Episiotomy (မွေးလမ်းကြောင်းချဲ့ခြင်း)

Episiotomy (မွေးလမ်းကြောင်းချဲ့ခြင်း)

မွေးလမ်းကြောင်းချဲ့ခြင်းဆိုသည်မှာ သဘာဝအတိုင်း ကလေးမီးဖွားစဉ် လိုအပ်ပါက မိန်းမကိုယ်အဝနှင့်စအိုကြား (၂ – ၃) စင်တီမီတာ အလျားခန့်ရှိသော ခွဲကြောင်းရာပြုလုပ်ခြင်းဖြစ်သည်။ ပုံမှန်သဘာဝအတိုင်း ကလေးမွေးဖွားရန်အတွက် အမျိုးသမီးတိုင်း မွေးလမ်းကြောင်း ချဲ့ရန်မလိုအပ်ပါ။ မွေးလမ်းကြောင်းချဲ့ရန်အတွက် လိုအပ်သော၊ သင့်တော်သော ထုံဆေးကို အသုံးပြုရသည်။ မွေးလမ်းကြောင်းမှ ညာဘက်သို့ (၄၅ – ၆၀) ဒီဂရီစောင်း အနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ရန် သေချာစွာ ဒီဇိုင်းဆွဲစီမံထားသော ကတ်ကြေးဖြင့် မွေးလမ်းကြောင်းချဲ့ခြင်း ပြုလုပ်သည်။

မွေးလမ်းကြောင်းချဲ့ရန် လိုအပ်သော အခြေအနေများ
  • သဘာဝအတိုင်းမီးဖွားစဉ် ကလေးနှလုံးခုန်သံ မူမမှန်၍ အလျင်အမြန် မွေးဖွားရန် လိုအပ်သည့်အချိန်၊ မိခင်၌ မောပန်းသည့် လက္ခဏာများ ခံစားရသည့်အချိန်၊ လေစုပ်မွေးဖွားရန် သို့မဟုတ် ညှပ်ဆွဲမွေးဖွားရန် လိုအပ်သည့် အခြေအနေ
  • ဆုံပိုင်းဖြင့် မွေးဖွားရမည့် အခြေအနေ (breech)
  • ကလေးခေါင်းမွေးပြီး တစ်နေသောပခုံးကို မွေးဖွားရန်အခြေအနေ (shoulder dystocia)
  • ကိုယ်အ‌လေးချိန်များသော ကလေးမွေးရမည့်အခြေအနေ (large baby)

မွေးလမ်းကြောင်းချဲ့နိုင်သောနည်း(၂)မျိုး

  1. အလယ်တည့်တည့်မွေးလမ်းကြောင်းချဲ့ခြင်း (Midline incision)
    မိန်းမကိုယ်အဝမှစအိုဘက်သို့ (၂ – ၃) စင်တီမီတာ ဒေါင်လိုက်တည့်တည့်ချဲ့ခြင်းဖြစ်သည်။ ထိုသို့ချဲ့ခြင်းသည် ပြန်ချုပ်ရ၊ လွယ်ကူသော်လည်း စအိုနေရာအထိ ပြဲသွားနိုင်သည်။
  2. ညာဘေးဘက်စောင်းအနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ခြင်း (Mediolateral incision)
    မိန်းမကိုယ်အဝမှ ညာဘက်သို့ (၄၅ – ၆၀) ဒီဂရီစောင်းအနေအထားဖြင့် (၂ – ၃) စင်တီမီတာ ချဲ့ခြင်းဖြစ်သည်။ ထိုသို့ချဲ့ခြင်းသည် စအိုနေရာသို့ လွယ်ကူစွာ မပြဲနိုင်သော်လည်း နာကျင်မှု ပိုမိုခံစားရနိုင်ပြီး တစ်ခါတစ်ရံ ပြန်ချုပ်ရာတွင် ခက်ခဲတတ်သည်။
Episiotomy image
ကြိုတင် သိရှိထားရမည့် အချက်များ
  • မွေးလမ်းကြောင်းချဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မွေးဖွားစဥ် မိန်းမကိုယ်အတွင်း လမ်းကြောင်းများ စုတ်ပြဲခြင်း၊ စအိုကြွက်သားလမ်းကြောင်းများ ထိခိုက်ပျက်စီးခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် ဖြစ်သည်
  • မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာအား သေချာစနစ်တကျ ပြန်ချုပ်ပါက အနာကျက်မြန်ခြင်း၊ သွေးထွက်နည်းခြင်းနှင့် မိန်းမကိုယ်လမ်းကြောင်းအတွင်း သွေးခဲဖြစ်ပေါ်ခြင်းများကို ရှောင်ရှားနိုင်သည်
  • မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာကို ပြန်ချုပ်ရာတွင် သဘာဝအလျောက် အသားထဲတွင်ပျော်ဝင်သွားမည့် ချုပ်ကြိုးများ (absorbable suture)ကို အသုံးပြုထားသည့်အတွက် ချုပ်ကြိုးပြန်ဖြည်စရာမလိုပါ
  • မွေးဖွားပြီးနောက် အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေး (paracetamol)နှင့် ပိုးဝင်ခြင်းကိုကာကွယ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများ သောက်ရမည်
  • မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာသည် (၂)ပတ် မှ (၃)ပတ်အထိ နာကျင်တတ်သည်။ အထူးသဖြင့် လမ်းလျှောက်နေစဉ် အထိုင်အထပြုလုပ်စဉ် နာကျင်တတ်သည်
  • မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာ၏ အရေပြားသည် ရက်သတ္တပတ် အနည်းငယ်အကြာတွင် အနာကျက်နိုင်သည်
  • ချုပ်ရိုးအားလုံးကျက်ရန် တစ်လဝန်းကျင်ကြာသည်
မွေးလမ်းကြောင်းချဲ့ခြင်းပြုလုပ်ပုံအဆင့်ဆင့်

သဘာဝအတိုင်းမွေးဖွားစဥ် မွေးလမ်းကြောင်းချဲ့ခြင်းကို ပြုလုပ်ကြသည်။ မွေးလမ်းကြောင်းချဲ့ခြင်း ပြုလုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • မွေးလမ်းကြောင်းမချဲ့မီ နာကျင်မှုမရှိစေရန် ထုံဆေးထိုးပေးသည်၊ အကယ်၍ မိခင်ဖြစ်သူသည် မနာကျင်ဘဲ ကလေးမွေးနိုင်ရန် ခါးထုံဆေးထိုးထားလျှင် (Epidural Anaesthesia for Painless Labour) မွေးလမ်းကြောင်းချဲ့မည့်နေရာကို ထုံဆေးထပ်ထိုးရန် မလိုပါ
  • မိခင်သည် ကလေးထွက်ရန် အားစိုက်ညှစ်နေပြီး ကလေးခေါင်းကို မိန်းမကိုယ်အဝတွင် တွေ့ရလျှင် မွေးလမ်းကြောင်းချဲ့ရန် အထူးပြုလုပ်ထားသော ကတ်ကြေး (Episiotomy Scissors) ဖြင့် မွေးလမ်းကြောင်းကို ချဲ့သည်၊ များသောအားဖြင့် ညာဘေးဘက်စောင်း အနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ခြင်းကို ပြုလုပ်ကြသည်
  • ထို့နောက် ကလေးမွေးဖွားပြီး မကြာမီတွင် အချင်းထွက်လာသည်
  • မွေးဖွားပေးသောဆရာဝန်မှ မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းတစ်လျှောက် ပြဲသွားသောဒဏ်ရာ ရှိမရှိ စစ်ဆေးပြီး မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းကို နောက်ဆက်တွဲဆိုးကျိုးမရစေရန် တစ်လွှာချင်း စနစ်တကျချုပ်ပေးမည် ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • တစ်ခါတစ်ရံ မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းသည် ကလေးထွက်လာသည့် အချိန်တွင် မူလခွဲကြောင်းထက်ပိုပြီး ရှည်သွားနိုင်သည်
  • မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းအားပြန်ချုပ်စဥ် သွေးကြောက‌လေးများ ထိခိုက်မိပြီး သွေးထွက်ခြင်း၊ သွေးခဲများစုမိပြီး မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းများ ဖြစ်နိုင်သည်
  • ရောဂါပိုးဝင်နိုင်သည်
  • အလယ်တည့်တည့် မွေးလမ်းကြောင်းချဲ့ထားပါက စအိုထိခွဲကြောင်းပြဲသွားနိုင်သည်၊ ထိုသို့စအိုထိပြဲခြင်း ဖြစ်ပါက စအိုကြွက်သားများ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ ဝမ်းမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်
  • ဆီးမထိန်းနိုင် ဖြစ်တတ်သည်
  • မွေးဖွားပြီး လအနည်းငယ်တွင် အမျိုးသားနှင့် လိင်ဆက်ဆံသည့်အခါ ခွဲကြောင်းဒဏ်ရာမှ နာကျင်မှု ခံစားရနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • မွေးလမ်းကြောင်းချဲ့ ခွဲကြောင်းဒဏ်ရာအား စနစ်တကျချုပ်ပြီး နောက်ပိုင်းတွင် အနာကိုခြောက်သွေ့ သန့်ရှင်းစွာထားရန် လိုအပ်သည်
  • ဆီးသွားပြီးတိုင်း ဒဏ်ရာကို နွေးသည်ဆိုရုံမျှသော ရေကြက်သီးနွေးနှင့် ဆေးပေးပါ
  • ခွဲကြောင်းဒဏ်ရာသည် တစ်ရက်ထက်တစ်ရက် နာကျင်မှု သက်သာလာရမည့်အစား ပိုပြီးနာကျင်လျှင်၊ ဖျားလျှင်၊ ဒဏ်ရာမှ ပြည်ထွက်လျှင် ရောဂါပိုးဝင်သည့် လက္ခဏာဖြစ်သောကြောင့် မိမိ၏ ဆရာဝန်နှင့် ချက်ချင်းပြသပြီး ကုသမှုခံယူရမည်

Share

31 October 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.