နှာခေါင်းပိုက်သည် ပါးလွှာပျော့ပျောင်းသည့် ပလတ်စတစ်ပိုက် အမျိုးအစားဖြစ်ပြီး နှာခေါင်းပေါက်မှတစ်ဆင့် လည်ချောင်း၊ အစာရေမျိုပြွန်ကို ဖြတ်သန်းကာ အစာအိမ်ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
အောက်ပါအခြေအနေ (၂)မျိုးတွင် နှာခေါင်းပိုက်ထည့်သည်။
- အစာအိမ်အတွင်းသို့ ဆေးဝါးများ၊ အစားအစာများ ထည့်သွင်းရန်
- လိုအပ်ပါက အစာအိမ်ထဲမှ အဆိပ်အတောက်များ၊ မကောင်းသောအရည်များ၊ အစာဟောင်းများကို ပြန်လည်စုပ်ထုတ်ရန်
အချို့အခြေအနေများတွင် အရေးပေါ် အချိန်တိုသာ ပိုက်ထည့်ရန်လိုအပ်ပြီး အစားအစာကျွေးရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပါက အချိန်ကြာနိုင်သည်။
နှာခေါင်းပိုက်ဖြင့် အစာကျွေးခြင်း
နှာခေါင်းပိုက်ဖြင့် အစာကျွေးခြင်းကို အစာဝါးရန်၊ မျိုချရန် ခက်ခဲသော အခြေအနေများ၊ အစာလမ်းကြောင်းအတွင်း အနာကျက်ရန် လိုအပ်သည့်အခြေအနေများ နှင့် အာဟာရ ပိုမိုလိုအပ်သည့် အချိန်များတွင်လည်း အသုံးပြုသည်။
- အစာမျိုရန် ခက်ခဲခြင်း
- ဦးခေါင်းနှင့် လည်ချောင်းကင်ဆာ ဖြစ်ခြင်း
- သတိကောင်းစွာမရခြင်း၊ သတိလစ်ခြင်း
- အာဟာရချို့တဲ့ခြင်း
- အူရောင်သည့် ရောဂါဖြစ်ခြင်း (Inflammatory Bowel Disease) စသောအခြေအနေများတွင် အသုံးပြုသည်။
အစာအိမ်မှပိုက်ဖြင့် စုပ်ထုတ်ခြင်း
အချို့သော အရေးပေါ်အခြေအနေများတွင် နှာခေါင်းပိုက်ကို အသုံးပြု၍ အစာအိမ်ထဲမှ အရာများကို စုပ်ထုတ်သည်။ ဥပမာ-အဆိပ် (သို့မဟုတ်) အန္တရာယ်ရှိသော ဆေးပမာဏ အများအပြားသောက်ခြင်း စသောအခြေအနေများတွင် အစာအိမ်အတွင်းရှိ အန္တရာယ်ရှိသော အရာများကို စုပ်ထုတ်ရန်သုံးသည်။ အချို့သော အစာအိမ်ဖောင်းတင်းစေသည့် ရောဂါအခြေအနေများတွင် အစာအိမ်အတွင်းရှိ ဖိအားကို လျော့ကျစေရန် သုံးသည်။
- အဆိပ်သင့်ခြင်း
- အစာအိမ်ထွက်ပေါက်ပိတ်ခြင်း
- အူပိတ်ခြင်း
- ဆေးဝါးဖြင့် မသက်သာသော ပျို့အန်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ခြင်းများ
- အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း သွေးထွက်ခြင်းစသည်တို့တွင် အစာအိမ်မှ ပိုက်ဖြင့်စုပ်ထုတ်ခြင်းကို အသုံးပြုသည်။
ကောင်းကျိုးများ
- ခွဲစိတ်ထည့်ရန် မလိုသောကြောင့် မေ့ဆေးအန္တရာယ် မခံရခြင်း
- အလွယ်တကူ လျင်မြန်စွာ ထည့်နိုင်ခြင်း
- အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်ခြင်း
- အာဟာရပို၍ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများရှိသည်။
နှာခေါင်းပိုက် ထည့်သွင်းပုံအဆင့်ဆင့်
ဆရာဝန် (သို့မဟုတ်) သူနာပြုမှ နှာခေါင်းပိုက်ထည့်ခြင်းကို အောက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်မည် ဖြစ်သည်။
- နှာခေါင်းပိုက်ထည့်ပုံ နည်းလမ်းများကို သေချာစွာရှင်းပြပြီး သဘောတူညီချက် တောင်းယူမည်
- ထိုင်နေသည့် အနေအထား (သို့မဟုတ်) ပက်လက်အနေအထားဖြင့် နှာခေါင်းပိုက်ထည့်နိုင်သည်
- အစာအိမ်အတွင်းသို့ထည့်ရန် နှာခေါင်းပိုက်အရှည်ကို တိုင်းတာ၍ အမှတ်မှတ်သားသည်
- လက်အိတ်ဝတ်ဆင်ပြီး ပိုးသတ်ထားသော နှာခေါင်းပိုက်ထိပ်ပိုင်းကို ချောဆီသုတ်လိမ်းသည်
- မသက်မသာဖြစ်မှု လျော့နည်းစေရန် နှာခေါင်းနှင့် လည်ချောင်းကို ထုံဆေးဖြန်းသည်
- နှာခေါင်းပိုက်ကို နှာခေါင်းတစ်ဖက်မှ စတင်ထည့်ပြီး အာခေါင်ရောက်သည်ထိ ဖြေးညင်းစွာ ထည့်သွင်းသည်
- အာခေါင်ရောက်သည်နှင့် အစာရေမျိုပြွန်အတွင်းသို့ ဖြေးညင်းစွာထည့်သည်
- ထိုအချိန်တွင် ရေကိုပိုက်ဖြင့်စုပ်၍ မျိုချခိုင်းခြင်းသည် အစာရေမျိုပြွန်မှ အစာအိမ်အတွင်းသို့ မြန်မြန်ရောက်စေရန် အထောက်အကူပေးသည်၊ လူနာကိုယ်တိုင်မျိုချနိုင်လျှင် ပို၍လွယ်ကူစွာ ထည့်နိုင်သည်
- မှတ်ထားသောအမှတ် ရောက်ပါက အစာအိမ်အတွင်း ရောက်ရှိကြောင်း သေချာစေရန် ဆရာဝန်မှ စစ်ဆေးမည်၊ အစာအိမ်တွင်းသို့ ရောက်ရှိလျှင် အက်ဆစ်ဓာတ်ပါသော အရည်ကို စုပ်ယူရရှိနိုင်သည် သို့မဟုတ် ရင်ဘတ်ဓာတ်မှန် ရိုက်ကြည့်လျှင် ပိုက်၏တည်နေရာကို တိကျစွာမြင်တွေ့နိုင်သည်
- နှာခေါင်းပိုက်ထည့်နေစဥ် ချောင်းဆိုးခြင်း၊ သီးခြင်းနှင့် မောခြင်းဖြစ်ပါက ချက်ချင်းရပ်ထားမည်ဖြစ်ပြီး သက်သာသည့်အချိန်တွင် ပြန်လည်ထည့်သွင်းရသည်
နှာခေါင်းပိုက်မှ အစာထည့်သွင်းနည်း
နှာခေါင်းပိုက်မှ အစာထည့်သွင်းခြင်းကို လူနာအား ပြုစုသူကိုယ်တိုင် ပြုလုပ်ရလျှင် အောက်ပါအတိုင်း လိုက်နာရန်လိုသည်။
- နှာခေါင်းပိုက်မှ ထည့်သွင်းရမည့် အစားအစာသည် အရည်ပုံစံသာဖြစ်ရမည်၊ ဆရာဝန်မှ ညွှန်ကြားသည့် ဖော်စပ်နည်းအတိုင်း အစားအစာကို သန့်ရှင်းစွာပြင်ဆင်ရမည်၊ ပူလွန်း၊ အေးလွန်းခြင်း မဖြစ်စေရ
- အစာမထည့်သွင်းမီ နှာခေါင်းပိုက်သည် ပိတ်နေခြင်း၊ ခေါက်နေခြင်း၊ အပြင်သို့ ပြန်ထွက်နေခြင်း ရှိမရှိ စစ်ဆေးရမည်
- လူနာသည် သတိလစ်နေခြင်းမရှိလျှင် အစာထည့်သွင်းမည့်အကြောင်း ပြောရန်လိုသည်
- (၅၀)စီစီ ဆေးထိုးပြွန်တွင် အစာကိုထည့်၍ လူနာဦးခေါင်းအထက် တစ်ပေခန့်အမြင့်သို့ မြှောက်ထားပြီး သဘာဝအတိုင်း အစာကိုကျဆင်းစေရမည်၊ ဖိအားပေး၍ ထိုးထည့်ခြင်း မပြုလုပ်ရ
- အစားအစာပမာဏကို ညွှန်ကြားသည့်ပမာဏထက် ပို၍လည်းကောင်း၊ လျှော့၍လည်းကောင်း မသွင်းရ၊ အစာအိမ်ဖောင်းတင်းလျှင် အန်နိုင်သည်၊ အစာသွင်းနေစဉ် ချောင်းဆိုးခြင်း၊ အန်ခြင်းဖြစ်လျှင် ဆက်မသွင်းဘဲ ခေတ္တရပ်ရမည်၊ သက်သာသည့်အချိန်တွင်မှ ဆက်သွင်းရမည်
- အစာသွင်းနေစဉ်နှင့် သွင်းပြီးချိန်တွင် ရေအနည်းငယ်ထည့်သွင်း၍ ပိုက်ကို ဆေးကြောရမည်
နောက်ဆက်တွဲဆိုးကျိုးများ
နှာခေါင်းပိုက်ကို စနစ်တကျထည့်ပါက နောက်ဆက်တွဲဆိုးကျိုး မရှိသလောက် နည်းပါးသည်။ သို့သော် အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည်။
- မသက်မသာဖြစ်ခြင်း
- နှာခေါင်းသွေးထွက်ခြင်း
- လည်ချောင်းနာခြင်း
- နှာခေါင်းလေခိုအိတ် ပိုးဝင်ခြင်း
- ပိုက်နေရာလွဲခြင်း၊ ပြုတ်ထွက်ခြင်း
- သတ္တုဓာတ်များ မညီမျှခြင်း
- အစာအိမ်၊ အူလမ်းကြောင်း အနာဖြစ်ခြင်း၊ သွေးထွက်ခြင်း
- အသက်ရှူလမ်းကြောင်းထဲသို့ နေရာလွဲ၍ ရောက်ခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
နှာခေါင်းပိုက်ထည့်ရသည့်လူနာတွင် အောက်ပါအခြေအနေများဖြစ်ပါက နှာခေါင်းပိုက်မှ အစာထည့်ခြင်းကို ချက်ချင်းရပ်၍ သက်ဆိုင်ရာဆရာဝန်နှင့် ပြန်လည်ပြသရန်လိုသည်။
- ချောင်းဆိုးခြင်း၊ သီးခြင်း၊ အန်ခြင်း
- နှာခေါင်းပိုက် ပြုတ်ထွက်ခြင်း
- နှာခေါင်းပိုက် အလုပ်မလုပ်ခြင်း (အစာထည့်ပါက မကျဘဲ ဖိအားခံနေခြင်း)
- နှာခေါင်းပိုက် နေရာလွဲခြင်း၊ ပိုက်ပိတ်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- နှာခေါင်းပိုက်ထဲတွင် သွေးပါခြင်း
- ပိုးဝင်သော လက္ခဏာရှိခြင်း (ဖျားခြင်း၊ နှာခေါင်းပတ်ဝန်းကျင် နီရဲခြင်း)
နှာခေါင်းပိုက် အသစ်လဲရန်
အစားအသောက်ကျွေးရန် အသုံးပြုခြင်းအတွက် နှာခေါင်းပိုက်ထည့်သွင်းပြီးနောက် ရက်သတ္တပတ် (၄)ပတ် မှ (၆)ပတ်အကြာ သို့မဟုတ် ပိုက်ပိတ်ခြင်း၊ နေရာလွဲခြင်းစသည့် လက္ခဏာများရှိလျှင် အသစ်လဲရန် လိုအပ်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.