ရင်သားဓာတ်မှန်ရိုက်ခြင်းသည် ရင်သားတစ်ရှူးကို ပမာဏနည်းသော ဓာတ်ရောင်ခြည်ဖြင့် ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ ရင်သားကင်ဆာကို ရောဂါလက္ခဏာမပြခင် ကြိုတင်စစ်ဆေးသည့်အခါ ရင်သားဓာတ်မှန်ကို အသုံးပြုသည်။ ထိုကြောင့် ရင်သားကင်ဆာ ရောဂါကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါအမည်သတ်မှတ်ခြင်းတွင် အသုံးဝင်သောစစ်ဆေးမှုဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများသည် ရင်သားဓာတ်မှန်ရိုက်ရန် လိုအပ်သည်။
- အသက် (၄၀) နှင့်အထက် အမျိုးသမီးများအားလုံး
- ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိသူများ
- ရင်သားနှင့်သားဥအိမ် ကင်ဆာဖြစ်ဖူးသော မိသားစုရာဇဝင်ရှိသူများ
- ရင်သားကင်ဆာဖြစ်စေသော မျိုးရိုးဗီဇသယ်ဆောင်သူများ (BRCA 1, BRCA 2)
- အချို့သော ကင်ဆာမဟုတ်သည့် ရင်သားရောဂါများ (ဥပမာ – Atypical Ductal Hyperplasia or Lobular Neoplasia)
- ရင်သားကင်ဆာဖြစ်ဖူးသော မိသားစုရာဇဝင်ရှိသည့် အမျိုးသားများ
- ရင်သားတွင် အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်း
- နို့သီးခေါင်း သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း
- အမျှင်တစ်ရှူးများသောရင်သား (Dense Breast)
ကြိုတင်သိရှိထားရမည့် အချက်များ
ရင်သားဓာတ်မှန်မရိုက်မီကြိုတင်သိရှိရမည့် အချက်များမှာ_
- မိမိသည် မိခင်နို့တိုက်နေခြင်း၊ ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ကိုယ်ဝန်ရှိနေသည်ဟု ထင်ပါက သက်ဆိုင်ရာဆရာဝန်အား ပြောပြရန်လိုသည်၊ ယင်းအခြေအနေများတွင် ရင်သားဓာတ်မှန်အစား ရင်သားအာထရာဆောင်းကို အစားထိုးရိုက်ရန် အကြုံပြုနိုင်သည်
- ရာသီလာနေစဥ် သို့မဟုတ် ရာသီမလာခင်တစ်ပတ်အလိုတွင် ရင်သားများနာကျင်နိုင်သောကြောင့် ရင်သားဓာတ်မှန်ရိုက်ရန် ရက်ကိုနောက်ဆုတ်ရမည်
- ရင်သားအစားထိုးကုသမှု ခံယူထားခြင်း သို့မဟုတ် လတ်တလော ကာကွယ်ဆေးထိုးထားခြင်းများ ရှိပါက သက်ဆိုင်ရာဆရာဝန်အား ပြောပြရန်လိုသည်
ရင်သားဓာတ်မှန်ရိုက်သည့်နေ့တွင်
- ပုံမှန်လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည် (ဥပမာ_အစာစားခြင်း၊ အရည်သောက်ခြင်း၊ သောက်လက်စဆေးများ သောက်ခြင်း)
- အမွှေးနံ့များ၊ ရေမွှေးများ၊ လိုးရှင်းများနှင့် ပေါင်ဒါများသုံးခြင်း မပြုရပါ (ဓာတ်မှန်၏တိကျမှုကို နှောင့်ယှက်နိုင်သောကြောင့်ဖြစ်သည်)
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ရင်သားဓာတ်မှန်သည် ရင်သားတစ်ရှူးများကို စစ်ဆေးကြည့်ရှုရန် ဒီဇိုင်းလုပ်ထားသော ဓာတ်မှန်စက်အမျိုးအစားဖြစ်သည်။ အရိုးများကိုကြည့်ရန် ပြုလုပ်ထားသော ဓာတ်မှန်စက်များထက် ဓာတ်ရောင်ခြည်ပြင်းအား လျော့နည်းသည်။ ဓာတ်မှန်ကျွမ်းကျင်သူမှ ရင်သားဓာတ်မှန်ရိုက်ပြီး ဓာတ်မှန်အထူးကုဆရာဝန်မှ ရင်သားဓာတ်မှန်ကိုကြည့်၍ အဖြေထုတ်သည်။
ရင်သားကို ညှစ်ထားသောအနေအထားဖြင့် ရိုက်ပြီး ထွက်လာသော အဖြူအမည်းပုံရိပ်များကို ကွန်ပြူတာတွင် ထည့်သွင်းသိမ်းဆည်းသည်။ ထို့နောက် ဒစ်ဂျစ်တယ်ပုံအဖြစ် တွေ့ရသည်။ ဓာတ်မှန်ရိုက်သည့်အခါ ရင်သားကိုငြိမ်အောင်ဖိထားမှသာ တိကျသည့်ပုံရိပ်ကို ကောင်းစွာရသည်။ ပုံရိပ်အမျိုးအစားများတွင် နှစ်ဖက်မြင်ရသော 2D ရင်သားဓာတ်မှန် ရှိသကဲ့သို့ ပို၍ရှင်းလင်းစွာမြင်ရသော 3D ရင်သားဓာတ်မှန်လည်းရှိသည်။
ရင်သားဓာတ်မှန် အမျိုးအစား (၂)မျိုး ရှိသည်။
- ရင်သားစစ်ဆေးသော ဓာတ်မှန် (Screening Mammogram)
- ရောဂါသတ်မှတ်သော ရင်သားဓာတ်မှန် (Diagnostic Mammogram)
- ရင်သားစစ်ဆေးသောဓာတ်မှန် (Screening Mammogram)
ရင်သားကင်ဆာ (သို့မဟုတ်) ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးများကို ရောဂါလက္ခဏာမပြခင် ကြိုတင်စစ်ဆေးရှာဖွေရာတွင် ရင်သားစစ်ဆေးသောဓာတ်မှန်ကို အသုံးပြုသည်။ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်ပြီး ကုသမှုရယူနိုင်သည်။ ရင်သားစစ်ဆေးသောဓာတ်မှန်တွင် ရင်သားတစ်ဖက်စီအတွက် မတူညီသောရှုထောင့် (အပေါ်အောက်၊ ဘေးနှစ်ဖက်)မှ ရိုက်ထားသောဓာတ်မှန် ပုံ (၂) ပုံ အနည်းဆုံးပါဝင်သည်။ ရင်သားအစားထိုးခွဲစိတ်ပြုပြင်မှု ရှိထားပါက ဓာတ်မှန်ပုံများ ပို၍လိုအပ်သည်။ - ရောဂါအမည်သတ်မှတ်သော ရင်သားဓာတ်မှန် (Diagnostic Mammogram)
ရင်သားစစ်ဆေးသောဓာတ်မှန်တွင် ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးပြောင်းလဲခြင်းများ (ရင်သားအကျိတ်အသစ်တွေ့ခြင်း၊ ရင်သားနာခြင်း၊ ရင်သားပေါ် ရှိအရေပြား ပုံမှန်မဟုတ်ခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်းနှင့် နို့သီးခေါင်းအနာဖြစ်ခြင်း)ကို တွေ့ရှိပါက သက်ဆိုင်ရာဆရာဝန်မှ ရောဂါအမည်သတ်မှတ်သော ရင်သားဓာတ်မှန် ထပ်၍ရိုက်ရန် ညွှန်ကြားသည်။ ရင်သားဓာတ်မှန်နှစ်မျိုးလုံးသည် တူညီသောစက်များကို အသုံးပြုသော်လည်း ရောဂါအမည်သတ်မှတ်သော ရင်သားဓာတ်မှန်တွင် ပို၍အဆင့်မြင့်သော ပုံရိပ်ဖော်နည်းပညာကို အသုံးပြုသည်။
ရင်သားဓာတ်မှန်ရိုက်ရန်
- ခါးအပေါ်ပိုင်းရှိအဝတ်များနှင့် လက်ဝတ်ရတနာများအားလုံးကို ချွတ်ထား၍ ရှေ့ကွဲဆေးရုံဝတ်စုံကို ဝတ်ဆင်ရမည်
- ရင်သားဓာတ်မှန်ရိုက်သည့် စက်၏ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်၍ ရင်သားတစ်ဘက်ကို စက်၏အောက်ရှိ ရင်သားထိန်းမပေးသော အပြားပေါ်တွင်တင်ပါ (Breast Support Plate)
- ထိန်းမထားသောရင်သားပေါ်သို့ ပလတ်စတစ်ပြားတစ်ခု (Plastic Paddle)ကို လျော့ချ၍ အပေါ်မှအောက်သို့ (၃)စက္ကန့် မှ (၅)စက္ကန့်ခန့် အညီအမျှဖိထားသော အနေအထားဖြင့် ရိုက်သည်
- ဖိအားများ၍ မသက်မသာဖြစ်ပါက ဖိအားချိန်ညှိရန် ဓာတ်မှန်ကျွမ်းကျင်သူကို ပြောနိုင်သည်
- ရင်သားနှစ်ဘက်လုံးတွင် ရောဂါလက္ခဏာရှိပါက ကျန်တစ်ဘက်ကိုလည်း အထက်ပါနည်းအတိုင်း ရိုက်ရသည်
- ရင်သားတစ်ရှူးပုံရိပ်ဖော်မှု မကောင်းပါက ပြန်၍ရိုက်ရန်လိုသည်
- ရင်သားဓာတ်မှန်ရိုက်ပြီးပါက ပုံမှန်နေ့စဥ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်သည်
သိရှိနိုင်သောအဖြေများ
ရင်သားဓာတ်မှန်ရိုက်ပြီး အဖြေရသည်နှင့် သက်ဆိုင်ရာဆရာဝန်မှ ဓာတ်မှန်အဖြေကို ရှင်းလင်းပြောပြမည်ဖြစ်သည်။ ဓာတ်မှန်အဖြေသည် ပုံမှန်ရင်သားတစ်ရှူး ဖြစ်နိုင်သကဲ့သို့ ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးဖြစ်နိုင်သည်။
ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးတွင် အမျှင်ဂလင်းဓာတ်သည် အဆီဓာတ်ထက်ပိုများခြင်း၊ ရင်သားမညီမညာဖြစ်ခြင်း၊ ရင်သားပုံသဏ္ဌာန်ပျက်ခြင်း၊ ကယ်လ်စီယမ်ဓာတ်စုပုံခြင်းများ တွေ့ရသည်။ အကယ်၍ ကင်ဆာရောဂါ သံသယလက္ခဏာများကို တွေ့ရှိပါက အခြားစမ်းသပ်စစ်ဆေးမှုများ (ရင်သားကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူခြင်း) ထပ်မံပြုလုပ်ရန် လိုအပ်သည်။
ပုံမှန်ရင်သားတစ်ရှူးဖြစ်ပါက နှစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးမှု ပြန်လည်ခံယူသင့်သည်။ အချို့တွင် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စစ်ဆေးရန်လိုသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် ရင်သားအားဖိထားချိန်တွင် အနည်းငယ်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း စသော နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ သို့သော် ရင်သားဓာတ်မှန်ရိုက်ခြင်းအချိန်သည် တိုတောင်းသောကြောင့် နာကျင်မှုကို အချိန်အတော်ကြာမခံစားရပါ။ ထိုသို့နာကျင်မှုခံစားရခြင်းသည် အောက်ပါအချက်များပေါ်မူတည်သည်။
- ရင်သားအရွယ်အစား
- ဖိထားရန်လိုအပ်သော ရင်သားပမာဏ
- ရာသီလာခါနီးအချိန်
- ဓာတ်မှန်ကျွမ်းကျင်သူ၏ ကျွမ်းကျင်မှု
References:
- Professional, C. C. M. (2024). Mammogram. Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diagnostics/4877-mammogram
- Mammogram – Mayo Clinic. (n.d.). Retrieved July 2, 2024, from https://www.mayoclinic.org/tests-procedures/mammogram/about/pac-20384806
- Mammogram Procedure. (2024). Johns Hopkins Medicine. Retrieved July 2, 2024, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/mammogram-procedure#:~:text=What%20is%20a%20mammogram%3F,who%20have%20no%20breast%20complaints.
- Screening for Breast Cancer. (2024). Breast Cancer. Retrieved July 2, 2024, from https://www.cdc.gov/breast-cancer/screening/index.html
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.