အရိုး၏ကျန်းမာရေး အခြေအနေကို သိရှိနိုင်ရန် အရိုးသိပ်သည်းဆကို တိုင်းတာနိုင်သည်။ အရိုးသိပ်သည်းဆတိုင်းခြင်းသည် သာမန်ဓာတ်မှန်ရိုက်သကဲ့ပင် နာကျင်မှုမရှိဘဲ အဖြေကိုချက်ချင်းသိနိုင်သည်။ ဓာတ်မှန်ပုံရိပ်ကို ဖမ်းယူခြင်းသာမက အရိုး၏ခိုင်မာမှု၊ သတ္တုဓာတ်ဆားများပါဝင်မှု ပမာဏကိုပါ အဖြေထုတ်ပေးနိုင်သည်။ အရိုးသိပ်သည်းဆတိုင်းသည့် ကိရိယာကို DEXA Scan ဟုလည်းခေါ်သည်။
အသက်အရွယ်အလိုက် အရိုးသိပ်သည်းဆပြောင်းလဲနေခြင်းနှင့် အကြောင်းရင်းအမျိုးမျိုး သို့မဟုတ် ရောဂါအခံကြောင့် အရိုးသိပ်သည်းဆ လျော့နည်းပြောင်းလဲခြင်းများသည် အလွယ်တကူ အရိုးကျိုးနိုင်သဖြင့် သိပ်သည်းဆကို စောစီးစွာသိရှိပြီး ကုသမှုပေးနိုင်ရန် DEXA Scan ပြုလုပ်လေ့ရှိသည်။
အရိုးသိပ်သည်းဆတိုင်းတာရန်လိုအပ်သူများ
အရိုးပွခြင်း၊ အရိုးပါးခြင်း ပိုမိုဖြစ်နိုင်ခြေများသူများ၊ အရိုးတည်ဆောက်ပုံကို ထိခိုက်နိုင်သည့် ဆေးဝါး သောက်သုံးနေရသူများ၊ အရိုးရောဂါနှင့် အခြားရောဂါအခံရှိသူ အောက်ပါအခြေအနေများတွင် အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးသင့်သည်။
- အသက် (၆၅) နှစ်နှင့်အထက် အမျိုးသမီးများ
- အသက် (၇၀) နှစ်နှင့်အထက် အမျိုးသားများ
- အရိုးကျိုးဖူးသည့် ရာဇဝင်ရှိသူ အသက် (၅၀) နှစ်အထက်ရှိသူများ
- မိဘ (သို့မဟုတ်) ဘိုးဘွားတွင် အရိုးပွရောဂါရှိသူများ
အရိုးခိုင်မာမှုကို ထိခိုက်စေနိုင်သည့် အောက်ဖော်ပြပါ ရောဂါရှိသူနှင့် ဆေးဝါးများသုံးစွဲနေရသူများတွင်လည်း အရိုးသိပ်သည်းဆကို စစ်ဆေးရန်လိုသည်။
- ဆေးလိပ်သောက်သူများ၊ ဆေးရွက်ကြီးသုံးစွဲသူများ
- အရက် အလွန်အကျွံသောက်သုံးခြင်း
- ဗီတာမင် ဒီ ချို့တဲ့ခြင်း
- စတီးရွိုက်ဆေးများကို တာရှည် သုံးစွဲနေရသူများ
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့်ဆိုင်သောရောဂါရှိသူများ (Autoimmune disorders)
- ကိုယ်ခံအားလျှော့ချသည့်ဆေးများ (Immunosuppressant)၊ ကင်ဆာကုသဆေးများ၊ အတက်ကျဆေးများ၊ သွေးကျဲဆေး (Heparin) အသုံးပြုနေရသူများ
ကြိုတင်ပြင်ဆင်ရမည့်အချက်များ
ယေဘုယျအားဖြင့် အရိုးသိပ်သည်းဆတိုင်းခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများစွာ မလိုအပ်ပါ။ ပုံမှန်အတိုင်း စားသောက်၍ ရသည်။ သောက်နေကျဆေးများကို ဆရာဝန်မှ ရပ်နားထားရန် ညွှန်ကြားခြင်းမရှိလျှင် ဆက်၍သောက်နိုင်သည်။ သို့သော် ကယ်လ်ဆီယမ်သတ္တုဓာတ် ပါဝင်သည့်ဆေးများ၊ အားဆေးများသောက်ခြင်းကို အရိုးသိပ်သည်းဆမတိုင်းတာမီ (၂၄)နာရီ ကြိုတင်၍ ရပ်ထားရမည်ဖြစ်သည်။ စမ်းသပ်မည့်နေ့တွင် သတ္တုကြယ်သီး၊ ဇစ် တို့မပါသည့် ပေါ့ပါးလွတ်လပ်သော အဝတ်အစားကို ဝတ်ဆင်ပါ။ လက်ဝတ်ရတနာများဝတ်ဆင်ခြင်းမပြုရ။
အရိုးသိပ်သည်းဆတိုင်းတာပုံအဆင့်ဆင့်
အရိုးသိပ်သည်းဆတိုင်းသည့် ကိရိယာသည် အားပျော့သည့် ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုသည်။ ရင်ဘတ်ဓာတ်မှန်၊ အရိုးဓာတ်မှန်ကဲ့သို့ ရိုက်ရသည့် ရိုးရိုးဓာတ်မှန်အမျိုးအစားပင်ဖြစ်သည်။ ဆေးရုံတက်ရန် မလိုဘဲ ပြင်ပလူနာအဖြစ်သာ ရိုက်ကူးနိုင်သည်။ အရိုးသိပ်သည်းဆဓာတ်မှန် ရိုက်ချိန်သည် နာရီဝက်ခန့်သာ ကြာနိုင်သည်။
လူနာသည် ဓာတ်မှန်ကုတင်ပေါ်တွင် လဲလျောင်းနေရန်လိုသည်။ ဓာတ်မှန်ကျွမ်းကျင်သူမှ လူနာ၏ ကိုယ်ဟန်အနေအထားကို ပြုပြင်၍ တိုင်းတာမည့် အရိုးနေရာကို ချိန်ပြီး ရိုက်မည်ဖြစ်သည်။ လိုအပ်ပါက လူနာ၏ ကိုယ်ဟန်အနေအထားပြောင်းရန် ဖော့တုံး၊ ခေါင်းအုံးများကို ခုပေးခြင်း ပြုလုပ်ပေးမည်ဖြစ်သည်။ အရိုးသိပ်သည်းဆကို တိုင်းတာနိုင်သည့် နေရာများမှာ ပေါင်ထိပ်အရိုး၊ ကျောရိုး၊ ခြေဖနောင့်ရိုး၊ လက်ကောက်ဝတ်အရိုးနှင့် လက်ချောင်းအရိုးများဖြစ်သည်။
အရိုးသိပ်သည်းဆတိုင်းကိရိယာသည် ရရှိလာသောအရိုးပုံရိပ်များကို အဖြူအမဲပုံရိပ်အဖြစ်လည်းကောင်း၊ သင်္ချာဂရပ်ဖ်အဖြစ်လည်းကောင်း အဖြေထုတ်ပေးမည်ဖြစ်သည်။
အရိုးသိပ်သည်းဆအဖြေ
အရိုးသိပ်သည်းဆတိုင်းရာတွင် T-Score နှင့် Z-Score ဟူ၍ အဖြေနှစ်ခုကို ထုတ်ပေးမည်ဖြစ်သည်။
T-Score ဆိုသည်မှာ စံနှုန်းအဖြစ်သတ်မှတ်ထားသော လူငယ်ပိုင်းတွင် ရှိရမည့် အရိုးသိပ်သည်းဆနှင့် လူနာ၏လက်ရှိ တိုင်းတာ၍ရသော အရိုးသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြသည့် ကိန်းဂဏန်းတစ်ခုဖြစ်သည်။ T-Score သည် (0 မှ -1) အတွင်းရှိလျှင် လူနာ၏အရိုးသိပ်သည်းဆသည် ပုံမှန်ဖြစ်သည်။ T Score သည် (-1 မှ -2.5) ဖြစ်လျှင် အရိုးစတင်ပွသည့်လက္ခဏာ (Osteopenia) ဖြစ်သည်။ T-Score သည် (-2.5) ထက်နည်းနေလျှင် အရိုးပွ၊ အရိုးပါးရောဂါ (Osteoporosis) ဖြစ်နေသည်ဟု သတ်မှတ်နိုင်သည်။ အရိုးပွရောဂါရှိလျှင် အလွယ်တကူ အရိုးကျိုးနိုင်သော အန္တရာယ်ရှိနိုင်သည်။
Z-Score ဆိုသည်မှာ လူနာနှင့် သက်တူ၊ ရွယ်တူ၊ ကျားမတူ၊ လူမျိုးတူ၊ ကိုယ်အလေးချိန်တူသူ တစ်ယောက်တွင် ရှိရမည့် အရိုးသိပ်သည်းဆနှင့် လူနာ၏ လက်ရှိတိုင်းတာ၍ရသော သိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြသည့် ကိန်းဂဏန်းဖြစ်သည်။ Z Score သည် ပျမ်းမျှထက် အလွန်နည်းနေခြင်း၊ အလွန်များနေခြင်း ရှိလျှင် အရိုးနှင့်ပတ်သက်သည့် အခြားစမ်းသပ်မှုများ ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်း ပြသနေသည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
အရိုးသိပ်သည်းဆတိုင်းခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ မရှိပါ။ ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုသော်လည်း အလွန်အားပျော့သည့် ရောင်ခြည်ဖြစ်သောကြောင့် အန္တရာယ်မရှိပါ။ သို့သော် မိမိ၌ ကိုယ်ဝန်ဆောင်ထားလျှင် ဆရာဝန်အား ပြောပြရန်လိုသည်။ ကိုယ်ဝန်ဆောင်မိခင်သည် အားပျော့သည့် ဓာတ်ရောင်ခြည်နှင့်ပင် မသင့်တော်ပေ။
အရိုးသိပ်သည်းဆတိုင်းခြင်း၏ အားနည်းချက်များမှာ
- ပေါင်ထိပ်ရိုးနှင့် ခါးရိုးတွင် တိုင်းတာခြင်းသည် ပို၍တိကျသော အဖြေကို ရနိုင်သော်လည်း ကုန်ကျစရိတ်ပို၍များနိုင်သည်
- ခါးရိုးသိပ်သည်းဆကို တိုင်းတာရာတွင် မွေးရာပါခါးရိုးကွေ့ကောက်သည့်ရောဂါရှိခြင်း၊ ခါးရိုးခွဲစိတ် ကုသခံဖူးခြင်း၊ ခါးဆစ်ကျီးပေါင်းနှင့် ကျောရိုးဆစ်ရောင်ခြင်းများရှိလျှင် တိကျသောအဖြေကို မရနိုင်ပေ
- အရိုးသိပ်သည်းဆနည်းခြင်းကို သိနိုင်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် ဖြစ်ရသည်ကို မသိရှိနိုင်ပေ၊ အခြားစမ်းသပ်ချက်များကို ထပ်မံပြုလုပ်ရန်လိုအပ်နိုင်သည်။
အရိုးသိပ်သည်းဆနည်းခြင်းအား ကုသခြင်း
အသက်အရွယ်ကြီးခြင်း၊ မိသားစုတွင် အရိုးပါး၊ အရိုးပွရောဂါရှိခြင်းရှိလျှင် အရိုးသိပ်သည်းဆ တိုင်းတာရန် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။ အရိုးသိပ်သည်းဆနည်းခြင်းအတွက် ဆရာဝန်မှ အောက်ပါကုသခြင်းများကို ညွှန်ကြားမည်ဖြစ်သည်။
- သိပ်သည်းဆနည်းရခြင်းအကြောင်းရင်းကို သိရှိရန် စမ်းသပ်မှုများ ထပ်မံပြုလုပ်စေခြင်းနှင့် ကုသမှုပေးခြင်း
- အရိုးသန်မာမှုရှိစေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း
- အရိုးကျန်းမာရေးအတွက် ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်အားဆေးများပေးခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးစေခြင်း
- လွယ်ကူစွာ အရိုးကျိုးခြင်းအား ကာကွယ်ရန် အရိုးပွခြင်းတွင် ကုသသည့် ဆေးဝါးများပေးခြင်း
References:
- Bone density test – Mayo Clinic. (n.d.). Retrieved December 9, 2024, from https://www.mayoclinic.org/tests-procedures/bone-density-test/about/pac-20385273
- Professional, C. C. M. (2024). DXA Scan (Bone Density Test). Cleveland Clinic. Retrieved December 9, 2024, from https://my.clevelandclinic.org/health/diagnostics/10683-dexa-dxa-scan-bone-density-test
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.