Pelvic Examination (တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း)

Pelvic Examination (တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း)

တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းကို မျိုးဆက်ပွါးကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာတွင် လုပ်ဆောင်သည်။ အမျိုးသမီးတိုင်း စမ်းသပ်စစ်ဆေးရန် အမြဲမလိုအပ်သော်လည်း မိန်းမကိုယ်မှ အဖြူ သို့မဟုတ် သွေးဆင်းခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်မှုခံစားရခြင်းများကဲ့သို့သော အခြေအနေများတွင်မူ စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။ ထိုသို့စမ်းသပ်စစ်ဆေးမှုသည် မိနစ်အနည်းငယ်သာကြာပြီး မိန်းမကိုယ်အဝ၊ မိန်းမကိုယ် သို့မဟုတ် ယောနိလမ်းကြောင်း၊ သားအိမ်ခေါင်း၊ သားအိမ်၊ သားဥအိမ်၊ အစာဟောင်းအိမ်နှင့် တင်ပါးဆုံရိုးကွင်းပြောင်းလဲမှုများကို သိရှိနိုင်သည်။ တစ်ချိန်တည်းမှာပင် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပါပြုလုပ်နိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

တင်ပါးဆုံရိုးကွင်းစစ်ဆေးမှုသည် မျိုးဆက်ပွါးနှင့် လိင်ကျန်းမာရေးအတွက် အရေးကြီးပြီး အောက်ပါအခြေအနေများတွင် ပြုလုပ်နိုင်သည်။

  1. ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ
    သားဥအိမ်အရည်အိတ်တည်ခြင်း၊ သားအိမ်အသားလုံးများ၊ လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများ (STIs) နှင့် မျိုးဆက်ပွါးအင်္ဂါများတွင် ကင်ဆာရောဂါအစောပိုင်းအဆင့်များ စသည်တို့ကို ရှာဖွေဖော်ထုတ်နိုင်သည်။ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးမှု (Pap test) ပုံမှန်အဖြေမထွက်သူများအတွက်လည်း တင်ပါးဆုံရိုးကွင်း စစ်ဆေးမှုဆက်လက်ပြုလုပ်ရသည်။
  2. ရောဂါလက္ခဏာများ၏ အကြောင်းရင်းများ
    • တင်ပါးဆုံရိုးကွင်းနာကျင်ခြင်း
    • ဓမ္မတာသွေးဆင်းမမှန်ခြင်း
    • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သောအရည်ဆင်းခြင်း
    • မိန်းမကိုယ်အဝ အရေပြားအရောင်ပြောင်းလဲခြင်း
    • လိင်ဆက်ဆံချိန်နာကျင်ခြင်း
    • ဆီးနှင့်ပတ်သက်သော လက္ခဏာများ စသည်တို့တွင် တင်ပါးဆုံရိုးကွင်းစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ဖြစ်ရသောအကြောင်းရင်းကို သိနိုင်သည်။
  3. ကိုယ်ဝန်နှင့် မျိုးဆက်ပွါးကျန်းမာရေး ရာဇဝင်
    မျိုးဆက်ပွါးကျန်းမာရေးအခြေအနေကို အကျိုးသက်ရောက်စေသော နောက်ကြောင်းရာဇဝင်ရှိပါက ပထမအကြိမ် ကိုယ်ဝန်အပ်ချိန်တွင် တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းကို ပြုလုပ်သည်။ လိင်မှတစ်ဆင့်ကူးစက်သော ကြွက်နို့ရောဂါဗိုင်းရပ်စ် (HPV) ရောဂါပိုး ရာဇဝင်ရှိသူများတွင်လည်း တင်ပါးဆုံရိုးကွင်းစစ်ဆေးမှုလိုအပ်သည်။
  4. မိသားစုရာဇဝင်
    မိသားစုရာဇဝင်တွင် သားဥအိမ်နှင့် သားအိမ်ခေါင်းကင်ဆာရှိသူများအတွက် လိုအပ်သည်။
  5. ကုသမှုများအတွက် ပြန်လည်စစ်ဆေးမှမှု
    သားအိမ်အတွင်း ထည့်ထားသော သားဆက်ခြားပစ္စည်းစစ်ဆေးခြင်းအတွက်လည်း တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းပြုလုပ်သည်။
ကြိုတင်သိထားရမည့်အချက်များ
  • တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းအတွက် အထူးပြင်ဆင်ထားရန်မလိုအပ်ပါ၊ ဆရာဝန်စမ်းသပ်ခန်းအတွင်း ပြုလုပ်နိုင်သည်
  • ရာသီသွေးပေါ်နေသည့်ရက် မဖြစ်ရပါ၊ သို့သော် ဓမ္မတာသွေးဆင်းပုံ မူမမှန်ခြင်းကြောင့် ဖြစ်ရသော အကြောင်းရှာဖွေခြင်းအတွက်မူ ရာသီသွေးပေါ်နေချိန်တွင်လည်း စမ်းသပ်မှုစစ်ဆေးခြင်း ပြုလုပ်နိုင်သည်
  • စမ်းသပ်စစ်ဆေးမှုမပြုလုပ်မီ ဆီးသွားထားရပါမည်၊ အတွင်းခံဝတ်ဆင်ထားခြင်း မပြုရပါ
  • စမ်းသပ်စစ်ဆေးမှုပြုလုပ်ရာတွင် လုံခြုံမှုရှိပြီး စမ်းသပ်မည့်ဆရာဝန်အပြင် သူနာပြုဆရာမ (သို့မဟုတ်) လက်ထောက်ဆရာဝန် တစ်ယောက်ထားရှိမည်၊ လိုအပ်လျှင် မိမိ၏အဖော်၊ သူငယ်ချင်း (သို့မဟုတ်) ဆွေမျိုး တစ်‌ယောက်အနားတွင်ရှိစေရန် တောင်းဆိုနိုင်သည်
  • သားဖွားမီးယပ်အထူးကုဆရာဝန်မှ စစ်ဆေးမည့် အဆင့်တိုင်းကို မပြုလုပ်မီ ကြိုတင်သိရှိအောင် ရှင်းပြပြောဆိုခြင်းဖြင့် စမ်းသပ်ခံသူမှ တစ်ဆင့်ချင်း နားလည်ပြီး စိတ်သက်တောင့်သက်သာရှိမည် ဖြစ်သည်
  • စမ်းသပ်နေစဥ် ကသိကအောက်ဖြစ်နိုင်သော်လည်း နာကျင်မှုမရှိအောင် ညင်သာစွာစမ်းသပ်သည်၊ မိမိဘက်ကလည်း စိတ်နှင့် ခန္ဓာကိုယ် ဖြေလျှော့ထားရန်လိုသည်
  • အကယ်၍ နာကျင်မှုဖြစ်လျှင် ချက်ချင်းပြောနိုင်ပြီး စမ်းသပ်မှုကို ရပ်နိုင်သည်
  • စမ်းသပ်မှုသည် မိနစ်အနည်းငယ် (ခန့်မှန်းခြေ ၁၀ မိနစ်ခန့်) သာကြာသည်
စမ်းသပ်ပုံအဆင့်ဆင့်

သားဖွားမီးယပ်အထူးကုဆရာဝန်မှ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်မှုလိုအပ်သော အကြောင်းရင်းရှိလာလျှင် စမ်းသပ်ပုံ စမ်းသပ်နည်းများကို အသေးစိတ်နားလည်အောင် ရှင်းပြမည်။ စမ်းသပ်ရန် သဘောတူညီမှုရပါက လိုအပ်လျှင် စမ်းသပ်မည့်ဝတ်စုံ ပြောင်းဝတ်ပေးရသည်။ ဆီးသွားပြီးလျှင် စမ်းသပ်မည့် ကုတင်ပေါ်သို့လှဲ၍ စမ်းသပ်ရာတွင် အဆင်ပြေစေမည့် ပုံစံသို့ပြောပြမည်။ ခါးအထက်ပိုင်းကို အဝတ်တစ်ခုဖြင့် ကာပေးထားပြီး တင်ပါးသည် စမ်းသပ်ကုတင်အစွန်းနှင့် တစ်ပြေးညီ ဖြစ်အောင်ရွှေ့၍ ခြေသလုံးကို stirrups ဟုခေါ်သော ခြေသလုံးတင်သောပုံစံခွက်တွင်း ထည့်ရသည်။ ထို့နောက် သားဖွားမီးယပ်အထူးကုဆရာဝန်မှ လက်အိတ်ဝတ်ပြီး အောက်ပါအတိုင်းစမ်းသပ်စစ်ဆေးမှု ပြုလုပ်သည်။

အမြင်ဖြင့် ကြည့်ရှုစစ်ဆေးခြင်း

မိန်းမကိုယ်အဝတွင် အရေပြားအရောင်ပြောင်းလဲခြင်း၊ ရောင်ခြင်း၊ အရည်ကြည်ဖုများ၊ အနာများရှိခြင်း အစရှိသည့် ပုံမှန်မဟုတ်သော လက္ခဏာများ ရှိမရှိ ကြည့်သည်။ ထို့နောက် မိန်းမကိုယ်နှုတ်ခမ်းသားနှစ်ဖက်ကို ဟ၍ ချောင်းဆိုးခိုင်းပြီး ဆီးထွက်ကျခြင်း၊ သားအိမ်ကျွံကျခြင်း၊ ဆီးအိမ်ကျွံကျခြင်း၊ ဝမ်းအိမ်ကျွံကျခြင်း ရှိမရှိ စစ်ဆေးသည်။

မိန်းမကိုယ်အတွင်းစစ်ဆေးခြင်း

မိန်းမကိုယ်နှုတ်ခမ်းသားနှစ်ဖက်ကို ဟ၍ ပိုးသန့်ထားသော၊ ပလတ်စတစ်၊ စတီးလ် (သို့မဟုတ်) သတ္တုဖြင့်ပြုလုပ်ထားသော ဘဲနှုတ်သီးကိရိယာကိုထည့်ပြီး မိန်းမကိုယ်အတွင်းနံရံနှင့် သားအိမ်ခေါင်းကို ကြည့်ရှုစစ်ဆေးသည်။ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးရန် အမွှေးနုနုပါသော အတံ (သို့မဟုတ်) သစ်သားတံဖြင့် သားအိမ်ခေါင်းရှိ ဆဲလ်များပါအောင် အချွဲမြှေးကို ယူသည်။ ဘဲနှုတ်သီးကိရိယာသည် အေးမနေဘဲ ခမ်းနွေးနွေးဖြစ်နေပါက အထည့်ခံရသည့်အခါ သက်သောင့်သက်သာဖြစ်စေသည်။ ဘဲနှုတ်သီးကိရိယာကို ဖြည်းညင်းစွာဟရန်လိုအပ်ပြီး စမ်းသပ်ခံသူသည် စိတ်နှင့် ခန္ဓာကိုယ်ကို လျှော့ထားရမည်ဖြစ်သည်။

တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများကို စမ်းသပ်ခြင်း

သားအိမ်နှင့် သားဥအိမ်အပါအဝင် တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများကို ဆက်လက်စမ်းသပ် စစ်ဆေးရန် သားဖွားမီးယပ်အထူးကုဆရာဝန်မှ လက်ညှိုးတစ်ချောင်း သို့မဟုတ် လက်ညှိုးနှင့်လက်ခလယ်ကို ချောဆီလိမ်း၍ မိန်းမကိုယ်ထဲသို့ ညင်သာစွာထည့်စမ်းမည်၊ တစ်ချိန်တည်းမှာပင် ကျန်လက်တစ်ဖက်ကို ဆီးခုံအထက် ဝမ်းဗိုက်ပေါ်တင်ထားမည်။ ထိုသို့လက်နှစ်ဖက်တစ်ပြိုင်တည်း စမ်းသပ်ခြင်းဖြင့် သားအိမ်နှင့် သားဥအိမ်များ၏ အရွယ်အစား၊ ပုံစံ၊ အစိုင်အခဲ (သို့မဟုတ်) အရည်အိတ် စသည်တို့ကို သိရှိနိုင်မည်။ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်မှုရှိသောနေရာများ၊ ပုံမှန်မဟုတ်သော အလုံးအကျိတ်များကိုလည်း တွေ့ရှိနိုင်သည်။

စအိုဝမှတစ်ဆင့် စစ်ဆေးခြင်း

ထို့နောက် မိန်းမကိုယ်အတွင်းစမ်းသပ်ထားသော လက်အိတ်ဝတ်ထားသောလက်ကိုထုတ်၍ စအိုဝမှတစ်ဆင့် အစာဟောင်းအိမ်ထဲထည့်ပြီး နာကျင်မှုရှိခြင်း၊ အသားပို အကျိတ်များရှိခြင်း သို့မဟုတ် အခြားသောပုံမှန်မဟုတ်သော လက္ခဏာများ ရှိမရှိကို စမ်းသပ်စစ်ဆေးမည်။ သားဖွားမီးယပ်အထူးကုဆရာဝန်မှ စစ်ဆေးမည့် အဆင့်တိုင်းကို မပြုလုပ်မီ ကြိုတင်သိရှိအောင် ရှင်းပြပြောဆိုခြင်းဖြင့် စမ်းသပ်ခံသူမှ တစ်ဆင့်ချင်း နားလည်ပြီး စိတ်သက်သောင့်သက်သာ ရှိမည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးခြင်းပြီးစီးပါက စမ်းသပ်ဝတ်စုံကို ပြန်လည်လဲလှယ်မည်။ သားဖွားမီးယပ်အထူးကုဆရာဝန်မှ စမ်းသပ်တွေ့ရှိချက်များကို ပြန်လည်ရှင်းလင်းပြောပြမည်။ မရှင်းလင်းပါက ပြန်လည်မေးမြန်းဆွေးနွေးနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်းသည် တင်ပါးဆုံရိုးကွင်းအတွင်းရှိအင်္ဂါများနှင့် ဆိုင်သောရောဂါများကို ရှာဖွေရာတွင် အလွန်အထောက်အကူ ဖြစ်သော စမ်းသပ်စစ်ဆေးချက်ဖြစ်ပြီး အန္တရာယ်ကင်း၍ နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမားမရှိပါ။ ဖြစ်နိုင်သောဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • စမ်းသပ်စစ်ဆေးခြင်းပြုလုပ်ပြီးနောက် နာရီပိုင်းအတွင်း သွေးအနည်းငယ်ဆင်းနိုင်သည်၊
  • သားအိမ်ခေါင်းကင်ဆာရှိသူများကို စမ်းသပ်စစ်ဆေးရလျှင် သွေးပိုဆင်းနိုင်၍ စမ်းသပ်ပြီးပါက ပတ်တီးစကို နာရီအနည်းငယ် မိန်းမကိုယ်ထဲ၌ ထည့်ထားပေးရတတ်သည်
  • တင်ပါးဆုံရိုးကွင်းအတွင်း သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ်အောင့်နိုင်သည်၊ အလွန်အမင်းမခံမရပ်နိုင်အောင် အောင့်လျှင် မိမိ၏ဆရာဝန်ကို ဆက်သွယ်ပါ။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • မိမိ၏ကျန်းမာရေးအတွက် အရေးကြီးသောစမ်းသပ်စစ်ဆေးချက်ဖြစ်သောကြောင့် စိတ်လှုပ်ရှားမှုနည်းအောင်၊ ကြောက်ရွံ့မှုနည်းအောင် လုပ်ဆောင်ပါ၊ အသက်ကို ဖြည်းဖြည်းနှင့် ရှိုက်ရှူခြင်း၊ ပခုံး၊ ဝမ်းဗိုက်၊ ခြေထောက်ကြွက်သားများ ဖြေလျော့ခြင်းဖြင့် စိတ်လှုပ်ရှားမှုကို သက်သာအောင်ပြုလုပ်နိုင်သည်
  • စမ်းသပ်စစ်ဆေးခြင်းအတွက် စိုးရိမ်ပူပန်မှုများရှိလျှင်၊ လိင်ဆက်ဆံမှုနှင့်ပတ်သက်၍ ဆိုးရွားသောအတွေ့အကြုံများ ခံစားခဲ့ရဖူးခြင်းရှိလျှင် မိမိ၏ဆရာဝန်ကို စမ်းသပ်စစ်ဆေးခြင်း မပြုလုပ်မီ ပြောပြ၍ နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းဖြင့် စိတ်သက်သာရာ ရစေပါမည်
  • အကြောင်းတစ်ခုခုကြောင့် စမ်းသပ်စစ်ဆေးမှု ဆက်လက်မပြုလုပ်လိုလျှင် ရပ်ရန်ပြောနိုင်သည်
  • စမ်းသပ်စစ်ဆေးမှု မပြုလုပ်မီ (၂၄) နာရီအတွင်း လိင်ဆက်ဆံခြင်း၊ မိန်းမကိုယ်အတွင်းသို့ လိမ်းဆေး၊ tampon များ ထည့်ခြင်းရှောင်ကြဥ်ပါ။

References:

  1. Pelvic exam – Mayo Clinic. (n.d.). Retrieved January 25, 2025, from https://www.mayoclinic.org/tests-procedures/pelvic-exam/about/pac-20385135
  2. Professional, C. C. M. (2025). Pelvic exam. Cleveland Clinic. Retrieved January 25, 2025, from https://my.clevelandclinic.org/health/diagnostics/17343-pelvic-exam

Published Date: 25 February 2025

Share

25 February 2025
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.