Hysterectomy (သားအိမ်ထုတ်ခြင်း)

Hysterectomy (သားအိမ်ထုတ်ခြင်း)

သားအိမ်ထုတ်ခြင်းသည် သားအိမ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သဖြင့် နောက်ထပ် ရာသီသွေးဆင်းခြင်းနှင့် ကိုယ်ဝန်ဆောင်ရန် မဖြစ်နိုင်တော့ပါ။ သားအိမ်ကို ခွဲစိတ်ဖယ်ရှားရသည့် အကြောင်းရင်းပေါ်မူတည်ပြီး သားဥပြွန်နှင့် သားဥအိမ်များကိုပါ တစ်ပါတည်းထုတ်ရတတ်သည်။ ဤခွဲစိတ်မှုကို သားအိမ်ကင်ဆာ၊ သားအိမ်အလုံးတည်ခြင်း သို့မဟုတ် ပြင်းထန်သော ရာသီလာချိန် ကိုက်ခဲခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများအတွက် လုပ်ဆောင်လေ့ရှိသည်။

သားအိမ်ထုတ်ခြင်းအမျိုးအစားများ
  1. သားအိမ်တစ်ခုလုံးထုတ်ခြင်း (Total Hysterectomy) _ သားဥအိမ်နှင့် သားဥပြွန်များကို ချန်ထားပြီး သားအိမ်ခေါင်းအပါအဝင် သားအိမ်တစ်ခုလုံးကို ခွဲစိတ်ထုတ်လိုက်ခြင်းဖြစ်သည်။ မီးယပ်သွေးဆုံးသည့် အသက်အရွယ်မရောက်သေးပါက ဓမ္မတာသွေးပေါ်ခြင်း ရပ်သွားမည်ဖြစ်သော်လည်း သားဥအိမ်မှ ဟော်မုန်းများ ဆက်လက်ထုတ်ပေးနေမည်ဖြစ်သဖြင့် အခြားသောမီးယပ်သွေးဆုံးသည့်လက္ခဏာများ မခံစားရနိုင်ပါ။
  2. သားအိမ်ခေါင်းချန်၍ သားအိမ်ထုတ်ခြင်း (Supracervical hysterectomy) _ သားအိမ်ခေါင်းချန်ထားပြီး သားအိမ်အပေါ်ပိုင်းထုတ်ထားခြင်းဖြစ်သည့်အတွက် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်းများ လိုအပ်လျှင် ဆက်လက်ပြုလုပ်ရမည်။
  3. သားအိမ်တစ်ခုလုံးနှင့် သားဥအိမ်၊ သားဥပြွန်များပါထုတ်ခြင်း (Total hysterectomy with bilateral salpingo-oophorectomy) _ မီးယပ်သွေးဆုံးသည့် အသက်အရွယ်မရောက်ဘဲ ဤသို့ ခွဲစိတ်ရလျှင် မီးယပ်သွေးဆုံးခြင်းလက္ခဏာများ စတင်ခံစားရမည်။
  4. သားအိမ်နှင့် ဘေးဘက်ရှိ တစ်ရှူးများ၊ ယောနိလမ်းကြောင်း အပေါ်ပိုင်းနှင့် အနီးဝန်းကျင်ရှိ ပြန်ရည်ကျိတ်များကိုပါ ဖြတ်ထုတ်ခြင်း (Radical hysterectomy) _ သားအိမ်ခေါင်းကင်ဆာအဆင့် (၁)၊ သားအိမ်ခေါင်းမှတစ်ဆင့် မိန်းမကိုယ် အတွင်းနံရံ အပေါ်ပိုင်းထိသာ ပျံ့နှံ့နေသောကင်ဆာအဆင့် (၂)နှင့် သားအိမ်ကင်ဆာအဆင့် (၂) တို့တွင် ဤနည်းဖြင့် ခွဲစိတ်ကုသရသည်။ အသက်အရွယ်နှင့် ကင်ဆာအမျိုးအစားပေါ် မူတည်၍ သားဥအိမ်နှင့်သားဥပြွန်များပါ တစ်ပါတည်းထုတ်ရတတ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

သားအိမ်ထုတ်ခြင်းသည် ပြုလုပ်ရန်လိုအပ်သော အ‌ကြောင်းအရာပေါ်မူတည်၍ ပထမဦးစားပေးရွေးချယ်ရသော ကုသနည်းဖြစ်နိုင်သကဲ့သို့ အခြားသောကုသနည်းများဖြင့် မသက်သာ၍ နောက်ဆုံးကုသနည်း ဖြစ်နိုင်သည်။

  • ကင်ဆာရောဂါ _ သားအိမ်ခေါင်းကင်ဆာအဆင့် (၁)၊ သားအိမ်ခေါင်းမှတစ်ဆင့် မိန်းမကိုယ်အတွင်းနံရံ အပေါ်ပိုင်းထိသာ ပျံ့နှံ့နေသောကင်ဆာအဆင့် (၂) နှင့် သားအိမ်ကင်ဆာအဆင့် (၂) တို့တွင် သားအိမ်ထုတ်ခြင်းသည် အကောင်းဆုံးကုသနည်းဖြစ်သည်၊ မျိုးရိုးကြောင့်သော်လည်းကောင်း၊ ရှိရင်းစွဲရောဂါကြောင့်သော်လည်းကောင်း ကင်ဆာဖြစ်နိုင်ခြေများသော အမျိုးသမီးများတွင် ကာကွယ်ရန် သားအိမ်ထုတ်ကြသည်
  • သားအိမ်အသားလုံးများ (Uterine fibroids) _ သားအိမ်အသားလုံးအများစုသည် ကင်ဆာအလုံးအကျိတ် မဟုတ်သော်လည်း ဓမ္မတာသွေးဆင်းများခြင်းကြောင့် သွေးအားနည်းခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်းနှင့် ဆီးအိမ်ကိုဖိထားခြင်းကြောင့် ဆီးမသွားနိုင်ခြင်းများ ဖြစ်တတ်ပြီး လိုအပ်ပါက သားအိမ်ထုတ်ရသည်
  • သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis) _ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း အလွန်ဆိုးရွားပါက သားအိမ်တစ်ခုလုံးနှင့် သားဥအိမ်၊ သားဥပြွန်များပါထုတ်၍ ကုသရသည်
  • သားအိမ်တွင်း သွေးလုံးတည်ခြင်း (Adenomyosis)နှင့် သားအိမ်နံရံထူခြင်း(Endometrial hyperplasia) _ အခြားသောကုသနည်းများဖြင့် မသက်သာလျှင် သားအိမ်ထုတ်ရနိုင်သည်
  • ဓမ္မတာသွေးဆင်းပုံ မူမမှန်ခြင်း (Irregular, heavy vaginal bleeding) _ ဓမ္မတာများခြင်း၊ ဓမ္မတာရက်ရှည်လာခြင်း၊ မူမမှန် သွေးဆင်းခြင်းများကို ဆေးဖြင့်ကုသခြင်းအပါအဝင် တခြားသောနည်းများဖြင့်ကုသ၍ မသက်သာလျှင် သားအိမ်ထုတ်ရသည်
  • နာတာရှည် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (Chronic pelvic pain) _ နာတာရှည် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်းဖြစ်လျှင် အခြားသော ကုသနည်းများဖြင့် မသက်သာပါက နောက်ဆုံးကုသနည်းအနေဖြင့် သားအိမ်ထုတ်ရနိုင်သည်၊ သားအိမ်ထုတ်လိုက်ခြင်းဖြင့် သားအိမ်နှင့်ပတ်သက်သော နောက်ထပ်ဖြစ်ပေါ် နိုင်သော နာကျင်ခြင်းများကို ကာကွယ်နိုင်သည်
  • သားအိမ်ကျွံကျခြင်း (Uterine prolapse) _ သားအိမ်ကျွံခြင်းနှင့်အတူ သားအိမ်ရှေ့ဘက်ရှိ ဆီးအိမ်ပါ ကျွံကျလာတတ်ခြင်းကြောင့် ဆီးယိုစိမ့်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားပြီးသော်လည်း ဆီးကျန်ခြင်း၊ ဆီးမကုန်သကဲ့သို့ခံစားရခြင်း၊ သားအိမ်အနောက်ဘက်ရှိ အစာဟောင်းအိမ်နှင့် အူများပါ ကျွံကျလာပါက ဝမ်းသွားရခက်ခဲခြင်း သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်းတို့ကို သက်သာစေရန် သားအိမ်ထုတ်ခြင်းအပြင် လျော့ရဲနေသော ကြွက်သားများကို ပြန်လည်တင်းရင်းစေရန် ခွဲစိတ်ပြုပြင်သည်
  • သားအိမ်ကွဲထွက်ခြင်း (Uterine rupture) _ အလွန်အဖြစ်နည်းသော်လည်း ကလေးမွေးဖွားစဥ် သားအိမ်ကွဲထွက်လျှင် သားအိမ်ထုတ်ရနိုင်သည်
ကြိုတင်သိရှိထားရမည့်အချက်များ

သားအိမ်မထုတ်မီ အောက်ပါတို့ကို ကြိုတင်သိရှိထားရမည်။

  • သားအိမ်ထုတ်ခြင်းကြောင့် နောက်ထပ် ဓမ္မတာရာသီသွေးဆင်းခြင်းနှင့် ကိုယ်ဝန်ဆောင်ရန် မဖြစ်နိုင်တော့ပါ
  • အကယ်၍ မီးယပ်သွေးဆုံးသော အသက်အရွယ်မရောက်မီ သားအိမ်နှင့်အတူ သားဥအိမ်များ ထုတ်ရလျှင် မီးယပ်သွေးဆုံးသောလက္ခဏာများ စတင်ခံစားရမည်
  • သားဥအိမ်များချန်ခဲ့သော်လည်း သားအိမ်ထုတ်ခြင်းကြောင့် စောစီးစွာ မီးယပ်သွေးဆုံးခြင်းဖြစ်နိုင်သည်၊ လိုအပ်ပါက ‌ဟော်မုန်းဖြင့် ကုသမှုခံယူရနိုင်သည်
  • သားအိမ်ထုတ်ခြင်းကြောင့် လိင်ဆက်ဆံခြင်းကို မထိခိုက်ပါ၊ သားအိမ်ကြောင့်ဖြစ်သော နာတာရှည် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း သို့မဟုတ် ဓမ္မတာများခြင်းကြောင့် သားအိမ်ထုတ်ရလျှင် သားအိမ်ထုတ်ပြီးနောက် ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်သည်ဘဝကို ပြန်လည်ရရှိမည်ဖြစ်သည်
  • ခံစားရသောလက္ခဏာများ သိသိသာသာ သက်သာသွားသည့်အတွက် နေ့စဥ်လူမှုဘဝ လုပ်ငန်းဆောင်တာများနှင့် အရည်အသွေးတိုးတက်လာမည်
  • တစ်ခါတစ်ရံ သားအိမ်ထုတ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိပြီး နေ့စဥ်လူမှုဘဝ ပျော်ရွှင်မှုမရတော့ဘဲ ဝမ်းနည်းခြင်း၊ စိတ်သောကရောက်ခြင်းများခံစားရပါက ကျန်းမာရေးစောင့်ရှောက်ပေးသော မိမိ၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်
  • သားအိမ်ထုတ်သည့်အခါ ခွဲစိတ်သည့်နည်းလမ်းနှင့် မိမိ၏အလုပ်ပေါ်မူတည်၍ (၂)ပတ် မှ (၆)ပတ် အတွင်း လုပ်ငန်းခွင်ပြန်ဝင်နိုင်သည်
သားအိမ်ထုတ်ပုံအဆင့်ဆင့်
  • သားအိမ်ထုတ်ရန် လိုအပ်သော ရောဂါရှိသူများကို သားဖွားမီးယပ်အထူးကုဆရာဝန်မှ သားအိမ်ထုတ်ရသော အကြောင်းရင်း၊ သားအိမ်ထုတ်ခြင်း နည်းလမ်းများ၊ အသုံးပြုမည့် မေ့ဆေးနှင့် ထုံဆေးများ၊ ဆေးရုံတက်နေရမည့်ရက်၊ ခွဲစိတ်နေစဥ်နှင့် ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ၊ ခွဲစိတ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သေချာစွာ ရှင်းပြမည်၊ ဆေးလိပ်သောက်လျှင် ဆေးလိပ်ဖြတ်ရမည်၊ သွေးကျဲဆေးသောက်နေပါက မခွဲစိတ်မီ (၇)ရက် ကြိုဖြတ်ရမည်၊ ရှိရင်းစွဲရောဂါများရှိလျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ခွဲစိတ်မှုအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားရမည်
  • မခွဲစိတ်မီ ခံစားရသောလက္ခဏာပေါ်မူတည်၍ အောက်ပါစစ်ဆေးချက်များကို လိုအပ်သလို ပြုလုပ်ရမည်။
    • သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း
    • သားအိမ်အတွင်းနံရံ အသားစစစ်ဆေးခြင်း
    • တင်ပါးဆုံရိုးကွင်းအတွင်း အာထရာဆောင်းရိုက်ခြင်း
    • တင်ပါးဆုံရိုးကွင်းအတွင်း သံလိုက်ဓာတ်မှန်ရိုက်ခြင်း
    • ဝမ်းဗိုက်နှင့် တင်ပါးဆုံရိုးကွင်းအတွင်း ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
    • သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ECG စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
  • ခွဲစိတ်မည့်နေ့ရက်မတိုင်မီ သို့မဟုတ် ခွဲမည့်ရက်မနက်တွင် ပိုးဝင်ခြင်းအန္တရာယ်ကို လျှော့ချရန် ဆပ်ပြာနှင့် ရေချိုးပါ၊ ကျန်းမာရေးစောင့်ရှောက်သူများမှလည်း မိမိ၏ ယောနိလမ်းကြောင်းကို သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် အစာ‌ဟောင်းအိမ်ရှင်းလင်းရန် ဝမ်းချူပေးခြင်း ပြုလုပ်မည်၊ လိုအပ်သောပိုးသတ်ဆေးများ ထိုးပေးမည်
  • ခွဲစိတ်ရန် မေ့ဆေး၊ ထုံဆေးပေးပြီးနောက် ခွဲစိတ်သည့်အခါ ဆီးအိမ်ထဲ ဆီးလက်ကျန်မရှိစေရန် ဆီးပိုက်ထည့်မည်၊ ဆီးပိုက်ကို ခွဲစိတ်ပြီး နာရီအနည်းငယ်ကြာသည်အထိ ဆက်လက်ထားရှိမည်
  • ထို့နောက် မိမိ၏ဝမ်းဗိုက်နှင့် ယောနိလမ်းကြောင်းကို ပိုးသတ်ဆေးရည်ဖြင့် သေချာစွာဆေးကြောပြီး သားအိမ်ထုတ်ရန် ခွဲစိတ်မှုစတင်မည်
သားအိမ်ထုတ်ခြင်း နည်းလမ်းများ

သားအိမ်ကို ခွဲစိတ်ထုတ်နိုင်သော နည်းလမ်းအမျိုးမျိုးရှိသည်။

  1. ယောနိလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်း (Vaginal hysterectomy)– ဝမ်းဗိုက်တွင် ခွဲကြောင်းရာမရှိဘဲ ယောနိလမ်းကြောင်းမှ သားအိမ်ကို ခွဲစိတ်ထုတ်ခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်အနည်းဆုံးဖြစ်ပြီး မြန်မြန်နာလန်ထနိုင်သည်။ ခွဲစိတ်ပြီးနောက် (၄) ပတ်အတွင်း လုပ်ငန်းခွင် ပြန်ဝင်နိုင်သည်။
  2. ယောနိလမ်းကြောင်းမှ မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်း (Vaginal laparoscopic hysterectomy)– ယောနိလမ်းကြောင်း ခွဲကြောင်းရာမှ မှန်ပြောင်းထည့်၍ တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများကို မြင်ကွင်းရှင်းလင်းစွာဖြင့် သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်။ ဝမ်းဗိုက်တွင် ခွဲကြောင်းရာမရှိပါ။ ခွဲစိတ်ခြင်းကြောင့် ခံစားရသောနာကျင်မှုနည်းပြီး နာလန်ထချိန်ပိုမြန်သည်။
  3. ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်၍ သားအိမ်ထုတ်ခြင်း (Abdominal laparoscopic hysterectomy)– ချက်နှင့် ဝမ်းဗိုက်တွင် ခွဲကြောင်းရာအသေးများပေး၍ မှန်ပြောင်းနှင့် တခြားသောခွဲစိတ်ကိရိယာများထည့်ပြီး မြင်ကွင်းရှင်းလင်းစွာဖြင့် သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်။ ခွဲစိတ်ဖြတ်ထားသောသားအိမ်ကို ယောနိလမ်းကြောင်းမှ ထုတ်သည်။ ဝမ်းဗိုက်တွင်ခွဲကြောင်းရာပေး၍ သားအိမ်ထုတ်ခြင်းထက် နာလန်ထချိန်မြန်၍ အနာသက်သာသည်။
  4. ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်၍ စက်ရုပ်အကူအညီဖြင့် သားအိမ်ထုတ်ခြင်း (Robotic-assisted laparoscopic hysterectomy)– ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်၍ သားအိမ်ထုတ်ခြင်းနှင့်ခွဲစိတ်ပုံ၊ အကျိုးရလဒ်တူညီသည်။ ခွဲစိတ်ဆရာဝန်သည် စက်ရုပ်၏ လက်များကို ထိန်း၍ ခွဲစိတ်ကိရိယာများဖြင့် သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်။
  5. ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေး၍ သားအိမ်ထုတ်ခြင်း (Abdominal hysterectomy)– ဝမ်းဗိုက်အောက်ပိုင်း ဆီးခုံအထက်တွင် အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ (၆-၈) လက်မခန့် ခွဲကြောင်းရာပေး၍ သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်။ ကင်ဆာကြောင့်ခွဲစိတ်ရခြင်း၊ အလွန်ကြီးသောသားအိမ်ကို ခွဲစိတ်ထုတ်ခြင်းတို့တွင် ဤနည်းကို အသုံးပြုသည်။ ဆေးရုံတွင် (၂)ရက် မှ (၃)ရက် ထိနေရပြီး နာလန်ထချိန်ကြာသည်။

ခွဲစိတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်သူများမှ

  • နာကျင်ခြင်း သက်သာစေရန် ဆေးများပေးခြင်း
  • ခွဲစိတ်ပြီးနောက်နေ့တွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်၊ ‌ရေသောက်ရန်၊ အစာစားရန် တိုက်တွန်းအားပေးခြင်း
  • နောက်ဆက်တွဲဆိုးကျိုးများကို သေချာစွာစောင့်ကြည့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။

သားအိမ်ထုတ်သည့် နည်းလမ်းပေါ်မူတည်၍ ဆေးရုံတွင် (၁)ရက် မှ (၃)ရက် ထိနေရနိုင်သည်။ မမျှော်လင့်ဘဲ နောက်ဆက်တွဲဆိုးကျိုးများရှိပါက ထို့ထက်ပို၍ နေရနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

ယေဘုယျအားဖြင့် သားအိမ်ထုတ်ခြင်းသည် အန္တရာယ်ကင်းသောခွဲစိတ်မှုဖြစ်သော်လည်း ခွဲစိတ်မှုတိုင်းတွင် မမျှော်မှန်းထားသော အောက်ပါအန္တရာယ်များလည်း ရှိတတ်သည်။

  • ပိုးဝင်ခြင်း
  • ခွဲစိတ်နေစဥ် သွေးထွက်များခြင်း၊ ဆီးပြွန်၊ ဆီးအိမ်၊ အစာဟောင်းအိမ်နှင့် အခြားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများ ထိခိုက်မိခြင်းနှင့် ထိုသို့ထိခိုက်မှုများအတွက် ခွဲစိတ်မှုပိုလုပ်ရခြင်း၊ ခွဲစိတ်ချိန်ပိုကြာခြင်း
  • ခွဲစိတ်ပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဆီးသွားရခက်ခြင်း၊ ဝမ်းသွားရခက်ခြင်း
  • ခွဲစိတ်ဒဏ်ရာ နာကျင်ခြင်း
  • သားဥအိမ်များကိုပါ ထုတ်ခဲ့လျှင် မီးယပ်သွေးဆုံးသော လက္ခဏာများ စောစီးစွာခံစားရခြင်း (ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်ပူခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ပြီး လိင်ဆက်ဆံမှုပြုသည့်အခါ အဆင်မပြေဖြစ်ခြင်း၊ လိင်စိတ်နည်းလာခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း)
  • သွေးပြန်ကြောတွင်းသွေးခဲခြင်း
  • မေ့ဆေး၊ ထုံဆေးကြောင့်ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ
လိုက်နာဆောင်ရွက်ရမည့်အချက်များ

ခွဲစိတ်ပြီးနောက်

  • လုံလောက်စွာအနားယူပါ
  • ပုံမှန်လှုပ်ရှားမှုများ လုပ်ဆောင်ပါ
  • ခွဲစိတ်ပြီး (၆)ပတ် ကြာသည်ထိ အလေးအပင်မခြင်း၊ အမျိုးသားနှင့် လိင်ဆက်ဆံခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ရေကူးခြင်း ရှောင်ကြဥ်ပါ
  • သားဖွားမီးယပ်အထူးကုဆရာဝန်၏ ညွှန်ကြားအကြံပေးချက်များကို လိုက်နာပါ

အောက်ပါလက္ခဏာများခံစားရလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသပါ

  • ယောနိလမ်းကြောင်းမှ သွေးရဲရဲများဆင်းခြင်း
  • အဖျား (၁၀၀) ဒီဂရီဖာရင်ဟိုက် ထက်ကျော်လွန်ခြင်း
  • အလွန်အမင်း ပျို့အန်ခြင်း
  • ဆီးသွားရခက်ခဲခြင်း၊ ဆီးမကြာခဏသွားခြင်း
  • ခွဲကြောင်းရာတစ်လျှောက် နီရဲရောင်ရမ်းခြင်း၊ အရည်များထွက်ခြင်း
  • နာကျင်ခြင်းသက်သာလာရမည့်အစား ပို၍ဆိုးရွားစွာနာကျင်ခံစားရခြင်း

အကယ်၍ သားအိမ်ခေါင်းချန်ပြီး သားအိမ်အပေါ်ပိုင်းသာ ထုတ်ထားလျှင် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်းကို ပုံမှန်ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

References:

  1. Abdominal hysterectomy – Mayo Clinic. (n.d.). Retrieved January 22, 2025, from https://www.mayoclinic.org/tests-procedures/abdominal-hysterectomy/about/pac-20384559
  2. Vaginal hysterectomy – Mayo Clinic. (n.d.). Retrieved January 22, 2025, from https://www.mayoclinic.org/tests-procedures/vaginal-hysterectomy/about/pac-20384541

Published Date: 11 February 2025

Share

11 February 2025
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.