ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်းတွင် ကလေးခေါင်းကို လေစုပ်ခွက်တပ်၍ လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်း (Vacuum Extraction Delivery) နှင့် ကလေးခေါင်းကို Forceps ဟုခေါ်သော ညှပ်ဖြင့်ဆွဲ၍ မွေးဖွားခြင်း (Forceps Delivery) ဟူ၍ (၂)မျိုးရှိသည်။
သဘာ၀အတိုင်းကလေးမွေးဖွားရန် ကြိုးစားစဉ် ကလေးမွေးဖွားခြင်း ပထမအဆင့် သားအိမ်အပြည့်ပွင့်ပြီးနောက် ဒုတိယအဆင့်တွင် အကြောင်းအမျိုးမျိုးကြောင့် မမွေးနိုင်ဘဲ မွေးချိန်ကြာနေလျှင်သော်လည်းကောင်း၊ ကလေးသည် သားအိမ်ညှစ်အားဒဏ်ကို မခံနိုင်သည့် လက္ခဏာ ပြလာလျှင်သော်လည်းကောင်း ကိရိယာအကူအညီဖြင့် မွေးဖွားပေးရန် လိုအပ်သည်။
ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်းတွင် မွေးဖွားပေးမည့်သူသည် ဗဟုသုတ၊ အတွေ့အကြုံနှင့် လေ့ကျင့်သားပြည့်၀သူဖြစ်ရန် အလွန်အရေးကြီးပြီး မွေးဖွားခြင်းကို အကူအညီပေးရန် ကျွမ်းကျင်သောသူများ ရှိရန်လိုအပ်သည်။
လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်း (Vacuum Extraction Delivery)
လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်းဆိုသည်မှာ ကလေးမွေးဖွားခြင်း ဒုတိယအဆင့်တွင် အရွယ်အစားသင့်လျော်သော စုပ်ခွက်ငယ်ကို ကလေးခေါင်း၏ နောက်စေ့အပေါ်နားတွင်ထား၍ စက်ဖြင့်ဖြစ်စေ လက်ညှစ်အားဖြင့်ဖြစ်စေ လေဟာနယ်ဖြစ်အောင် ဖန်တီးပြီးနောက် ကလေးခေါင်းကို စုပ်ခွက်ဖြင့် ဆွဲယူ၍ မွေးဖွားခြင်းဖြစ်သည်။ ရိုးရိုးမွေးဖွားသူ အယောက် (၁၀၀)တွင် (၂)ယောက် မှ (၃) ယောက်ခန့်သည် လေစုပ်၍ မွေးဖွားရလေ့ရှိသည်။
ညှပ်ဖြင့်ဆွဲ၍ မွေးဖွားခြင်း (Forceps Delivery)
ညှပ်ဖြင့်ဆွဲ၍ မွေးဖွားခြင်းဆိုသည်မှာ ကလေးမွေးဖွားခြင်း ဒုတိယအဆင့်တွင် ညှပ်ဆွဲကိရိယာနှစ်ဖက်ကို ကလေးခေါင်း၏ တစ်ဖက်တစ်ချက်စီတွင် အလိုက်သင့်လျောထည့်၍ အံကျအောင်ပြုလုပ်ပြီးနောက် မိခင်၏ သားအိမ်ညှစ်အားနှင့် အလိုက်သင့် ကလေးခေါင်းကို ဆွဲယူမွေးဖွားခြင်းဖြစ်သည်။ ရိုးရိုးမွေးဖွားသူ အယောက် (၁၀၀၀)တွင် (၅) ယောက်ခန့်သည် ညှပ်ဆွဲ၍ မွေးဖွားရန် လိုအပ်လေ့ရှိသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားရန် လိုအပ်သည်။
- မိခင်၏ကျန်းမာရေးအခြေအနေကြောင့် သားအိမ်ညှစ်အားကို အပြည့်အ၀မသုံးသင့်သောသူများ (ဥပမာ_ သွေးပေါင်ချိန်အလွန်မြင့်တက်နေသောသူများ၊ ကိုယ်ဝန်ဆိပ်တက်နေသူများနှင့် နှလုံးရောဂါရှိသူများ)တွင် ကလေးမွေးဖွားခြင်း ဒုတိယအဆင့်ကြာချိန်ကို လျှော့ချလိုခြင်း
- ကလေးမွေးဖွားခြင်း ဒုတိယအဆင့်တွင် မိခင်သားအိမ်ညှစ်အားဒဏ်ကို ခံနိုင်ရည်မရှိတော့၍ နှလုံးခုန်နှုန်း ပုံမှန်အောက်ကျနေသော ကလေးများနှင့် နှလုံးခုန်နှုန်း ပုံမမှန်သော ကလေးများကို အမြန်မွေးဖွားလိုခြင်း
- ကလေးမွေးဖွားခြင်း ဒုတိယအဆင့်တွင် မိခင်သည် ဆက်လက်အားထုတ်ညှစ်နိုင်ရန် မဖြစ်နိုင်တော့သည်ထိ အလွန်ပင်ပန်းနေခြင်း
- နာကျင်မှုမရှိအောင် ခါးထုံဆေးထိုးပြီး ရိုးရိုးမွေးဖွားရန် ကြိုးစားသူများတွင် ကလေးမွေးဖွားခြင်း ဒုတိယအဆင့်ကြာချိန်ကို လျှော့ချလိုခြင်း
- ကလေးမွေးဖွားခြင်း ဒုတိယအဆင့်သည် သားဦးမိခင်များတွင် (၃)နာရီနှင့် အထက်ပို၍ ကြာနေခြင်း၊ ဒုတိယကလေးနှင့်အထက် မိခင်များတွင် (၂)နာရီနှင့် အထက်ပို၍ ကြာနေခြင်းစသည့် အခြေအနေများတွင် ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားရန် လိုအပ်သည်။
ကိရိယာအကူအညီဖြင့်ကလေးမွေးဖွားရန် မပြုလုပ်သင့်သော အခြေအနေများ
အောက်ပါအခြေအနေများတွင် ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားရန် မပြုလုပ်သင့်ပါ။
- သားအိမ်ခေါင်း အပြည့်မပွင့်သေးသောမိခင်များ သို့မဟုတ် ကလေးမွေးဖွားခြင်း ဒုတိယအဆင့် မရောက်သေးသောမိခင်များ
- မိခင်မွေးလမ်းကြောင်းအတွင်းသို့ ကလေး၏ဦးခေါင်း ကောင်းစွာမဆင်းသေးသော မိခင်များ
- မိခင်၏မွေးလမ်းကြောင်းအတွင်း၌ ကလေးဦးခေါင်းသည် ဦးတိုက်သည့်အနေအထားမမှန်ခြင်း သို့မဟုတ် ကလေးဦးခေါင်းအနေအထားကို စမ်းသပ်ခန့်မှန်း၍ မရသော မိခင်များ
- ကလေးသည် ကိုယ်ဝန်သက် (၃၄)ပတ်အောက် လမစေ့သေးသောကလေးများ (ကိုယ်၀န်သက် (၃၄)ပတ်ကျော်သော ကလေးများကို လိုအပ်လျှင် ညှပ်ဆွဲ၍ မွေးဖွားနိုင်သည်)
- မျိုးရိုးဗီဇကြောင့် မွေးရာပါ သွေးယိုစိမ့်ရောဂါရှိနိုင်ခြေများသော သန္ဓေသားကလေးများ
- မျိုးရိုးဗီဇကြောင့် မွေးရာပါအရိုးဆိုင်ရာ ချို့ယွင်းချက် ရှိနိုင်ခြေများသော သန္ဓေသားကလေးများ
- မွေးလမ်းကြောင်းအတွင်း ကလေး၏ ဦးခေါင်းမဟုတ်သော အစိတ်အပိုင်းဖြင့် ဦးတိုက်နေခြင်း (ခြွင်းချက်အနေဖြင့် ဆုံပိုင်းဖြင့် ဦးတိုက်ထားသောမိခင်များတွင် ကလေး၏တင်ပါးဆုံမွေးဖွားပြီးနောက် ဦးခေါင်းပိုင်းကို ဆက်လက်မွေးဖွားရာတွင် ညှပ်ဆွဲ၍ မွေးဖွားရသည့်အခြေအနေများလည်းရှိနိုင်သည်)
ကြိုတင်သိထားရမည့်အချက်များ
ကိုယ်၀န်စောင့်ရှောက်မှုခံယူစဉ်အချိန်တွင် ရိုးရိုးမွေးဖွားရန် ပြင်ဆင်ထားသောမိခင်များကို လိုအပ်ပါက ကိရိယာအကူအညီဖြင့် မွေးဖွားရခြင်းများရှိလာနိုင်သည်ကို ကြိုတင်အသိပေးထားရန် လိုအပ်သည်။
ပြုလုပ်ပုံအဆင့်ဆင့်
ကိရိယာအကူအညီဖြင့် ကလေးမမွေးဖွားမီ ပြုလုပ်ရမည့်အချက်များ_
- မွေးဖွားစဉ် ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားရန် လိုအပ်လာပါက သက်ဆိုင်ရာဆရာဝန်မှ ထိုသို့မွေးဖွားရန် လိုအပ်လာသည့်အကြောင်းရင်း၊ ကောင်းကျိုးများနှင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို မိခင်အားသဘောပေါက်နားလည်အောင် သေချာစွာရှင်းပြပြီး သဘောတူချက် တောင်းယူရန်လိုအပ်သည်
- မွေးဖွားနေစဉ်နှင့် မွေးဖွားပြီးဖြစ်ပေါ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာပါက ဖြေရှင်းရန်အတွက် ပြင်ဆင်ထားခြင်းများပြုလုပ်ရန် လိုအပ်သည်
- ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်း မအောင်မြင်ပါက အရေးပေါ်ခွဲစိတ်မွေးဖွားရန် အသင့်ပြင်ထားခြင်း၊ မွေးကင်းစကလေးစောင့်ရှောက်ရန် အသင့်ပြင်ဆင်ထားခြင်းများ ပြုလုပ်ထားရမည်
- နှလုံးခုန်နှုန်း ပုံမှန်အောက်ကျနေသော ကလေးများနှင့် နှလုံးခုန်နှုန်း ပုံမမှန်သော ကလေးများကို ကိရိယာအကူအညီဖြင့် မွေးဖွားခြင်းပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် မိခင်ကို အောက်ဆီဂျင်ပေးခြင်း၊ သွေးကြောမှ ဆေးရည်သွင်းပေးခြင်းနှင့် မိခင်ကိုဘေးစောင်းထားခြင်းများ ပြုလုပ်ထားရမည်။
ကိရိယာအကူအညီဖြင့်ကလေးမွေးဖွားပုံအဆင့်များ
- ကိရိယာအကူအညီဖြင့် ကလေးမမွေးဖွားမီ မိခင်ကို သေချာစွာစမ်းသပ်ရသည်။
- မိခင်သည် ဆီးသွားရမည်။ ဆီးမသွားနိုင်ပါက ဆီးပိုက်ဖြင့် ဆီးချူပေးရန် လိုအပ်သည်။
- ထို့နောက် အနာသက်သာစေရန် သင့်တော်သော ထုံဆေးများကို ကြိုတင်ထိုးပေးထားရသည်။
- ကိရိယာအကူအညီဖြင့်ကလေးမွေးဖွားခြင်းတွင် လေစုပ်ခွက် (သို့မဟုတ်) ညှပ်များကို မွေးလမ်းကြောင်း အတွင်း ထည့်သွင်း၍ မွေးဖွားရခြင်းကြောင့် လိုအပ်ပါက မွေးလမ်းကြောင်းချဲ့ခြင်းကို ပြုလုပ်ရသည်။
လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်း
- လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်းတွင် လေစုပ်ခွက်ကို ကလေး၏ဦးခေါင်းပေါ်တွင် မှန်ကန်စွာနေရာချတတ်ရန်၊ မွေးလမ်းကြောင်းအတွင်းသားများ စုပ်ခွက်အတွင်းတွင် ညပ်မိမနေစေရန် သေချာစွာ ဂရုစိုက်ရန်လိုအပ်သည်
- လေစုပ်ခွက်ကို ကလေး၏ဦးခေါင်းခွံပေါ်ရှိ သတ်မှတ်ထားသောနေရာတွင် ကောင်းစွာ ထိကပ်စေပြီးနောက် စက်ဖြင့်ဖြစ်စေ လက်ညှစ်အားဖြင့်ဖြစ်စေ လေဟာနယ်ဖန်တီးရသည်
- မိခင်၏ သားအိမ်ညှစ်အား အမြင့်ဆုံးအချိန်တွင် မွေးဖွားပေးသူ၏ လက်တစ်ဖက်ဖြင့် လေစုပ်ခွက်ကို ကလေးခေါင်းမှ မကွာသွားစေရန် ထိန်း၍ ကျန်လက်တစ်ဖက်ဖြင့် ကလေးခေါင်းကို သင့်တော်သော ဆွဲအားဖြင့် အလိုက်သင့်ဆွဲပြီး ကလေးမွေးဖွားရသည်
- ကလေးခေါင်းတစ်ခုလုံး မွေးဖွားပြီးပါက လေစုပ်ခွက်၏လေဟာနယ်ကို ပြန်လည်လျှော့ချပြီး ကလေး၏ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းကို ဆက်လက်၍ မွေးဖွားပေးရသည်
- ထို့နောက်ချက်ကြိုးကို ဖြတ်၍ ကျန်မွေးဖွားခြင်းအဆင့်များ ဆက်လက်လုပ်ဆောင်ရသည်
- သို့သော် လေစုပ်မွေးဖွားချိန် မိနစ် (၂၀)နှင့် အထက်ကြာလာခြင်း၊ လေစုပ်ခွက်ကောင်းစွာအလုပ် မလုပ်ဘဲ ခဏခဏကွာကျခြင်း၊ ကလေး၏ဦးခေါင်းအရေပြားတွင် ဒဏ်ရာရနိုင်ခြေ များလာခြင်း၊ ဒဏ်ရာရလာခြင်းများရှိပါက လေစုပ်မွေးဖွားခြင်းကို ရပ်တန့်ရမည်ဖြစ်သည်။
ညှပ်ဖြင့်ဆွဲ၍မွေးဖွားခြင်း
- ညှပ်ဖြင့်ဆွဲ၍ ကလေးမွေးဖွားခြင်းတွင် မိခင်တင်ပါးဆုံရိုးအကွေးအတိုင်း ညှပ်ကို ကလေး၏ဦးခေါင်း တစ်ဖက်တစ်ချက်စီတွင် နေရာတကျထည့်ရသည်
- မိခင်၏ သားအိမ်ညှစ်အား အမြင့်ဆုံးအချိန်တွင် ညှပ်ကို အလိုက်သင့်ဆွဲ၍ ကလေး မွေးဖွားရသည်
- ကလေးခေါင်းတစ်ခုလုံးမွေးဖွားပြီးပါက ညှပ်ကို ဖြုတ်ပြီး ကလေး၏ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းကို ဆက်လက်၍ မွေးဖွားပေးရသည်
- ထို့နောက်ချက်ကြိုးကို ဖြတ်၍ ကျန်မွေးဖွားခြင်းအဆင့်များ ဆက်လက်လုပ်ဆောင်ရသည်
- (၃)ခါနှင့်အထက် ညှပ်ဆွဲသော်လည်း ကလေး မမွေးဖွားနိုင်ပါက ညှပ်ဆွဲ၍မွေးဖွားခြင်းကို ရပ်တန့်ရမည်ဖြစ်သည်။
- ကလေးမွေးဖွားပြီးနောက် မိခင်တွင် ကိရိယာအကူအညီဖြင့်မွေးဖွားခြင်းကြောင့် ရနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိမရှိ သေချာစွာစစ်ဆေးပေးရသည်။
- မွေးကင်းစကလေးဆရာဝန်မှလည်း ကလေးကျန်းမာရေးနှင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိမရှိ သေချာစွာ စောင့်ကြည့်စမ်းသပ်ပေးရသည်။
- ကလေးမွေးဖွားပြီးနောက် (၁၀)နာရီကျော်သည်အထိ မိခင်ရောကလေးပါ နောက်ဆက်တွဲဆိုးကျိုးများ မရှိလျှင် အိမ်ပြန်နိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
မိခင်တွင်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- မွေးလမ်းကြောင်း စုတ်ပြဲခြင်း
- စအိုကြွက်သားများ စုတ်ပြဲခြင်း၊ စအိုအဝထိ ထိခိုက် ဒဏ်ရာရခြင်း၊ စုတ်ပြဲခြင်း (ညှပ်ဆွဲ၍ကလေးမွေးခြင်းတွင် ပို၍တွေ့ရနိုင်သည်)
- သွေးသွန်ခြင်း
- ဆီးသွားရခက်ခဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း
- နောင်တွင် သားအိမ်ကျွံကျနိုင်ခြေများခြင်းတို့ ဖြစ်သည်။
ကလေးတွင်ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ
- ဦးခေါင်းခွံ အရေပြားရောင်ရမ်းခြင်း (ရက်အနည်းငယ်အတွင်းတွင် သက်သာပျောက်ကင်းနိုင်သည်)
- ဦးခေါင်းခွံ အရေပြားအောက်တွင် သွေးယိုစိမ့်ခြင်း (ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် သက်သာပျောက်ကင်းနိုင်သည်)
- ဦးခေါင်းတွင် အညိုအမည်းစွဲခြင်း (ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် သက်သာပျောက်ကင်းနိုင်သည်)
- ဦးခွံရိုးအက်ခြင်း (အများစုမှာ သေးငယ်၍ ကြာရှည်ထိခိုက်မှုမရှိဘဲ သဘာဝအတိုင်းပြန်ဆက်သည်)
- ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း (အလွန်အဖြစ်နည်းသော်လည်း သတိထားစောင့်ကြည့်ရန် လိုအပ်သည်)
- မျက်နှာပေါ်ရှိ အာရုံကြောဒဏ်ရာရခြင်း (ညှပ်ဖြင့်ဆွဲ၍ ကလေးမွေးခြင်းကြောင့် အဖြစ်များပြီး ရက်အနည်းငယ်အတွင်းတွင် သက်သာမည်ဖြစ်သည်)
- မွေးကင်းစအသားဝါခြင်းတို့ ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
မိခင်အများစုသည် လွယ်လွယ်ကူကူနှင့် သဘာဝအတိုင်းမွေးဖွားရန် မျှော်လင့်ကြသော်လည်း မွေးဖွားမှု ဖြစ်စဥ်သည် တစ်ခါတစ်ရံ မဖြောင့်ဖြူးတတ်ပါ။ ထိုအခါ မွေးဖွားရန် ဖြစ်နိုင်သောနည်းလမ်းများထဲမှ အကောင်းဆုံး၊ အန္တရာယ်အကင်းဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်းကို ရွေးချယ်ရမည်ဖြစ်သည်။
မည်သည့်နည်းလမ်းဖြင့် မွေးဖွားသည်ဖြစ်စေ လိုအပ်သည်များကို ပြင်ဆင်ထားခြင်း၊ ကြုံလာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို သိရှိထားခြင်းနှင့် ဖြစ်ပေါ်လာပါက ကုသရန်နည်းလမ်းများ အဆင်သင့်ရှိနေခြင်းတို့မှာ လွန်စွာအရေးကြီးသည်။
သို့ဖြစ်၍ ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားဖူးသော မိခင်များသည် နောက်ထပ် ကိုယ်ဝန်ဆောင်သည့်အခါ မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူချိန်တွင် ကိရိယာအကူအညီဖြင့် မွေးဖွားခဲ့ရဖူးခြင်း ရှိမရှိနှင့် ထိုအချိန်၌ နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့ခဲ့ရခြင်းရှိပါကလည်း သေချာစွာပြောပြ၍ ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန် အရေးကြီးသည်။
References:
- Professional, C. C. M. (2024). Forceps Delivery. Cleveland Clinic. Retrieved October 21, 2024, from https://my.clevelandclinic.org/health/treatments/23260-forceps-delivery
- Professional, C. C. M. (2024). Vacuum Extraction Delivery. Cleveland Clinic. Retrieved October 21, 2024, from https://my.clevelandclinic.org/health/treatments/22305-vacuum-extraction-delivery
- Murphy, D., Strachan, B., & Bahl, R. (2020). Assisted Vaginal Birth. BJOG an International Journal of Obstetrics & Gynaecology, 127(9). Retrieved October 21, 2024, from https://doi.org/10.1111/1471-0528.16092
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.