြန်လည်ထည့်သွင်းခြင်း ပြုလုပ်လိုပါက အောင်မြင်စေရန်အတွက် လိုအပ်သော အချက်များကိုလည်း ဆွေးနွေးတိုင်ပင်၍ အကြံဉာဏ် ရယူနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ
  • စိတ်ဖိစီးမှုများခြင်း
  • သားဥထုတ်ယူမှုကြောင့် ဖြစ်တတ်သော ဆိုးကျိုးများ ခံစားရခြင်း
  • ဟော်မုန်းဆေးများကို သားဥအိမ်မှ တုံ့ပြန်မှုလွန်ကဲသော လက္ခဏာများ ဖြစ်ပေါ်ခြင်း
  • သားပျက်၊ သားလျှောခြင်း
  • သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း
  • တစ်ဦးထက် ပိုသောသန္ဓေသား ကိုယ်ဝန်ဆောင်ရခြင်း
  • မွေးရာပါ ရောဂါပါရှိခြင်း
  • ပေါင်မပြည့်၊ လမစေ့သော ကလေးမွေးဖွားခြင်း
  • ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် အစအဆုံးမကြိုးစားရဘဲ လမ်းခုလတ်၌ ရပ်တန့်သွားနိုင်ခြင်းတို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

သန္ဓေသားလောင်းထည့်ပြီးနောက် သတိပြုစရာများ

  • သန္ဓေသားလောင်း ထည့်ပြီးသွားသည့်အခါ ပုံမှန်အတိုင်း သွားလာလှုပ်ရှား၍ ရသည်။ သို့သော် အမျိုးသမီး၏ သားဥအိမ်အရွယ်အစားသည် ပုံမှန်ထက် ကြီးထွားနေနိုင်သောကြောင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း (သို့မဟုတ်) အမျိုးသားနှင့် လိင်ဆက်ဆံခြင်းများကြောင့် မသက်မသာ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထိုအပြုအမူများကို မည်မျှကာလအပိုင်းအခြားအထိ ရှောင်ရှားသင့်ကြောင်းကို သက်ဆိုင်ရာ ဆရာဝန်အား သေချာမေးမြန်းသင့်သည်။
  • သန္ဓေသားလောင်းထည့်ပြီးပြီးချင်းတွင် အနည်းငယ်သော အရည်ကြည် (သို့မဟုတ်) သွေးစပါသောအရည်များ ဆင်းတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သန္ဓေသားလောင်း ထည့်ပေးသည့်အချိန်တွင် သားအိမ်ခေါင်းဝအား ဆေးရည်ဖြင့် သန့်စင်ထားသောကြောင့် ဖြစ်သည်။
  • အမျိုးသမီး၏ ခန္ဓာကိုယ်တွင်း၌ estrogen ဟုခေါ်သော ဟော်မုန်းပမာဏ မြင့်တက်မှုကြောင့် ရင်သားတင်းခြင်းများ ခံစားရနိုင်သည်။
  • ထို့ပြင် လေပွခြင်းနှင့် ဝမ်းဗိုက်ပိုင်း နာကျင်ခြင်းအပြင် ဝမ်းချုပ်ခြင်းများဖြစ်တတ်သည်။

သို့သော် အတန်အသင့် မှ ပြင်းထန်သော နာကျင်မှုခံစားရခြင်း သို့မဟုတ် မိန်းမကိုယ်မှ သွေးအမြောက်အများဆင်းခြင်းများ ကြုံတွေ့ရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြန်လည်ပြသသင့်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.