Blood transfusion (သွေးသွင်းကုသခြင်း)

Blood transfusion (သွေးသွင်းကုသခြင်း)

သွေးသွင်းကုသခြင်းဆိုသည်မှာ ကိုယ်ခန္ဓာမှ ရုတ်တရက်ဆုံးရှုံးသွားသော သွေးပမာဏ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် လိုအပ်နေသောသွေးကို အခြားသူတစ်ဦး၏ သွေးဖြင့် ပြန်လည်ဖြည့်ဆည်းပေးသော ကုသမှုတစ်ခုဖြစ်သည်။ လူ့ခန္ဓာကိုယ်ရှိသွေးကို သွေးဆဲလ်များ၊ သွေးရည်ကြည်များဖြင့် ဖွဲ့စည်းထားသည်။ သွေးဆဲလ်များတွင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများ ပါဝင်သည်။ သွေးရည်ကြည်တွင် အသားဓာတ်၊ ဓာတ်ဆားဓာတ်များ၊ ကိုယ်ခံအားနှင့် သွေးခဲပစ္စည်းများ ပါရှိသည်။ သွေးနှင့်သွေးရည်ကြည် သွင်း၍ကုသခြင်းသည် တစ်ခါတစ်ရံ နောက်ဆက်တွဲပြဿနာများ ရှိနိုင်သောကြောင့် မဖြစ်မနေ လိုအပ်မှသာ ပြုလုပ်သင့်သည်။

သွေးသွင်းကုသရန် လိုအပ်သော အခြေအနေများ
  1. ကိုယ်ခန္ဓာမှ သွေးဆုံးရှုံးသွားသော ရောဂါအခြေအနေများ
    • ခွဲစိတ်မှုခံယူနေစဉ် သွေးဆုံးရှုံးမှုများခြင်း
    • ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ သွေးထွက်လွန်ခြင်း
  2. အခြားရောဂါ အခြေအနေများ
    • ရောဂါပိုးများကြောင့်ဖြစ်သော ရောဂါများ (ဥပမာ_သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ)
    • နာတာရှည် အသည်းရောဂါ၊ ကျောက်ကပ်‌ရောဂါနှင့် အခြား နာတာရှည်ရောဂါများ
    • သွေးပုံမှန်သွင်းရန် လိုအပ်သော အချို့သွေးရောဂါများ (ဥပမာ_သာလာဆီးမီးယားရောဂါ [Thalassaemia])
    • ရိုးတွင်းခြင်ဆီ ကောင်းစွာအလုပ်မလုပ်သော အခြေအနေများ (ဥပမာ_ရိုးတွင်းခြင်ဆီခန်း‌သောရောဂါ [Aplastic anaemia]၊ ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့ထိခိုက်စေသော အချို့ကင်ဆာရောဂါများ)
    • မွေးရာပါ သွေးခဲဓာတ်ချို့တဲ့သောရောဂါ (Haemophilia)
    • သွေးကင်ဆာအပါအဝင် အခြားကင်ဆာရောဂါများစသည်တို့ ဖြစ်သည်။

သွေးသွင်းကုသရာတွင် ရောဂါအခြေအနေနှင့် လိုအပ်ချက်ပေါ်မူတည်၍ ကုသမှုပေးသော သွေးအမျိုးအစား ကွာခြားနိုင်သည်။

  • သွေးနီဥနှင့်ဟီမိုဂလိုဘင် လိုအပ်သောအခြေအနေတွင် သွေးရည်ကြည်နှင့်သွေးဆဲလ်များအားလုံး ပါဝင်သော သွေး (Whole blood) သွင်းခြင်း သို့မဟုတ် သွေးဆဲလ်အများစု ပါဝင်သော သွေး (Packed red cells) သွင်းခြင်းတို့ကို ပြုလုပ်လေ့ရှိသည်
  • သွေးရည်ကြည်၊ သွေးဥမွှားနှင့် သွေးခဲဓာတ်ပစ္စည်းတို့ကို လိုအပ်သော အခြေအနေများတွင် Plasma, Platelets, Cryoprecipitate ကဲ့သို့ သွေးရည်ကြည်အမျိုးအစားများကို သွင်းလေ့ရှိသည်
သွေးသွင်းကုသရန်လိုအပ်ကြောင်း သိနိုင်သည့်လက္ခဏာများ

ကိုယ်ခန္ဓာမှ သွေးထွက်သော ရောဂါအခြေအနေများနှင့် သွေးလိုအပ်နိုင်သော အခြားရောဂါများတွင် အောက်ပါလက္ခဏာများရှိပါက သွေးသွင်းရန် လိုအပ်နိုင်သည်။

  • သွေးဆုံးရှုံးမှုများခြင်း
  • ဖြူဖျော့နေခြင်း
  • ပင်ပန်းနွမ်းနယ်နေခြင်း
  • လှုပ်ရှားလျှင် အမောမခံနိုင်ခြင်း
  • အောက်ဆီဂျင်ရှူရန် လိုအပ်လာခြင်း
  • သွေးတွင်းရှိ ဟီမိုဂလိုဘင် (သို့မဟုတ်) သွေးဥမွှားအရေအတွက်သည် သတ်မှတ်ပမာဏအောက် လျော့နည်းနေခြင်း စသည်တို့ဖြစ်သည်။
သွေးသွင်းကုသခြင်း ပြုလုပ်ပုံအဆင့်ဆင့်

သွေးလှူရှင်ရှာဖွေခြင်း

  • သွေးသွင်းကုသရန် သွေးလှူဘဏ်တွင် စုဆောင်းထားသည့် သွေးကို အသုံးပြုနိုင်သကဲ့သို့ သွေးလှူရှင်မှ ချက်ချင်း လှူဒါန်းသည့် သွေးကိုလည်း အသုံးပြုနိုင်သည်
  • သွေးလှူရှင်၏သွေးအုပ်စုသည် လူနာ၏သွေးအုပ်စုနှင့် တူညီရမည်၊ လူနာနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိရပါ
  • သွေးလှူရှင်သည် အသက် (၁၈) နှစ်အထက်ဖြစ်ရန်လိုပြီး အနည်းဆုံး ပေါင်ချိန် (၁၁၀) သို့မဟုတ် (၅၀) ကီလိုဂရမ် ရှိရမည်
  • သွေးမလှူဒါန်းမီ အလှူရှင်သည် သွေးဘဏ်မှ သတ်မှတ်မေးခွန်းလွှာတစ်စောင်ကို ဖြေဆိုရမည် (ယခင်ဖြစ်ဖူးသော ရောဂါများ၊ သောက်သုံးဖူးသော သို့မဟုတ် သောက်လက်စဆေးများ ရှိမရှိ၊ လတ်တလောတွင် သွားရောဂါကုသမှု ခံယူထားခြင်း၊ ဆေးမင်ကြောင် ထိုးဖူးခြင်း၊ နားဖောက်ဖူးခြင်းစသည့် အခြေအနေများ ရှိမရှိ မေးမြန်းချက်များ ပါဝင်သည်)
  • ဖြေဆိုပြီးပါက တာဝန်ခံဆရာဝန်နှင့် တွေ့ဆုံ၍ ဆရာဝန်မှ သွေးလှူရန် သင့်မသင့် ဆုံးဖြတ်မည်ဖြစ်သည်
  • ထို့နောက် ဟီမိုဂလိုဘင်ဓာတ်ကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်၊ အမျိုးသားဖြစ်ပါက အနည်းဆုံး ဟီမိုဂလိုဘင်ဓာတ် (၁၃.၅) g/L ရှိရမည်ဖြစ်ပြီး အမျိုးသမီးဆိုပါက (၁၂.၅) g/L ရှိရမည်
  • သွေးလှူရန်သင့်တော်ကြောင်း ဆရာဝန်မှဆုံးဖြတ်၍ ဟီမိုဂလိုဘင်ဓာတ်ပမာဏလည်း ပြည့်မီပါက သွေးလှူဒါန်းနိုင်မည်
  • ထို့နောက် ထုတ်ယူထားသော အလှူရှင်၏သွေးကို လူနာ၏သွေးအုပ်စုနှင့် တိုက်၍စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ရှိမရှိ စစ်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်၊ ရောဂါပိုးကင်းရှင်းကြောင်း သေချာမှသာ ထိုသွေးကို ဆက်လက်အသုံးပြုမည်

သွေးမသွင်းမီ

  • သွေးသွင်းကုသခြင်းကို ဆေးရုံ (သို့မဟုတ်) ဆေးခန်းများတွင် ပြုလုပ်လေ့ရှိသည်၊ သွေးဘဏ်ရှိသည့် ဆေးရုံများတွင် ပိုမိုအဆင်ပြေလွယ်ကူနိုင်သည်
  • ရှေးဦးစွာ သွေးသွင်းကုသမှု ခံယူရန်လိုအပ်ကြောင်း လူနာနှင့်လူနာရှင်အား ရှင်းပြ၍ ခွင့်ပြုချက်တောင်းရမည်၊ အရေးပေါ် အသက်ကယ်ရန်လိုအပ်သော အခြေအနေများမှလွဲ၍ ခွင့်ပြုချက်တောင်းရန် လိုအပ်သည်
  • ထို့နောက် လူနာ၏သွေးအုပ်စု (အေ၊ ဘီ၊ အေဘီနှင့် အို – အာအိတ်ချ်)ကို သေချာစေရန် စစ်ဆေးရမည်
  • သွေးမသွင်းမီတွင် သွေးသွင်းကုသရမည့် လူနာ၏ အသက်၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အဖျား ရှိမရှိ ကြိုတင်တိုင်းတာ မှတ်သားထားရသည် ‌
  • သွေးလှူဘဏ်မှ ပေးပို့လာသော သွေးထုပ်နှင့် လျှောက်လွှာ (form) တွင် ဖော်ပြထားသည့် သွေးအုပ်စု၊ သွေးထုပ်၏ နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ သွေးသွင်းမည့်လူနာ၏ အချက်အလက်များ စသည်တို့ ကိုက်ညီမှု ရှိမရှိကို သက်ဆိုင်ရာဆရာ၀န်နှင့် သူနာပြုတို့မှ အနည်းဆုံး နှစ်ကြိမ် တိုက်ဆိုင်စစ်ဆေးရမည်၊ နာမည်တူ (သို့မဟုတ်) သွေးအုပ်စုတူသော လူနာများရှိပါက သွေးထုပ်မှားယွင်းအသုံးပြုနိုင်ခြေရှိသောကြောင့် အထူးသတိပြုစစ်ဆေးရန် လိုအပ်သည်

သွေးသွင်းနေစဥ်

  • သွေးထုပ်ပါ အချက်အလက်နှင့် လူနာ၏ အချက်အလက်များ အားလုံးကိုက်ညီမှသာ လူနာအား စတင်သွေးသွင်းပေးမည် ဖြစ်သည်
  • သွေးစတင်သွင်းချိန် ဓာတ်မတည့်မှုများ ပေါ်မပေါ် စောင့်ကြည့်ရန် လူနာအနီးတွင် (၁၅) မိနစ်ခန့် ခေတ္တနေသင့်သည်
  • အောက်တွင် ဖော်ပြထားသော ဓာတ်မတည့်သည့် လက္ခဏာများအနက် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွေ့ရှိလာပါက သွေးသွင်းခြင်းကို ချက်ချင်းရပ်ပစ်ရမည်
  • လူနာ၏ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို ချက်ချင်းပြန်လည်စစ်ဆေးပြီး လိုအပ်သော ကုသမှုများ ပြုလုပ်ပေးရမည်
  • ဓာတ်မတည့်သော လက္ခဏာများ မပေါ်သည့်တိုင်အောင် လူနာအား သွေးသွင်းနေစဉ် တစ်လျှောက်လုံး စောင့်ကြည့်နေရမည်ဖြစ်သည်

သွေးသွင်းပြီးလျှင်

  • သွေးသွင်းပြီးချိန်တွင်လည်း လူနာ၏ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် အဖျား ရှိမရှိ ပြန်လည် စစ်ဆေးရမည်ဖြစ်ပြီး အနည်းဆုံးတစ်နာရီခန့် လူနာအား စောင့်ကြည့်ရန်လိုသည်
  • သွင်းသော သွေးအမျိုးအစား‌ပေါ် မူတည်၍ ကြာမြင့်ချိန် ကွာခြားသည်
  • Whole bloodနှင့်Packed cell အမျိုးအစားများကိုသွင်းလျှင် အချိန် (၂)နာရီ မှ (၄)နာရီခန့် ကြာမြင့်နိုင်ပြီး Plasma၊ Plateletsနှင့် Cryoprecipitateကဲ့သို့ သွေးရည်ကြည် အမျိုးအစားများကိုမူ တစ်နာရီထက် မကျော်စေဘဲ ကုန်အောင်သွင်းရမည်ဖြစ်သည်
သွေးသွင်းကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

သွေးသွင်းကုသရာတွင် နောက်ဆက်တွဲဆိုးကျိုးများ ရှိတတ်ပြီး တစ်ခါတစ်ရံ ပြင်းထန်နိုင်သောကြောင့် အထူးသတိထားသင့်သည်။ အဖြစ်များသော နောက်ဆက်တွဲ ဆိုးကျိုးများမှာ_

  1. ဓာတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်ခြင်း
  2. သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ခံရနိုင်ခြေရှိခြင်း
  3. သွေးသွင်းသည့် အကြိမ်များခြင်းကြောင့် ခန္ဓာကိုယ်အတွင်း သံဓာတ်စုပုံလာခြင်း
  1. ဓာတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်ခြင်း
    ဓာတ်မတည့်သည့် လက္ခဏာများသည် သွေးသွင်းနေစဥ်အတွင်းသာမက သွေးသွင်းပြီး (၂၄) နာရီအတွင်းလည်း ဖြစ်နိုင်သည်။ ရှားပါးသော်လည်း တစ်ခါတစ်ရံ (၂၄) နာရီနောက်ပိုင်းတွင်လည်း ဖြစ်နိုင်ခြေရှိသည်။ အဖြစ်များသော လက္ခဏာများမှာ_
    • အဖျားတက်ခြင်း
    • ချမ်းတုန်လာခြင်း
    • အရေပြားယားယံလာခြင်း
    • အနီအပိမ့်များ ထွက်လာခြင်း
    • မျက်နှာ၊ နှုတ်ခမ်းနှင့် လျှာများ ရောင်လာခြင်း
    • သွေးသွင်းထားသောလက်တွင် နာကျင်ခြင်း
    • ပျို့ခြင်း၊ အန်ခြင်း စသည်တို့ဖြစ်ပြီး

      ပိုမိုပြင်းထန်ပါက
    • ရင်ဘတ်အောင့်ခြင်း၊ ခါးနာခြင်း
    • အသက်ရှူမြန်လာခြင်း
    • အသက်ရှူကျပ်လာခြင်း
    • မောလာခြင်း၊ သတိလစ်ခြင်း
    • သွေးပေါင်ကျခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဆိုးဝါးနိုင်သည်။

      ထိုလက္ခဏာများဖြစ်ပေါ်လာပါက သွေးသွင်းခြင်းကို ချက်ချင်း ရပ်ပစ်ရန်လိုသည်။ သွေးထုပ်တွင် ပါရှိသော အချက်အလက်များနှင့် လူနာ၏အချက်အလက်များကို နောက်တစ်ကြိမ် တိုက်ဆိုင်စစ်ဆေးရမည်။ တစ်ပြိုင်နက်တည်းမှာပင် လူနာအခြေအနေအား အသေးစိတ်စမ်းသပ်ပြီး (၁၅) မိနစ်လျှင် တစ်ကြိမ် ပြန်လည်စစ်ဆေးနေရန် လိုအပ်သည်။ အဖျားတက်ခြင်းအတွက် ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ၊ ယားယံခြင်း၊ အနီအပိမ့်ထွက်ခြင်းနှင့် ရောင်ရမ်းခြင်းများအတွက် ဟစ်စ်တမင်း ဆန့်ကျင်ဆေးကဲ့သို့ ဆေးဝါးများပေးနိုင်သည်။ ထို့နောက် လက္ခဏာများ သက်သာသွားပါက လူနာအား သွေးဆက်လက် သွင်းနိုင်သည်။

      ပြင်းထန်သည့် ဓာတ်မတည့်ခြင်း လက္ခဏာများအထိ ဖြစ်ပေါ်လာပါက လူနာအား အရေးပေါ် ဆေးကုသမှုများပေး၍ အထူးကြပ်မတ် စောင့်ကြည့်ရန်လိုသည်။ အဆိုပါ လူနာမျိုးတွင် လက္ခဏာများ သက်သာသွားသည့်တိုင်အောင် သွေးကို ပြန်လည်မသွင်းတော့ဘဲ ထိုသွေးထုပ်အား သက်ဆိုင်ရာ သွေးလှူဘဏ်သို့ ပြန်လည်ပေးပို့၍ ဓာတ်မတည့်ခြင်းကို ဖြစ်စေသော အကြောင်းရင်းကို ရှာဖွေရမည်ဖြစ်သည်။
  2. သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရနိုင်ခြေရှိခြင်း
    စနစ်တကျ စစ်ဆေးထားခြင်း မရှိသည့် သွေးကိုသွင်းမိခြင်းကြောင့် လူနာတွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုးစသည်တို့ ကူးစက်ခံရနိုင်ခြေရှိသည်။ ထို့ကြောင့် ရောဂါပိုးများ ရှိမရှိ စနစ်တကျ စစ်ဆေးပေးသော ဆေးရုံ၊ ဆေးခန်းများတွင်သာ သွေးသွင်းကုသသင့်သည်။ သွေးလှူရှင်အနေဖြင့်လည်း ရောဂါပိုးကင်းစင်သော ပုံမှန်သွေးလှူရှင်ဖြစ်ရန် အရေးကြီးပြီး ရောဂါပိုး ကူးစက်စေနိုင်သည့် အပြုအမူများနှင့် နေထိုင်မှု ပုံစံများကို ရှောင်ကြဥ်ရန် လိုသည်။
  3. သွေးသွင်းသည့် အကြိမ်များခြင်းကြောင့် ခန္ဓာကိုယ်အတွင်း သံဓာတ်စုပုံလာခြင်း
    မကြာခဏ သွေးသွင်းကုသရသော သွေးရောဂါလူနာအချို့တွင် အချိန်ကြာလာသည်နှင့်အမျှ သွေးတွင်းသံဓာတ် မြင့်မားလာတတ်ပြီး သံဓာတ်စုပုံမှုကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ခြေ ရှိသည်။ ထို့ကြောင့် နာတာရှည် သွေးရောဂါလူနာများ (ဥပမာ-သာလာဆီးမီးယားရောဂါ) သည် ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပြီး လိုအပ်ပါက သံဓာတ်ခြေဖျက်ပေးသော ဆေးဝါးများသောက်သုံးရနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

သွေးသွင်းကုသခြင်းသည် လူနာအတွက် အကျိုးရှိသော ကုသမှုဖြစ်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ရှိသည့်အပြင် အသက်အန္တရာယ်ရှိသော အခြေအနေအထိ ဖြစ်နိုင်သောကြောင့် အမှန်တကယ် လိုအပ်မှသာ သွေးသွင်းကုသမှုကို ခံယူသင့်သည်။ ဆရာဝန်၊ သူနာပြုများအနေနှင့်လည်း သွေးသွင်းကုသရမည့် လူနာနှင့် သွေးထုပ်ရှိ အချက်အလက်တိုင်းကို သေချာစေရန် အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး၍ သွင်းရမည်ဖြစ်ပြီး ဓာတ်မတည့်သော လက္ခဏာများ ဖြစ်ပေါ်လာပါကလည်း အချိန်မီ ကုသမှုပေးနိုင်ရန် လိုအပ်ပါသည်။

Share

30 October 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.